စစ်အာဏာရှင်တပ်က ယနေ့စက်တင်ဘာလ ၁၇ ရက်တွင် ထားဝယ်ခရိုင်ရှိ ကျေးရွာ ၁၀ ရွာကျော်ကို လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သက်ဆိုင်ရာဒေသခံတို့ထံမှ သိရသည်။
အရှေ့တောဒေသက ပကာရီ၊ ပခပ်၊ ရေဝိုင်းရွာများကို ယနေ့ (စက်တင်ဘာ ၁၇) နေ့လယ် ၁၁ နာရီခန့်တွင် ဗုံးသုံးလုံးကြဲချ တိုက်ခိုက်သည်ဟု ကနဦးကြားသိရသည်။
ယင်းနောက်နေ့လယ် ၁၂ နာရီခန့်တွင် သရက်ချောင်းမြို့နယ် ကင်းရှေ့ရွာကို ဗုံးနှစ်လုံး၊ ဥတ္တူရွာကို ဗုံးသုံးလုံးကြဲချတိုက်ခိုက်ခဲ့ကြောင်း၊ သရက်ချောင်းမြို့နယ် စော်ဖျားရွာနှင့် မဲနယ်အိုးရွာကိုလည်း ဗုံးကြဲခဲ့ကြောင်း ဒေသခံများကဆိုသည်။
တစ်ချိန်တည်းတွင်ပင် လောင်းလုံးမြို့နယ်ရှိ ဝေဒီ၊ ကြက်ယက်တွင်း၊ သပြေရှောင်၊ ကျောက်ပုံ စသည့် ကျေးရွာတို့ကိုလည်း ဗုံးကြဲတိုက်ခိုက်ခဲ့သေးကြောင်း ဒေသခံတို့က ပြောသည်။
Dawei Watch က ကနဦးမေးမြန်းရသမျှ စုစုပေါင်း ကျေးရွာ ၁၁ ရွာအား စစ်အာဏာရှင်တပ်က ဆက်တိုက်ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ထားဝယ်အရှေ့တော့ ပကာရီရွာတွင်မူ ကျားခုန်အိုင်ဘုန်းကြီးကျောင်း ထိမှန်သွားကြောင်း ကနဦးသိရပြီး အသေးစိတ်အခြေအနေများ မသိရသေးကြောင်း ပကာရီရွာက အမျိုးသားတစ်ဦးက ပြောသည်။
သရက်ချောင်းမြို့နယ် ကင်းရှေ့ရွာ စာသင်ကျောင်းထဲကို ဗုံးတစ်လုံးကျရောက်ပေါက်ကွဲသဖြင့် စာသင်ကျောင်းထိခိုက်ပျက်စီးပြီး ကျန်တစ်လုံးမှာ ပေါက်ကွဲခြင်းမရှိသေးဟု ကင်းရှေ့ရွာက အမျိုးသားတစ်ဦးက ပြောသည်။
ဥတ္တူရွာဘုန်းကြီးကျောင်းအနီး တစ်လုံးကျရောက်ပေါက်ကွဲပြီး စာသင်ကျောင်းနှင့် ရွာတောင်ပိုင်းတွင် တစ်လုံးစီ ကျရောက်ပေါက်ကွဲသည်ဟု ဥတ္တူရွာက အမျိုးသားတစ်ဦးက ပြောသည်။
“လူထိခိုက်မှုတော့မကြားရသေးဘူး၊ မဲနယ်အိုးနဲ့ ကင်းရှေ့၊ စော်ဖျားဘက်မှာလည်း ကြဲသွားတယ်တဲ့၊ အခုမဲနယ်အိုးကလူတွေလည်း အားလုံးပဲထွက်ပြေးကြကုန်ပြီ” ဟု အထက်ပါ အမျိုးသားက ဆိုသည်။
လောင်းလုံးမြို့နယ်ဖက်တွင်မူ ဒေသခံနှစ်ဦး သေဆုံးပြီး နှစ်ဦးဒဏ်ရာရထားကြောင်း ထိခိုက်မှုရှိသည့် ကျေးရွာမှ ဒေသခံတို့က ပြောသည်။
လာမည့်ရက်ပိုင်းအတွင်း ထားဝယ်မြို့ မြို့တော်ခန်းမဖွင့်ပွဲသို့ စစ်အာဏာရှင်တပ်အကြီးအကဲတစ်ချို့ လာရောက်ရန်ရှိသဖြင့် အမြို့အနီးအနားဝန်းကျင်ကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတို့အကြား ပြောဆိုနေကြသည်။
စစ်အာဏာရှင်တပ်အကြီးအကဲ လာမည့်အကြောင်း အတည်မပြုနိုင်သော်လည်း ထားဝယ်မြို့ပေါ်တွင်မူ တံတားနှင့် လမ်းဘေးပလက်ဖောင်းများကို ဆေးချယ်အလှဆင်နေပြီး အခြေခံကျောင်းသားများကိုလည်း ကြိုဆိုဧည့်ခံရန် ပြင်ဆင်နေမှုများရှိကြောင်း မြို့ခံအချို့က ပြောသည်။
စစ်အာဏာရှင်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ထားဝယ်ခရိုင်ရှိ ကျေးရွာများအား Y 12 အမျိုးအစားလေယာဉ်ဖြင့် နေရာအနှံ့ဗုံးကြဲနေခြင်းဖြစ်ကြောင်းလည်း ဒေသခံတို့က ပြောဆိုသည်။







