BREAKING
November 1, 2025

အုပ်စုအဖွင့်ပွဲမှာ မြန်မာအသင်းက အနိုင်ယူခဲ့တဲ့ ဩစတြေးလျ ယူ-၂၃ အသင်းနဲ့ ဖိုင်နယ်မှာထပ်တွေ့

August 17, 2025

ဗီယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတဲ့ အာဆီယံအမျိုးသမီးချန်ပီယံရှစ်ရဲ့ ဒုတိယဆီမီးဖိုင်နယ်ပွဲစဉ်မှာ ဩစတြေးလျ ယူ-၂၃ အမျိုးသမီးအသင်းက အိမ်ရှင် ဗီယက်နမ်ကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။

ဒါကြောင့် ဖိုင်နယ်မှာ အုပ်စုတွင်းပြိုင်ဘက်တွေဖြစ်ခဲ့တဲ့ မြန်မာနဲ့ ဩစတြေးလျ ယူ-၂၃ အသင်းတို့ ပြန်ဆုံကြတော့မှာပါ။

မြန်မာအမျိုးသမီးအသင်းဟာ ဩစတြေးလျ ယူ-၂၃ အမျိုးသမီးအသင်းကို အုပ်စုအဖွင့်ပွဲ ယှဉ်ပြိုင်ကစားတုန်းက ၂ ဂိုး ၁ ဂိုးနဲ့ နိုင်ထားပါတယ်။

ဩစတြေးလျ ယူ-၂၃ အမျိုးသမီးအသင်းဟာ အိမ်ရှင် ဗီယက်နမ်ကို ပထမပိုင်း ပွဲကစားချိန် ၄၅ မိနစ်ပြီးဆုံးချိန်ကတည်းက ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရနေခဲ့တာပါ။

အသင်းက အဲ့ဒီလို အရေးနိမ့်နေပေမယ့် ဗီယက်နမ်ပရိသတ်တွေ၊ ပြိုင်ပွဲကို တက်ရောက်ကြည့်ရှုအားပေးကြတဲ့ ဗီယက်နမ်နိုင်ငံ အကြီးအကဲတွေက လုံးဝကို စိတ်ပျက်မသွားဘဲ အသင်းသားတွေ စိတ်ဓာတ်ရေးရာတက်ကြွလာအောင် ပိုတိုးလို့ အားပေးခဲ့တဲ့မြင်ကွင်းက တကယ့်ကို အတုယူစရာပါပဲ။

ဗီယက်နမ်အမျိုးသမီးအသင်းဟာ ပွဲကစားချိန် ၈၈ မိနစ်ကိုရောက်မှ ချေပဂိုးတစ်ဂိုး ပြန်သွင်းနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ နာကျင်အချိန်ပိုနဲ့ ပေါင်းလိုက်ရင် လက်ကျန် ၇ မိနစ်လောက် ကျန်နေသေးတာကြောင့် အဲ့ဒီ ၇ မိနစ်ကို တခဲနက် အားပေးပြီး ဗီယက်နမ်ပရိသတ်တွေဟာ အသင်းကို အားတက်စေခဲ့ပါတယ်။

ပွဲပြီးဆုံးသွားချိန်မှာလည်း ဗီယက်နမ်နိုင်ငံ အကြီးအကဲတွေက ဘောလုံးကွင်းထဲ ဝင်ရောက်ကာ အသင်းတာဝန်ရှိသူတွေနဲ့ ကစားသမားတွေကို အားပေးစကားပြောကြားခဲ့ပြီး ပရိသတ်တွေကို အနိုင်ရ အောင်ပွဲခံခွင့်ရသူတွေပမာ လက်ခုပ်တီး လက်ပြနှုတ်ဆက်စေခဲ့တဲ့မြင်ကွင်းကလည်း ကြည်နူးစရာကောင်းလှပါတယ်။

တတိယနေရာလုပွဲနဲ့ ဖိုင်နယ်ပွဲကိုတော့ ဩဂုတ်လ ၁၉ ရက်နေ့မှာ ကျင်းပမှာပါ။ တတိယနေရာလုပွဲအဖြစ် ထိုင်းနဲ့ ဗီယက်နမ်တို့ ကစားရမှာဖြစ်ပါတယ်။

အိမ်ရှင် ဗီယက်နမ်ဟာ အုပ်စုပွဲမှာတုန်းက နာမည်ကြီး ထိုင်းကို တစ်ဂိုး ဂိုးမရှိနဲ့ အနိုင်ရထားပါတယ်။ တတိယနေရာလုပွဲပြီးရင်တော့ ဖိုင်နယ်ပွဲ ကစားရမှာပါ။ ဖိုင်နယ်ပွဲမှာတော့ မြန်မာနဲ့ ဩစတြေးလျ ယူ-၂၃ အသင်းတို့ ဆုံတွေ့သွားခဲ့ပြီဖြစ်ပါတယ်။