ရေဖြူမြို့နယ်၊ မလွှဲတောင်-ကလိန်အောင်လမ်းပိုင်းတွင် စစ်အာဏာရှင်တပ်နှင့် မွန်၊ ကရင်၊ ထားဝယ် တော်လှန်ရေး အင်အားစုများကြား ယခုသြဂုတ်လတွင် စစ်ရေးပိုမိုတင်းမာလာကြောင်း တော်လှန်ရေးအင်အားစုများထံမှ သိရသည်။
ပြီးခဲ့သည့် ဇူလိုင်လကစ၍ နှစ်ဖက်ထိတွေ့ပစ်ခတ်မှုများ စတင်ဖြစ်ပွားခဲ့ပြီး ယခုသြဂုတ်လအတွင်း မလွှဲတောင်လမ်းပိုင်းရှိ ကော့လှိုင်ရွာအနီးတွင် ထိတွေ့တိုက်ပွဲ ငါးကြိမ်ဖြစ်ပွားခဲ့ကြောင်း တော်လှန်ရေးအင်အားစုများထံမှ သိရသည်။
ယင်းတိုက်ပွဲများတွင် စစ်အာဏာရှင်တပ်ဘက်က အရာရှိအဆင့်များအပါအဝင် ထိခိုက်သေဆုံးသူများပြားပြီး တော်လှန်ရေး တပ်များဘက်ကလည်း ၁၀ ဦးခန့် ထိခိုက်ဒဏ်ရာရကာ အရပ်သားထိခိုက်မှုလည်းရှိကြောင်း တော်လှန်ရေးတပ်များ၏ တိုက်ပွဲမှတ်တမ်းများတွင် ဖော်ပြသည်။
စစ်အာဏာရှင်တပ်သည် နတ်အိမ်တောင်နှင့် မလွှဲတောင်ဘက်သို့ ဦးတည်ပြီး စစ်ကြောင်း လေးကြောင်းခွဲကာ စစ်ကြောင်းထိုးနေကြောင်း တော်လှန်ရေးအင်အားစုများက ဆိုသည်။
နတ်အိမ်တောင်ဘက်သွားသည့် စစ်ကြောင်းများကို တော်လှန်ရေးတပ်များက ပိတ်ဆို့ထားကြောင်း မွန်၊ ကရင်၊ ထားဝယ် တော်လှန်ရေးအင်အားစုတွင်ပါဝင်သည့် ဒေါနတပ်ရင်း ၃ ထံမှသိရသည်။
တော်လှန်ရေးအင်အားစုများရှိနေသည့်နေရာသို့ မလွှဲတောင်ဘက်သို့ တက်လာသည့် စစ်ကြောင်းနှင့်မူ တော်လှန်ရေးတပ်များအကြား ထိတွေ့တိုက်ပွဲများဖြစ်နေကြောင်း ဒေါနတပ်ရင်း ၃ ပြန်ကြားရေးတာဝန်ရှိသူက ပြောသည် ။
“နတ်အိမ်တောင်ဘက်ကို (စစ်အာဏာရှင်တပ်) တက်မလို့ ဝိုင်းပိတ်ဆို့ထားတော့ တော်လှန်ရေးတပ်တွေ ရှိတဲ့ဘက်ကို စစ်ကြောင်းထိုးလာတာ၊ တခြားတစ်ဖက်က စစ်ကြောင်းတွေကိုတော့ တခြားတပ်တွေ ပိတ်ထားတယ်။ လက်ရှိတော့ ထိတွေ့မှု မဖြစ်သေးဘူး။ လက်ရှိတော့ နှစ်ဖက်စလုံးငြိမ်နေတယ်။ သူတို့ဘက်ကလည်း သည်းသည်းမဲမဲ ကြိုးစားနေတာပဲ။ လက်ရှိတော့ တိုးမပေါက်သေးဘူး” ဟု ၎င်းက ဆိုသည်။
ယင်းသို့ စစ်ရေးတင်မားနေသည့်အပြင် စစ်အာဏာရှင်တပ်ဘက်ကလည်း ကျေးရွာများအတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်နေသဖြင့် ကော့လှိုင်၊ မိုင် ၆၀နှင့် မရမ်းချောင်း စသည့်ရွာများက ရွာသားများ နေ့ရပ်စွန့်ခွာတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောဆိုသည်။

“အဓိကကတော့ ကော့လှိုင်နဲ့ မရမ်းချောင်းပေါ့။ မရမ်းချောင်းကတော့ မနေရဲတော့ဘူးလေ။ တိုက်ပွဲဖြစ်တဲ့နေရာကို လက်နက်ကြီး မပစ်ဘဲ ရွာထဲကိုပဲ ပစ်နေတော့ ဘယ်နေရဲမလဲ” ဟု မရမ်းချောင်းရွာသားတစ်ဦးက ပြောသည်။
နီးစပ်ရာ ဆွေမျိုးသားချင်းများထံ တိမ်းရှောင်သူများရှိသလို တိမ်းရှောင်ရန်နေရာ အခက်အခဲရှိသူလည်း ဦးရေ နှစ်ရာခန့် ရှိကြောင်း စစ်ဘေးရှောင်များအား ကူညီပေးနေသူတစ်ဦးက ပြောဆိုသည်။
“နတ်ကြီးစင်ဘက်က အရင်ကတည်းက စစ်ရှောင်နေရသူ ၁၂၀ ဝန်းကျင်ရှိတယ်။ အခုကတော့ မရမ်းချောင်းဘက်က ထပ်တိုးလာတာအပါအဝင် ၃၀၀ ဝန်းကျင်ရှိတယ်။ လိုအပ်ချက်က ရိက္ခာနဲ့ အမိုးအကာပေါ့။ ဆန်ကတော့ အတန်အသင့် ဖူလုံအောင် စီစဉ်ပေးထားတာ ရှိတယ်” ဟု ၎င်းက ပြောသည်။
စစ်အာဏာရှင်တပ်ဘက်ကလည်း စစ်ကြောင်း ပြန်မဆုတ်သွားဘဲ ဆက်ရှိနေ၍ စစ်ရေးအခြေအနေသည် ပိုမိုပြင်းထန် လာနိုင်သဖြင့် လမ်းပိုင်းအသုံးပြုသည့် ခရီးသွားများအနေဖြင့် လမ်းပိုင်းရှိ တော်လှန်ရေးတပ်များ၏ သတိပေးညွှန်ကြားချက် များကို လိုက်နာပေးကြရန် တော်လှန်ရေးအင်အားစုများက တိုက်တွန်းထားသည်။







