ကော့သောင်း-ရန်ကုန် လေယာဉ်လက်မှတ်တစ်စောင်လျှင် ကျပ်နှစ်သိန်းနီးပါး ခုန်တက်သွားကြောင်း ခရီးသွားအချို့နှင့် လေယာဉ်လက်မှတ် အရောင်းဌာနအချို့ထံမှ သိရသည်။
ကော့သောင်းမှ ရန်ကုန်သို့ ကုန်းလမ်းမှသွားရာတွင် အသုံးပြုနေသည့် အမှတ် ၈ ပြည်ထောင်စုလမ်းပိုင်းတွင် စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးတပ်တို့ စစ်ရေးတင်းမာနေပြီး မကြာခဏတိုက်ပွဲဖြစ်ပွားနေသည့်အတွက် လမ်းပိတ်ဆို့မှုများကြောင့် ခရီးသည်အချို့က လေကြောင်းကို ပိုမိုအသုံးပြုသွားလာနေကြရသည်။
ထိုကြောင့် လေယာဉ်လက်မှတ်ဈေးလည်း မြင့်တက်လာပြီး စက်တင်ဘာလ ဒုတိယအပတ်မှစကာ ခရီးသည်တစ်ဦးလျှင် ကျပ်ငါးသိန်းခွဲဝန်းကျင်မှ ခုနစ်သိန်းခွဲဝန်းကျင်အထိ မြင့်တက်သွားကြောင်း တနင်္သာရီတိုင်းအတွင်းရှိ လေယာဉ်လက်မှတ်အရောင်းဌာန ဝန်ထမ်းတစ်ဦးက ဆိုသည်။
“ကားလမ်းတွေဆက်တိုက် ရက်ရှည်ပိတ်တော့ လက်မှတ်ဈေးနူန်းတွေကလည်း တက်လာတယ်။ ထပ်တက်ဖို့ရှိမရှိတော့ မသိဘူး” ဟု ၎င်းက ပြောသည်။
ကော့သောင်း-ရန်ကုန်လမ်းရှိ မြိတ်-ကော့သောင်းလမ်းပိုင်းတစ်လျှောက်တွင် စစ်အာဏာရှင်တပ် စစ်ဆေးရေးဂိတ်များကလည်း ယခင်ထက် အစစ်အဆေးပိုမိုတင်းကျပ်လာပြီး ဂိတ်ကြေးလည်းပိုမိုပေးဆောင်နေရကြောင်း ရန်ကုန်သို့ ခရီးသွားလေ့ရှိသည့် ကော့သောင်းမြို့ခံတစ်ဦးက ဆိုသည်။
“ကော့သောင်းကနေ မြိတ်ကိုတက်တဲ့ လမ်းတစ်လျှောက်မှာလည်း ဂိတ်ကြေးတွေ ပေးရတယ်။ ဒါကြောင့်လည်း လေယာဉ်လက်မှတ်ကိုဈေးပိုပေးပြီး လေကြောင်းကခရီးသွားတဲ့သူ ပိုများလာတာပေါ့” ဟုအထက်ပါမြို့ခံက ပြောသည်။
ပြီးခဲ့သည့်လက ကော့သောင်းမှ ရန်ကုန်သို့ခရီးသွားရာတွင် မြိတ်မှ ပုလောကို ရေကြောင်းကတစ်ဆင့်သွားကာ ပုလောရောက်မှ ကားလမ်းခရီးဖြင့် ရန်ကုန်သို့ ဆက်သွားရကြောင်း ခရီးသွားအချို့က ဆိုသည်။
ထိုနောက် ဩဂုတ်လနှောင်းပိုင်းတွင် ရန်ကုန်-ထားဝယ်လမ်းရှိ မလွှဲတောင် – ကလိန်အောင်လမ်းပိုင်းတွင် တိုက်ပွဲပြင်းထန်ခဲ့ပြီး ရက်ရှည်လမ်းပိတ်ဆို့ရာက လေကြောင်းဖြင့် ခရီးသွားလာသူပိုများလာကြောင်း ခရီးသွားအချို့နှင့် လေယာဉ်လက်မှတ် အရောင်းဌာနအချို့ထံမှ သိရသည်။
လက်ရှိတွင် ကော့သောင်း-ရန်ကုန်ခရီးစဉ်အတွက် ခရီးသည်တစ်ဦးလျှင် ကျပ်ခုနစ်သိန်းခွဲဝန်းကျင်၊ ကော့သောင်း-မြိတ်အတွက် တစ်ဦးလျှင်ကျပ်လေးသိန်းဝန်းကျင် ဈေးပေါက်နေကြောင်း လေယာဉ်လက်မှတ် အရောင်းဌာနအချို့ထံမှ သိရသည်။






