BREAKING
October 19, 2025

စစ်ကော်မရှင် ရွေးကောက်ပွဲ ပြည်သူတွေ ဘာပြောနေလဲ

August 17, 2025

အာဏာသိမ်းစစ်တပ်က အခုနှစ် (၂၀၂၅)အကုန်မှာ ရွေးကောက်ပွဲကျင်းပဖို့ ပြင်နေပါတယ်။ ရွေးကောက်ပွဲကို တော်လှန်ရေးဒေသတွေမှာပါ ကျင်းပမယ်ဆိုပြီးလည်း ပြောဆိုနေပါတယ်။

လက်ရှိအချိန်(သြဂုတ်လ ၈ ရက်နေ့)အထိ မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီ ၆၀ ရှိပြီး နိုင်ငံအဆင့်ဝင်ပြိုင်မယ့် ပါတီ ၉ ခု၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်အဆင့်ဝင်ပြိုင်မယ့် ပါတီက ၄၈ ပါတီရှိနေတယ်လို့ ကနဦးထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။

တနင်္သာရီတိုင်းမှာလည်း စစ်ကော်မရှင်ရဲ့ တိုင်းရွေးကော်က တစ်တိုင်းလုံးအတိုင်းအတာနဲ့ ရွေးကောက်ပွဲကျင်းပဖို့ ပြင်နေတယ်လို့ဖြေဆိုထားပါတယ်။ ဒါပေမဲ့ ဒေသအားလုံးမှာ ကျင်းပနိုင်ဖို့ရှိမရှိကိုတော့ မသိသေးဘူးလို့ဆိုပါတယ်။

တနင်္သာရီတိုင်းမှာ ဘယ်ပါတီတွေဝင်ပြိုင်မယ်။ ပါတီဘယ်နှစ်ခုဝင်ပြိုင်မယ် စတဲ့အချက်အလက်တွေတော့ မသိရသေးပါဘူး။

ဒါပေမဲ့ စစ်ကော်မရှင်ကတော့ ရွေးကောက်ပွဲကို မဖြစ်ဖြစ်တဲ့နည်းနဲ့ ကျင်းပဖို့ စိုင်းပြင်းနေပါပြီ။ ပြည်သူတွေကိုလည်း ရွေးကောက်ပွဲကျင်းပတာကို နှောက်ယှက်ရင် အရေးယူမယ်ဆိုပြီး ခြိမ်းခြောက်တဲ့ ဥပဒေတွေ ပြဌာန်းနေပါတယ်။

တော်လှန်ရေး အဖွဲ့တွေကလည်း စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲ မအောင်မြင်ဖို့ လုပ်ဆောင်မယ်လို့ ပြောဆိုထားပါတယ်။

ဒီရွေးကောက်ပွဲက အာဏာသိမ်း စစ်တပ်နဲ့ စစ်အာဏာရှင်အုပ်စုတွေ သက်ဆိုးရှည်စေဖို့ ရည်ရွယ်တာဖြစ်ပြီး နိုင်ငံတကာဖိအားတွေ နည်းပါးအောင် မျက်လှည့်ပြတာဆိုတဲ့ သုံးသပ်ချက်တွေလည်း ရှိနေပါတယ်။

ဒါကြောင့်လည်း ရွေးကောက်ပွဲက ဟန်ပြသာဖြစ်ပြီး အာဏာရှင်အုပ်စုတွေ အာဏာဆက်ထိန်းထားဖို့ လုပ်ဆောင်တာဖြစ်လို့ မျှတတဲ့ရွေးကောက်ပွဲ မဟုတ်ဘူးလို့လည်း ဆိုကြပါတယ်။

မဲပေးမယ့် ပြည်သူတွေကရော ဘယ်လိုအမြင် သဘောထားရှိပါသလဲဆိုတာကို ဒီတစ်ပတ် တနင်္သာရီပုံရိပ် အစီအစဉ်မှာ မေးမြန်းဖော်ပြလိုက်ပါတယ်။

“အရင်ရွေးကောက်ပွဲတွေနဲ့ယှဉ်လို့မရဘူးလေ။ သူတို့လုပ်တာ သူတို့အာဏာသူတို့ ပြန်ယူဖို့ပဲကွေ့ပတ်နေတာ”

အသက် ၄၅ နှစ်အရွယ် အမျိုးသားတစ်ဦး (မြိတ်မြို့ )

DW ။ စစ်ကော်မရှင်က ရွေးကောက်ပွဲကျင်းပဖို့လုပ်နေတာသိလား။

ဖြေ ။ သတင်းတွေမှာကြော်ငြာနေတာ တွေ့တယ်။စိတ်လည်းမဝင်စားဘူး။ သူတို့ဘာသာ ရွေးကောက်ပွဲကို ဘယ်လိုပဲ ကျင်းပ ကျင်းပ ဘောမတွေကလွဲလို့ ဘယ်သူက အရေးလုပ်မှာလဲ။ ကျွန်တော်ဆိုသူတို့နဲ့ ပတ်သက်တဲ့သတင်းတွေ သိပ်အာရုံမထားဘူး။

DW ။ ရွေးကောက်ပွဲမှာမဲပေးဖို့ အစီအစဉ်ရှိလား။ ဘာကြောင့်လဲ။

ဖြေ ။ ဆန္ဒမဲဆိုရင်တော့ မပေးချင်ဘူး။ ကိုယ်ကပြည်တွင်းမှာနေနေတဲ့သူဆိုတော့ ခြိမ်းခြောက်တာတွေရှိလာရင်လည်း ကျွန်တော်ပေးတဲ့မဲက ပယ်မဲပဲဖြစ်ဖို့များမယ်။ဘာကြောင့်လဲဆိုတော့ မတရားမှုကိုယူပြီး အာဏာရူးတက်လုပ်နေတာ မဲ‌ပေးတော့ ဘာထူးမှာလဲ။ အရူး‌ မျောက်က ကတာ ကြည့်နေရသလိုပဲ။ ဘာတွေလုပ်နေမှန်းမသိဘူး။

DW ။ အခုလုပ်မယ့်ရွေးကောက်ပွဲက တရားမျှတမယ်လို့ ထင်လား။ ဘာကြောင့်လဲ။

ဖြေ ။ သူတို့(စစ်ကော်မရှင်)လုပ်တဲ့ လုပ်ရပ်တွေက အရင်ကတည်းကရော အခုရော ဘာတရားမျှတမှု ရှိလို့လဲ။ ခေတ်အဆက်ဆက် ပြည်သူတွေကိုဒုက္ခပေးလာတာ။ တို့တွေလည်း တော်တော်ဝဋ်ကြွေးကြီးတယ်။ ဘာကြောင့်လဲဆိုရင် သူတို့ လုပ်ရပ်တွေက ဘယ်တော့မှ တရားမျှတ လာဖို့မရှိဘူး။

DW ။ အရင် ၂၀၁၀ နဲ့ ၂၀၁၅ ရွေးကောက်ပွဲတွေနဲ့ အခုလုပ်မယ့်ရွေးကောက်ပွဲက ဘာတွေကွာခြားမယ်လို့ ထင်လဲ။

ဖြေ ။ အရင်ရွေးကောက်ပွဲတွေနဲ့ယှဉ်လို့မရဘူးလေ။ သူတို့လုပ်တာ သူတို့အာဏာသူတို့ ပြန်ယူဖို့ပဲ ကွေ့ပတ်နေတာ။ ကွာခြားချက်တွေက ယှဉ်လို့ကိုမရတာ။ကျွန်တော် တစ်ဖက်ပိတ်သမားလည်းမဟုတ်ဘူး။ အရင်ကဆို နိုင်ငံရေးကို အလယ်ကနေပြီး ပွဲကြည့်ပရိသတ်အဖြစ်နေခဲ့ဖူးတယ်။ကိုယ်လုပ်မှကိုယ်စားရမယ်ဆိုတဲ့ လူမျိုးဖြစ်ခဲ့ဖူးတယ်။ (စစ်တပ်) အာဏာသိမ်းမှကျွန်တော်လည်း နိုင်ငံရေးနဲ့ပတ်သက်ပြီး တော်တော်အသိတရား ရလာတယ်။

DW ။ အခုလုပ်မယ့် ရွေးကောက်ပွဲက ပဋိပက္ခကို ပိုဆိုးလာစေနိုင်မလား ဒါမှမဟုတ် ပဋိပက္ခတွေ ပြေလည်သွားနိုင်မလား။

ဖြေ ။ ပဋိပက္ခတွေကို ပိုဆိုးလာနိုင်စေလား ပြေလည်သွားနိုင်မလားဆိုတာက ကျွန်တော့်လိုသာမန်လူတစ်ယောက်က သေချာမသိပေမယ့် စကစတွေနဲ့ပြေလည်စရာ အကြောင်းလည်းမရှိဘူးထင်တာပဲ။သူတို့ကို လုံးဝ အလျှော့မပေးဘဲ စစ်အုပ်စုကြီးကို အမြစ်ပြတ်သွားစေချင်တာ ဆန္ဒပါပဲ။

DW ။ အခြားဘာများဖြည့်ပြောချင်တာရှိလဲ။

ဖြေ ။ အဲဒီရွေးကောက်ပွဲက ပြည်သူ့ဆန္ဒမပါလည်း သူတို့ကဆက်လုပ်နေမှာပဲ။အရင်ကတည်းက ပြည်သူ့အတွက် နိုင်ငံအတွက်မှ မကြည့်ခဲ့ကြတာ။သူတို့လုပ်ရပ်တွေကို ပြည်သူ့တွေက ဘာလို့ ထောက်ခံ အားပေးနေရမှာလဲ။ပြည်သူ့ အတွက်မရှိတဲ့သူကို နိုင်ငံခေါင်းဆောင်အဖြစ် မသတ်မှတ်ကြတာ ဆန်းသလား ဗျာ။

“မဖြစ်မနေပေးရမယ်ဆိုရင်တော့ အသက်အန္တရာယ်မျိုးကြုံရမယ်ဆို သွား‌ပေးမယ်”

အသက် ၃၂ နှစ်အရွယ် အမျိုးသမီး (တနင်္သာရီမြို့ပေါ်ရပ်ကွက်)

DW ။ စစ်ကော်မရှင်က ရွေးကောက်ပွဲကျင်းပဖို့လုပ်နေတာသိလား။

ဖြေ ။ သိတယ်။

DW ။ ရွေးကောက်ပွဲမှာမဲပေးဖို့ အစီအစဉ်ရှိလား။ ဘာကြောင့်လဲ။

ဖြေ ။ မရှိဘူး။ကိုယ်ထည့်မယ့် မဲက ကိုယ်လိုချင်တဲ့ မဲမဖြစ်နိုင်လို့။သူတို့က အားလုံးလုပ်ယူကြမယ်။ မဖြစ်မနေပေးရမယ်ဆိုရင်တော့ အသက်အန္တရာယ်မျိုးကြုံရမယ်ဆို သွား‌ပေးမယ်။

DW ။ အခုလုပ်မယ့်ရွေးကောက်ပွဲက တရားမျှတမယ်လို့ ထင်လား။ ဘာကြောင့်လဲ။

ဖြေ ။ တရားမျှတမှု မရှိဘူး။တစ်ဖက်တည်း ထည့်ရမယ်ဆိုတော့ တရားမမျှတဘူး။

DW ။ အရင်၂၀၁၀ နဲ့ ၂၀၁၅ ရွေးကောက်ပွဲတွေနဲ့ အခုလုပ်မယ့်ရွေးကောက်ပွဲက ဘာတွေကွာခြားမယ်လို့ ထင်လဲ။

ဖြေ ။ (စစ်ကော်မရှင်)သူတို့က ဒီဂျစ်တယ်တွေ(မဲပေးစက်)နဲ့ လုပ်ထားတယ်လို့သိရတယ်။ အရင်က ကိုယ်ရွေးချယ်မှုနဲ့ ကိုယ်ပဲ။ ခြိမ်းခြောက်တာမရှိဘူး။ အခုက ခြိမ်းခြောက်မှုတွေနဲ့ ကြောက်ပြီး ထည့်ရမယ် ထင်တယ်။

DW ။ အခုလုပ်မယ့် ရွေးကောက်ပွဲက ပဋိပက္ခကို ပိုဆိုးလာစေနိုင်မလား ဒါမှမဟုတ် ပဋိပက္ခတွေ ပြေလည်သွားနိုင်မလား။

ဖြေ ။ ပိုဆိုးလာနိုင်မယ်လို့ ထင်တယ်။ပိုဆိုးလာနိုင်အောင်ဆုတောင်းနေတယ်။

DW ။ အခြားဘာများဖြည့်ပြောချင်တာရှိလဲ။

ဖြေ ။ ရွေးကောက်ပွဲကို ပျက်စီးစေချင်တယ်။

“တရားမျှတမှုက လုံးဝ မရှိဘူး သဘောသက်ရောက်နေတယ်။ ဘာလို့လဲဆိုတော့ စစ်အုပ်စုလုပ်နေတဲ့ ပုံစံက သူ့အကျိုးစီးပွားအတွက် အသုံးချပြီးလုပ်နေတာ”

အသက် ၃၀ ကျော်အရွယ် လယ်သမားတစ်ဦး (သရက်ချောင်းမြို့နယ် မင်းဒပ်ရွာ)

DW ။ စစ်အုပ်စုက ရွေးကောက်ပွဲကျင်းပဖို့လုပ်နေတာသိလား

ဖြေ ။ အင်း သိတယ်။

DW ။ ရွေးကောက်ပွဲမှာ မဲပေးဖို့ အစီအစဉ်ရှိလား

ဖြေ ။ အစီအစဉ်ရှိလားဆို အခုက ဘယ်ပါတီ ဘယ်ကိုယ်စားလှယ်တွေ ဝင်ရွေးခံမှာလဲဆိုတာလည်း မသိဘူး။ ရွေးခံဖို့ပါတီလည်းမရှိဘူး။ အဲ့လိုဖြစ်နေတာကိုး။ အခုသရက်ချောင်းဘက်မှာ ကျွန်တော်အပါအဝင် လူတွေအားလုံးက မသိကြဘူးလေ၊ ၂၀၂၀ တုန်းကလို သိမှမသိကြတာ၊ မဲပေးဖို့ကိစ္စက စိတ်မဝင်စားကြဘူး၊ ဒါပေမဲ့ မြို့ပေါ်မှာနေလို့ ဘေးကျပ်နံကျပ်ဖြစ်လို့ သွားထည့်ပေးရမယ်ဆိုလည်း ကိုယ်ကြိုက်တဲ့ပါတီကိုတော့ ထည့်ပေးရမှာပေါ့၊ ဒါပေမဲ့ (နယ်)တောမှာ ဘေးကျပ်နံကျပ်လည်းမရှိဘူး လာရွေးခံဖို့ ကိုယ်စားလှယ်ပါတီလည်း မရှိဘူးဆိုတော့ မဲထည့်ဖို့လည်းမရှိဘူး။ စိတ်လည်းမဝင်စားကြဘူး။ မထည့်ဖို့က ပိုများတာပေါ့။ ရွေးကောက်ပွဲသတင်းတွေ လိုင်းပေါ်မှာတက်လာလို့ မြင်နေတာလောက်ပဲ။ နယ်တွေမှာ ဘယ်ပါတီ ဘယ်ကိုယ်စားလှယ်တွေလဲဆိုတာ သိလည်းမသိကြဘူး။

DW ။ ဘာကြောင့် မဲမထည့်ချင်တာလဲ

ဖြေ ။ သွားမထည့်ချင်တာက အရင်ကတော့(၂၀၂၀) ကိုယ်ကြိုက်တဲ့ပါတီကို မဲထည့်ပြီးပြီ။ အခုက ကိုယ်ကြိုက်တဲ့ပါတီလည်းမရှိဘူးဆိုတော့ သွားမထည့်ဘူးပေါ့။

DW ။ ဒီရွေးကောက်ပွဲက ပဋိပက္ခတွေကို အဆင်ပြေစေမလား/ ပိုဆိုးသွားစေမလား ဘယ်လိုထင်လဲ။

ဖြေ ။ အဆင်ပြေမယ့်အပိုင်းကတော့နည်းမယ်။ ပိုဆိုးမယ့်အပိုင်းကတော့ ၇၅ ရာခိုင်နှုန်ုးလောက်ရှိမယ်။

DW ။ ဒီရွေးကောက်ပွဲက တရားမျှတမှုရှိမယ်လို့ထင်လား

ဖြေ ။ တရားမျှတမှုမရှိဘူးလေ။ procedure အတိုင်း သူတို့ ဘောင်ထဲကနေဘယ်လိုပဲလုပ်လုပ် တရားမျှတမှုက လုံးဝ မရှိဘူးသဘောသက်ရောက်နေတယ်။ ဘာလို့လဲဆိုတော့ စစ်အုပ်စုလုပ်နေတဲ့ ပုံစံက သူ့အကျိုးစီးပွားအတွက် အသုံးချပြီးလုပ်နေတာဆိုတော့ ကိုယ့်ရဲ့တစ်ဦးတည်းအမြင်က အဲ့လိုပဲမြင်တယ်။

DW ။ ရွေးကောက်ပွဲကျင်းပတာနဲ့ ပတ်သက်ပြီးတော့ရော ကိုယ့်ရဲ့ထင်မြင်ချက်တွေ တခြားဖြည့်စွက်ပြောချင်တာ ရှိဦးမလား

ဖြေ ။ ဖြည့်စွက်ပြောချင်တာကတော့ တကယ်တမ်းက ရွေးကောက်ပွဲမလုပ်ဘဲနဲ့ ရွေးကောက်ပွဲကိုဦးစားမပေးဘဲ လက်ရှိအခုဖြစ်နေတဲ့ ပဋိပက္ခကိုအရင်ညှိ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေနဲ့ အားလုံးဝိုင်းညှိပြီးမှ ပြေလည်ပြီ အဆင်ပြေပြီဆိုမှ ရွေးကောက်ပွဲပြန်ကျင်းပစေချင်တယ်။

“ရွေးကောက်ပွဲ လုပ်ပြီးမှ မြို့မှာ ပိုပြီး ဆူဆူပူပူ ထပ်ဖြစ်လာမှာလည်း စိုးရိမ်တယ်”

ရပ်မိရပ်ဖတစ်ဦး(ရေဖြူမြို့ပေါ် ရပ်ကွက်)

DW ။ ရွေးကောက်ပွဲ ပြန်ကျင်းပဖို့ အာဏာသိမ်းစစ်တပ်က လုပ်နေတယ် ဆိုတာကိုသိလား။

ဖြေ ။ သိတယ်ဆိုတာလောက်ပဲရှိတယ် ။ ဘယ်ချိန် ဘာတွေ လုပ်မယ်လို့ ကြေညာထားတာကို သိတာလောက်ပဲ ။ မြေပြင်မှာ ဘာမှ လုပ်နေတာ မတွေ့ရသေးဘူး ။

DW ။ တကယ်လို့ ရွေးကောက်ပွဲလုပ်ဖြစ်ရင် မဲပေးဖို့ အစီအစဉ်ရှိလား ။

ဖြေ ။ ဘယ်လိုလုပ်မယ်မှန်းတောင် မသိရသေးတော့ အခြေအနေရပါပဲ ။ ပေးချင်မှလည်း ပေးဖြစ်မယ် ။ လုပ်နိုင်မယ့် အခြေအနေကို တို့ရေဖြူ(ရေဖြူမြို့)မှာ ဆိုရင် ရှိရဲ့လားတောင်မသိဘူး ။

DW ။ ကိုယ့်ဆန္ဒသက်သက်ဆိုရင်ရော မဲပြန်ပေးဖို့ ဆန္ဒရှိလား ။

ဖြေ ။ အဲလိုတော့(မဲပေးရန်ဆန္ဒ) များများ မရှိဘူး ။

DW ။ ဘာကြောင့် မဲပေးဖို့ ဆန္ဒ မရှိတာလဲ ။

ဖြေ ။ ဘာကြောင့်လဲဆိုတော့ အခုက (စစ်တပ်က ရွေးကောက်ပွဲ ပြန်ကျင်းပမည့်ပုံစံ) ကွက်ကြား ကွက်ကြား ပုံစံလိုဖြစ်နေတာကိုး ။ အခုက ရွေးကောက်ပွဲ ကလည်း နေရာတိုင်းမှာ လုပ်မရဘဲနဲ့ ကွက်ကြား ကွက်ကြားလုပ်တာက အဆင်ပြေမှာ မဟုတ်ဘူးလို့ထင်တယ် ။ ပြည့်စုံလိမ့်မယ်လို့ မထင်ဘူး ။

DW ။ မဲပေးဖို့ကို မဖြစ်မနေ အတင်းအကျပ် လုပ်လာရင်ရော ပေးဖြစ်မလား ။

ဖြေ ။ အဲဒီလိုဆိုရင်တော့ သွားပေးဖြစ်ရင်ဖြစ်မှာပေါ့ ။

DW ။ အဲဒီရွေးကောက်ပွဲလုပ်ဖြစ်ခဲ့ရင် ပဋိပက္ခတွေ ၊ ဥပမာ ရေဖြူမှာဆိုရင်လည်း မြို့အနားအထိရောက်လာတဲ့တိုက်ပွဲတွေ ၊ မြို့တွင်းရောက်လာတဲ့ ပစ်ခတ်မှုတွေကို ပြေလည်အဆင်ပြေစေမယ်လို့ထင်လား။ ပိုဆိုးလာစေမယ်လို့ထင်လား ။

ဖြေ ။ တို့ပြည်သူတွေအနေနဲ့ကတော့ အေးအေးချမ်းချမ်းပဲ ဖြစ်ခိုင်းစေချင်တာပေါ့ ။ ညှိနှိုင်းလို့ ရကြရင်တော့ ပိုပြီးကောင်းတာပေါ့ ။ အဖွဲ့အစည်း တစ်ခုနဲ့ တစ်ခုလေ ။ ဘယ်လိုမျှော်လင့်ထားလဲ ဆိုတော့ မျှော်လင့်ချက်တော့ သိပ်မရှိဘူး ။ အေးအေးချမ်းချမ်း ဖြစ်စေချင်တဲ့ဆန္ဒတော့ရှိတယ် ။ အခုလို(ပဋိပက္ခ) ဖြစ်နေတာတွေက ပြည်သူတွေပဲ ကြားထဲက ခံနေရတယ်လေ ။ အဲဒီလိုဆိုတော့ အေးအေးချမ်းချမ်း ညှိနှိုင်း ရတဲ့ အပိုင်း ညှိနှိုင်းကြပေါ့လေ ။

DW ။ အခုပြန်လုပ်မယ့် ရွေးကောက်ပွဲက တရားမျှတမှုရှိမယ်လို့ထင်လား

ဖြေ ။ တရားမျှတမှု ဆိုတာက အခုက ကွက်ကြားပုံစံလိုဖြစ်နေတော့ လူနည်းစုလေးအကြားထဲမှာ ရွေးကောက်ပွဲ လုပ်နေသလိုဖြစ်နေမယ်ထင်တယ် ။ သက်ရောက်မှု အများကြီးရှိမှာ မဟုတ်ဘူး ။ အားလုံးလည်း ပါဝင်နိုင်တဲ့ အခြေအနေမှာလည်း ရှိမနေဘူး ။ ရွေးကောက်ပွဲ လုပ်ပြီးမှ မြို့မှာ ပိုပြီး ဆူဆူပူပူ ထပ်ဖြစ်လာမှာလည်း စိုးရိမ်တယ် ။ ပိုဆိုးလာဖို့အနေအထားရှိနေလား အဲဒီလိုတွေ စိုးရိမ်တာကတော့ စိုးရိမ်နေတာပဲ ။ အခုလည်း အခြေအနေက တဖြည်းဖြည်း နဲ့ ဆိုးဆိုးလာနေပြီကိုး ။ ခဏခဏ (မြို့တွင်းနှင့်မြို့ပတ်ဝန်းကျင် ထိတွေ့တိုက်ပွဲ) ဖြစ်နေတာ အချက်ရေ အကြိမ်ရေ တဖြည်းဖြည်း များလာနေတယ်လေ ။

DW ။ အခု ပြန်လုပ်မယ်ဆိုတဲ့ ရွေးကောက်ပွဲအပေါ် ဘယ်လိုမြင်လဲ ။

ဖြေ ။ ဘယ်လိုမြင်လဲ ဆိုတော့ သူတို့ (အာဏာသိမ်း စစ်ကော်မရှင်) က သူတို့ရဲ့ထွက်ပေါက်အနေနဲ့လုပ်ဖို့ ပုံစံမျိုးပဲ ဖြစ်သွားလိမ့်မယ် နဲ့ တူတယ် ။

DW ။ ကျေးဇူးတင်ပါတယ်။

“ရွှေးကောက်ခံအစိုးရတစ်ခုရှိလာရင် ဖိအားတော့ နည်းလာလိမ့်မယ်ထင်တယ်။နိုင်ငံတကာဖိအားလိုမျိုးတွေပေါ့”

ထားဝယ်မြို့ခံအမျိုးသမီး

DW ။ စစ်ကော်မရှင်က ရွေးကောက်ပွဲလုပ်မယ်ဆိုတာသိလား။မြို့ပေါ်မှာရွေးကောက်ပွဲ နဲပတ်သတ်ပြီး ဘာတွေ ပြင်ဆင်နေတာတွေ့ရလဲ။

ဖြေ ။ အင်းသိတယ်။ ရပ်ကွက်ထဲမှာရွေးကောက်ပွဲ နဲ့ပတ်သတ်ပြီးပြင်ဆင်နေတာမျိုးတော့ ဘာမှမတွေ့ရသေးဘူး။ အရင်သန်းခေါင်စာရင်းလိုက်ကောက်ထားတာမျိုးဘဲ့ ရှိသေးတယ်။ ရပ်ကွက်ထဲ မဲဆွယ်တာမျိုးတွေ ဘာမှမရှိသေးဘူး ။

DW ။ ထားဝယ်မြို့အနေထားနဲ့ ဆိုရင်ရွေးကောက်ပွဲ အောင်အောင်မြင်မြင်လုပ်နိုင်မဲ့ အနေထားရှိလား။ ဘယ်လိုမြင်လဲ။

ဖြေ ။ မြို့ပေါ်မှာဖြစ်နိုင်တာပေါ့။သူတို့က လည်း မဖြစ်ဖြစ်တဲ့ နည်း နဲ့ လုပ်မှာပဲလေ။မြို့ပေါ်မှာတော့ သူတို့သတ်မှတ်ပြီးသားပဲ။ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဘယ်လိုလုပ်မလဲဆိုတာ။ဒါပေမဲ့ မဲ ရုံ အများ ကြီး ရှိမယ်လို့တော့ မထင်ဘူး။ အရင်ကအခြေအနေမျိုးလည်းမဟုတ်ဘူးလေ။သူတို့မှာလည်း ကြောက်စိတ်အနည်းအများရှိ နေမှာပဲ။မဲရုံတွေ လျှော့ချပြီး တင်းတင်းကျပ်ကျပ်ကျင်းပလိမ့်မယ်လို့ မြင်တယ်။

DW ။ ကိုယ်တိုင်ရော မဲပေးဖို့ရှိလား။ ဘာကြောင့်လဲ။

ဖြေ ။ မပြောရဲဘူး။ ကြောက်တယ်။ စိတ်ထဲမှာဆုံးဖြတ်ထားတာတော့ တစ်မျိုးပေါ့။ ဒါပေမဲ့ ထည့်ရမဲ့အနေထားတစ် ခုမျိုးဆိုရင်တော့ ပြည်သူတစ်ယောက်အနေ နဲ့ သွားထည့်မှပဲရမယ်လေ။

DW ။ တရားမျှတမှုရှိတဲ့ ရွေးကောက်ပွဲအခင်းအကျင်းတစ်ခုဖြစ်လာနိုင်လား။ဘယ်လိုမြင်လဲ။

ဖြေ ။ မရှိဘူးလို့မြင်တယ်။ ဘာလိုလဲဆိုတော့ ပြည်သူအများစု မနှစ်သက်ဘဲနဲ့ လုပ်မယ့်ရွေးကောက်ပွဲလေ။နောက်ပြီး သူရွေးသူကောက် ဖြစ်နေမှာလေ။ သွားထည့်လည်း သူတို့ပဲ နိုင်မှာ။

DW ။ လက်ရှိ နိုင်ငံရေးပြဿနာ၊စစ်ရေးပြဿနာတွေက ဒီရွေးကောက်ပွဲပြီးလို့ အစိုးရတစ်ခုတက်လာရင် ပြေလည်သွားမယ် လို့ထင်လား၊ဘယ်လိုမြင်လဲ။

ဖြေ ။ လက်ရှိ ရွေးကောက်ပွဲလုပ်မယ့် သူတွေကတော့ ငြိမ်းချမ်းသွားလိမ့်မယ်လို့ မြင်ကောင်းမြင်လိမ်မယ်။ ပြည်သူ တစ်ယောက်အနေထားနဲ့ ပြောရရင် မငြိမ်းချမ်းနိုင်ဘူး။ စစ်ပွဲတွေတော့ရှိ နေလိမ့်ဦးမယ်။လက်ရှိ တော်လှန်ရေး အင်အားစုတွေလည်းလျှော့လိမ့်မယ်မထင်ဘူး။သူတို့ကအဆုံးထိသွားမယ်ဆိုတာမျိုးပြောထားတာပဲ။ဒါကြောင့်အေးချမ်းလာမယ်မထင်ဘူး။ ဒါပေမဲ့လည်း တစ်ခုတော့ရှိတယ်။ ရွှေးကောက်ခံအစိုးရတစ်ခုရှိလာရင် (အာဏာသိမ်းစစ်တပ်အတွက်) ဖိအားတော့ နည်းလာလိမ့်မယ်ထင်တယ်။ နိုင်ငံတကာဖိအားလိုမျိုးတွေပေါ့။ ဒီမိုကရေစီနည်းကျ အကူးအပြောင်းတစ်ခုဖြစ်တာမျိုး သူတို့(နိုင်ငံတကာက) မြင်ကောင်းမြင်နိုင်တယ်လေ။

DW ။ အရင်ရွေးကောက်ပွဲ အခင်းအကျင်းမျိုး ဖြစ်လာနိုင်မယ်လို့ထင်လား။ ဘာတွေ ကွာခြားလိမ့်မယ်ထင်လဲ။

ဖြေ ။ အရင်က စိတ်လက်ပေါ့ပေါပါးပါးနဲ့ လွတ်လွတ်လပ်လပ်မဲထည့်ရတာလေ။ အခုဆိုရင် မဲရုံတာဝန်ရှိသူ တွေတစ်ချို့စိတ်ပါတာရှိမယ်၊တစ်ချို့လည်း ကြောက်စ်တ်တော့ရှိမှာပဲ။အရင်လို အေးချမ်းတဲ့ အခြေအနေတစ်ခုမှာ ကျင်းပမယ့် ရွေးကောက်ပွဲမျိုးမဟုတ်ဘူးလေ။မဲရုံမသိမ်းခင်ထိ ဘာဖြစ်လာမယ်ဆိုတာမသိနိုင်ဘူးလေ။ အားလုံးရဲ့ စိတ်ထဲအကြောက်တရားကိုယ်စီတော့ ရှိ နေကြလိမ့်မယ်ထင်တယ်။

“ သူတိုလူနဲ့ သူတို့ဘာသာသူတို့ လာလုပ်မှပဲရမယ်။ သူတို့လုပ်မယ့် ရွေးကောက်ပွဲအပေါ်ပါဝင်ပေးမယ့် ရပ်သူရွာသားလည်းရှိမှာမဟုတ်ဘူး”

အသက် ၃၅ နှစ်အထက် အမျိုးသမီးတစ်ဦး(ရေဖြူမြို့ နဘုလယ်ဒေသခံ)

DW ။ ရွေးကောက်ပွဲလုပ်မယ်ဆိုတာသိလား။ဒီအပေါ်ဘယ်လိုမြင်လဲ။

ဖြေ ။ ဟုတ်သိပါတယ်။ ဘယ်လိုမြင်လဲဆိုတော့ ရွေးကောက်ပွဲလုပ်တယ်ဆိုတဲ့ အနေထားတစ်ခုလို့ပဲမြင်တယ်။ မလုပ်မဖြစ်ရအောင်တော့လုပ်လိမ့်မယ် ခေါင်းစဉ်တစ်ခုရအောင် အနေထားမျိုးပဲပေါ့။

DW ။ အရင်လိုအနေအထား ဖြစ်လာလိမ့်မယ်လို့ရော ထင်လား။

ဖြေ ။ မဖြစ်နိုင်ဘူး။ဘာလိုလဲ့ဆိုတော့ သူတို့က ဘယ်လိုနည်းနဲ့လာလာ။သူတို့လာပြီဆိုကတည်းကိုကရွာသား တွေကရှောင်ပြေးနေကြမှာလေ။ဘယ်လိုနည်းနဲ့လုပ်လုပ် ပြည်သူတွေကရှိမှာလည်းမဟုတ်ဘူး။ဖြစ်နိုင်မယ်လိုလည်း မထင်ဘူး အရင်လိုသူတို့ကိုဝိုင်းကူပေးမဲ့ သူတွေ မရှိဘူးလေ။ သူတိုလူနဲ့ သူတို့ဘာသာသူတို့ လာလုပ်မှပဲရမယ်။ သူတို့လုပ်မယ့် ရွေးကောက်ပွဲအပေါ်ပါဝင်ပေးမယ့် ရပ်သူရွာသားလည်းရှိမှာမဟုတ်ဘူးလေ။

DW ။ မဲပေးဖို့ရှိလား ဘာကြောင့်လဲ။

ဖြေ ။ သူတို့တင်းတင်းကျပ်ကျပ်လုပ်လို့ ကိုယ်နေနဲ့ မဲပေးရချင်ရပါလိမ့်မယ်။ သူတို့ စောင့်ကြည့်မနေဘူး ၊အရင်လိုလွတ်လွတ်လပ်လပ်မဲပေးရမယ်ဆိုရင်တော့ ပယ်မဲ ဖြစ်အောင်တော့ လုပ်ပစ်လိုက်မိမယ်။အဲဒီလိုစိတ်ကူး မျိုးတော့ရှိတယ်။

DW ။ ရွေးကောက်ပွဲက လက်ရှိပဋိပက္ခကို ပြေလည်စေနိုင်လား။ ဘယ်လိုမြင်လဲ။

ဖြေ ။ ငြိမ်မှာတော့မဟုတ်ဘူး ပိုဆိုးလာဖို့ပဲရှိလိမ့်မယ်။ပြည်သူတွေကလည်း ဒီရွေးကောက်ပွဲအပေါ် ယုံကြည်ထားတာမရှိဘူးလေ။သူတို့အတင်းအကျပ်လုပ်လို့ မဲပေးရတာမျိုးပဲရှိမှာ။အားလုံး တော်လှန်ရေးကိုပဲစိတ်အားသန်နေကြတာ၊လူတွေက ခုရွေးကောက်ပွဲကို ဆန့်ကျင်ဖို့နည်းလမ်းပဲ ကြံနေကြတာ။

DW ။ အရင် ရွေးကောက်ပွဲနဲ့ ဘာကွာမယ်ထင်လဲ။

ဖြေ ။ အခုက ကိုယ်သဘောနဲ့ ကိုလွတ်လွတ်လပ် မဲပေးရတဲ့ အနေထားလုံး၀မဟုတ်ဘူး။ အရင်က ကိုယ်ဆန္ဒရှိတဲ့ ပါတီကို မဲပေးရတာလေ။ အခုက ဒီလိုအနေထားမျိုးဘယ်တော့မှရှိလာမှာမဟုတ်ဘူး။အခုက သူတိုပေးထဲ ဘောင်ထဲကပဲ ကိုယ်လုပ်ရမယ်ဆိုတော့ အရင်နဲ့ဘယ်တူမလဲ ကွာခြားမှုတွေ အများကြီးပဲ့ပေါ့။ ပွင့်လင်းမြင်သာမှုလည်း ရှိမှာမဟုတ်ဘူးလေ။ သူတို့လုပ်ခိုင်းသလို ကိုယ်ကလိုက်လုပ်ရမယ့် အနေထားဖြစ် နေတယ်မလား။ သူတို့က ဒီလိုလုပ်ဒါလုပ်ပြီးရင်ပြန် အဲလို ဖြစ်နေတယ်လေ။