လောင်းလုံးမြို့ဘက်သို့ စစ်အာဏာရှင်တပ်က အင်အားဖြည့်တင်းလာသဖြင့် စစ်ရေးတင်မားလာမည်ကို စိုးရိမ်ကြောင်း ဒေသခံများက ပြောသည်။
စက်တင်ဘာလ ၁၆ ရက် ညက စစ်အာဏာရှင်တပ်သည် ထားဝယ်မြို့ဘက်မှ လောင်းလုံးမြို့ဘက်သို့ အင်အား ၁၅၀ ခန့်ဖြင့် အင်အားဖြည့်တင်းရန် ရောက်ရှိလာကြောင်း ဒေသခံအချို့က ဆိုသည်။
ထိုသို့ ညပိုင်း စစ်ကြောင်းဆင်းလာချိန် လမ်းပိုင်းတစ်နေရာဖြစ်သည့် မင်းရပ်ကျေးရွာတွင် အင်းအား ၅၀ ခန့် ချန်ထားခဲ့ပြီး ကျန်စစ်ကြောင်းမှာ ညတွင်းချင်း လောင်းလုံးမြို့ဘက်သို့ ဆင်းသွားကြောင်း ၎င်းတို့က ပြောဆိုသည်။
ယနေ့ စက်တင်ဘာလ ၁၇ ရက် အာရုဏ်တက်ချိန်တွင်မူ မင်းရပ်ကျေးရွာတွင်ကျန်ခဲ့သည့် စစ်ကြောင်းလည်း လောင်းလုံးမြို့ဘက်သို့ ထွက်ခွာသွားကြောင်း ဆိုသည်။
အဆိုပါ စစ်အာဏာရှင်တပ်စစ်ကြောင်းသည် ယနေ့ စက်တင်ဘာလ ၁၇ရက် နံနက် ၉ နာရီကျော်အထိ လောင်းလုံးမြို့ပေါ်သို့ ရောက်ရှိလာခြင်းမရှိသေးဘဲ ပန်းတလဲ၊ ရွာဟောင်းဝ ကျေးရွာအနီးတွင် ရှိနေကြောင်း ဒေသခံအချို့ထံမှ သိရသည်။
ထိုသို့ အင်အားဖြည့်တင်းလာသဖြင့် ယနေ့ နံနက်ပိုင်း ထားဝယ်မြို့သို့ သွားမည့် ခရီးသည်များ ဆက်မသွားရဲကြတော့ဘဲ ဖြစ်နေကြသည့်အပြင် အနီးနားရှိ ဒေသခံများမှာလည်း စစ်ရေးတင်းမာလာမည်ကို စိုးရိမ်နေကြောင်း ဒေသခံများက ပြောဆိုသည်။
စက်တင်ဘာလ ၁၆ ရက် ညကလည်း ရွာဟောင်းဝ၊ ပန်းတလဲ ကျေးရွာအနီးဝန်းကျင်မှ သေနတ်ပစ်ခတ်သံများ ကြားရကြောင်း ဒေသခံအချို့ကပြောဆိုပြကြီး အသေးစိတ်သိရှိရရန် Dawei Watch က စုံစမ်းနေဆဲဖြစ်သည်။
“ရွာဟောင်းဝဘက်မှာ ပစ်တာတွေရှိတော့ စစ်ကြောင်းက အထက်ကို (ထားဝယ်ဘက်ကို) ပဲ ပြန်တက်မလား၊ အောက်ကို (လောင်းလုံးမြို့ဘက်ကို) ပဲဆင်းမလား မသိတော့ အားလုံးက စိုးရိမ်နေကြတာပေါ့” ဟု လောင်းလုံးမြို့အနီးရှိ ဒေသခံတစ်ဦးက ပြောသည်။
ထိုကဲ့သို့ စစ်ကြောင်းထိုးလာသဖြင့် ထားဝယ်မြို့သို့ အတက်အဆင်းပြုလုပ်မည့် ခရီးသည်ကားမှာလည်း ယနေ့ နံနက်ပိုင်းတွင် ဖြတ်သန်းသွားလာခြင်း မရှိတော့ကြောင်း ဒေသခံအချို့က ဆိုသည်။
စစ်အာဏာရှင်တပ်၏ လေယာဉ်တစ်စင်းလည်း လောင်းလုံးမြို့အနီးဝန်းကျင် ကျေးရွာများပေါ် ပျံသန်းနေကြောင်း ဒေသခံအချို့က ပြောဆိုကြသည်။
စက်တင်ဘာလ ၁၄ ရက်က လောင်းလုံးမြို့ပေါ် လဝကရုံးရှေ့တွင် တပ်စွဲထားသော စစ်အာဏာရှင်တပ်ပစ်ခတ်ခံရပြီး နောက်တစ်ရက်တွင် မြို့နှင့်ကပ်လျက်ရှိ သဗျာရွာသို့ စစ်အာဏာရှင်တပ် ဝင်ရောက်မွှေနှောက်ပြီး ဒေသခံလေးဦးကို ဖမ်းဆီးသွားခဲ့သည်။
ယင်းနောက် ယနေ့တွင် စစ်အာဏာရှင်တပ်က လောင်းလုံးမြို့ဘက်သို့ အင်အားဖြည့်တင်းရန် စစ်ကြောင်းထိုးလာခဲ့သည်။







