ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်မြို့အပါအဝင် ထိုင်းမြောက်ပိုင်းခရိုင် လေးခုကို လေထုညစ်ညမ်းမှု ထိန်းချုပ်ရေးဇုန်အဖြစ် သတ်မှတ်လိုက်ကြောင်း ထိုင်းသတင်းဌာနတွင် ဖော်ပြသည်။
လေထုညစ်ညမ်းမှုကို လျှော့ချနိုင်ရေး ရည်ရွယ်ချက်ဖြင့် ဘန်ကောက်၊ ချင်းမိုင်၊ ချင်းရိုင်၊ လမ်ဖွန်နှင့် မယ်ဟောင်ဆောင်ခရိုင်များကို လေထုညစ်ညမ်းမှု ထိန်းချုပ်ရေးဇုန်များဖြစ် သတ်မှတ်ကြောင်း စက်တင်ဘာလ ၁၆ ရက်နေ့က ထိုင်းဘုရင် တော်ဝင်ပြန်တမ်းက ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။
အထူးသဖြင့် လေထုအရည်အသွေးကို ခြေခံရာစစ်ဆေးနိုင်ရန်နှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှု အခြေအနေကို စစ်ဆေးနိုင်ရန် ရည်ရွယ်ကြောင်း ဖော်ပြထားသည်။
ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်မြို့သည် နှစ်စဉ် နိုဝင်ဘာလမှ မတ်လအထိ လေထုညစ်ညမ်းမှုဒဏ်ကို ဆက်တိုက် ခံနေရပြီး လေထုအရည်အသွေး စံချိန်များနှင့် ကိုက်ညီမှု မရှိခဲ့သည်ကို နှစ်စဉ်စစ်ဆေးတွေ့ရှိခဲ့သည်။
လေထု ညစ်ညမ်းမှုကြောင့် ပြည်သူလူထု၏ ကျန်းမာရေး အန္တရာယ်များလည်း ဆက်တိုက် ထိခိုက်ခဲ့သလို ရေရှည် ပတ်ဝန်းကျင် ပျက်စီးမှုကိုလည်း ဖြစ်စေခဲ့သဖြင့် လေထုညစ်ညမ်းမှု ထိန်းချုပ်ရေးဇုန်အဖြစ် သတ်မှတ်ရခြင်းဖြစ်ကြောင်း သတင်းတွင်ဖော်ပြထားသည်။
ထို့ကြောင့် စက်တင်ဘာလအတွင်း ပြုလုပ်ခဲ့သော အစည်းအဝေးအရ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဘုတ်အဖွဲ့သည် ဘန်ကောက်မြို့ကို နှစ်စဉ် နိုဝင်ဘာလကနေ မတ်လအထိ လေထုညစ်ညမ်းမှု ထိန်းချုပ်ရေးဇုန်အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။
ဘန်ကောက်မြို့နည်းတူ လေထုညစ်ညမ်းမှုဒဏ်ကို ခံရလေ့ရှိသော ချင်းမိုင်၊ ချင်းရိုင်၊ လမ်ဖွန်နှင့် မယ်ဟောင်ဆောင် ခရိုင်များကိုလည်း နှစ်စဉ် ဖေဖော်ဝါရီလမှ မေလအထိ လေထုညစ်ညမ်းမှု ထိန်းချုပ်ရေးဇုန်အဖြစ် သတ်မှတ်လိုက်ခြင်းဖြစ်သည်။
လေထုညစ်ညမ်းမှု လျှော့ချရေး မည်သို့လုပ်ဆောင်မည်ဆိုသည့် အသေးစိတ်အခြေအနေကိုမူ မသိရသေးပေ။
Ref: The Nation Thailand