BREAKING
October 19, 2025

သမ္မတသက်တမ်း အကြိမ်ရေအကန့်အသတ်မရှိ တာဝန်ယူနိုင်သည့် ခြေဥကို ချဒ် (Chad) လွှတ်တော် အတည်ပြု

September 17, 2025

ပုံစာ - ချဒ်သမ္မတ Mahamat Idriss Deby အား ၂၀၂၄ ခုနှစ် အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - REUTERS/Benoit Tessier

ဗဟိုအာဖရိကနိုင်ငံတစ်ခုဖြစ်သည့် ချဒ် (Chad) သမ္မတနိုင်ငံတွင် သမ္မတသက်တမ်းကို ၅ နှစ်မှ ၇ နှစ်အထိ တိုးမြှင့်ပြီး သမ္မတသက်တမ်း အကြိမ်ရေအကန့်အသတ်မရှိ တာဝန်ယူနိုင်မည့် အခြေခံဥပဒေသစ်ကို အမျိုးသားညီလာခံက စက်တင်ဘာလ ၁၅ ရက်တွင် အတည်ပြုလိုက်သည်။

အခြေခံဥပဒေသစ်ကို တနင်္လာနေ့တွင် အမျိုးသားညီလာခံက အတည်ပြုပြီးနောက် လာမည့် အောက်တိုဘာလ ၁၃ ရက်တွင် ဆီးနိတ်လွှတ်တော်တွင် မဲခွဲဆုံးဖြတ်အတည်ပြုသွားမည် ဖြစ်သည်။

ယင်းနောက် သမ္မတ Mahamat Idriss Deby က အဆိုပါ အခြေခံဥပဒေ အသက်ဝင်လာစေရေး သမ္မတလက်မှတ်ရေးထိုးသွားမည် ဖြစ်သည်။

အခြေခံဥပဒေသစ်ကို ဆီးနိတ်လွှတ်တော်တွင် အတည်ပြုသွားရန် သေချာသလောက်ရှိနေကြောင်း Institute for Security Studies မှ အကြီးတန်းသုတေသီတစ်ဦးဖြစ်သူ Remadji Hoinathy က ပြောသည်။

အဆိုပါ အခြေခံဥပဒေသစ်မှာ အာဏာကို မြဲမြဲဆုပ်ကိုင်နိုင်ရန် အာဏာရအီလစ်များ၏ ခြေလှမ်းသစ်တစ်ခု ဖြစ်ကြောင်း ၎င်းက ဆိုသည်။

လက်ရှိသမ္မတ Mahamat Idriss Deby သည် ၎င်း၏ ဖခင်ဖြစ်သူ သက်တမ်းရှည် အာဏာရယူထားသည့် သမ္မတ Idriss Deby ကွယ်လွန်ပြီးနောက်တွင် အာဏာရလာသူ ဖြစ်သည်။

သမ္မတ Idriss Deby သည် ၂၀၂၁ ခုနှစ်တွင် နိုင်ငံ့မြောက်ပိုင်းရှိ စစ်သွေးကြွများကို တိုက်ခိုက်နေသည့် အစိုးရတပ်များထံ သွားရောက်လည်ပတ်စဉ် အသတ်ခံခဲ့ရသည်။

ယင်းနောက် စစ်အုပ်ချုပ်ရေးဖြင့် ၃ နှစ်တာ အုပ်ချုပ်ခဲ့ပြီး ၂၀၂၄ ခုနှစ် မေလတွင် ရွေးကောက်ပွဲ ပြုလုပ်ခဲ့သည်။

အဆိုပါ အငြင်းပွားဖွယ်ရာ ရွေးကောက်ပွဲတွင် လက်ရှိသမ္မတက ၎င်းအနိုင်ရကြောင်း ကြေညာခဲ့သည်။

ထိုအချိန်က ဝန်ကြီးချုပ်တာဝန်ယူထားသည့် အတိုက်အခံခေါင်းဆောင် Succes Masra ကလည်း အဆိုပါ ရွေးကောက်ပွဲတွင် ၎င်းအနိုင်ရကြောင်း ကြေညာခဲ့သည်။

Succes Masra သည် လက်ရှိတွင် အကြမ်းဖက်ရန် လှုံ့ဆော်မှုဖြင့် ထောင်ဒဏ် အနှစ် ၂၀ ကျခံနေရသည်။

မကြာသေးခင်နှစ်များအတွင်း စစ်အာဏာသိမ်းမှုများ အများအပြား ဖြစ်ပွားခဲ့သည့် အနောက်အာဖရိကနှင့် ဗဟိုအာဖရိကမှ နိုင်ငံများထဲတွင် ချဒ်နိုင်ငံသည် ရွေးကောက်ပွဲ အစောဆုံး ကျင်းပသည့် နိုင်ငံဖြစ်သည်။

Source: Reuters