ဗီယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတဲ့ အာဆီယံအမျိုးသမီးချန်ပီယံရှစ်ရဲ့ဆီမီးဖိုင်နယ်ပွဲစဉ်မှာ မြန်မာအမျိုးသမီးအသင်းက နာမည်ကြီး ထိုင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ယူပြီး ဖိုင်နယ်ဆီကို တက်လှမ်းရောက်ရှိသွားခဲ့ပါပြီ။
မြန်မာဘက်က ကိုယ့်ဂိုးကိုယ်ပြန်သွင်းမိလို့ ထိုင်းဟာ ပွဲအစ ၅ မိနစ်ကတည်းက ဦးဆောင်ဂိုးရခဲ့တာပါ။ မြန်မာအတွက် ချေပဂိုးနဲ့ အဖိုးတန်အနိုင်ဂိုးကို အသင်းခေါင်းဆောင် ဝင်းသိင်္ဂီထွန်းက သွင်းယူပေးခဲ့တာဖြစ်ပါတယ်။
ဝင်းသိင်္ဂီထွန်းဟာ တစ်ကွင်းလုံးနီးပါး မရပ်မနား လိုက်ကစားပေးပြီး အသင်းကို ပံ့ပိုးကူညီခဲ့တာပါ။ ထိုင်းက ကစားကွက်နဲ့ ဗျူဟာပိုင်း သာလွန်ခဲ့ပေမယ့် မြန်မာကလည်း တန်ပြန်တိုက်စစ်ဆင်တိုင်းမှာ တစ်ကြိမ်ဆို တစ်ကြိမ်အလျောက် ထိုင်းခံစစ်ကို ဖရိုဖရဲဖြစ်သွားစေခဲ့ပါတယ်။
မြန်မာအတွက် ဝင်းသိင်္ဂီထွန်း သွင်းယူပေးတဲ့ချေပဂိုးကလည်း သေသပ်လွန်းလှပါတယ်။ ညာခြမ်းကနေ ဖြတ်တင်ပေးလိုက်တဲ့ဘောလုံးဟာ ဝင်းသိင်္ဂီထွန်းရဲ့ ပြေးလမ်းထဲဆီ တန်းတန်းမတ်မတ် ရောက်သွားခဲ့ပြီး ဝင်းသိင်္ဂီထွန်းက အဝေးတိုင်ထောင့်ဆီကို ကန်သွင်းပြီး ဂိုးရယူပေးခဲ့တာပါ။





ပထမပိုင်းပွဲကစားချိန် ၁၃ မိနစ်မှာ ချေပဂိုးရရှိခဲ့တဲ့ မြန်မာအသင်းဟာ ဖိုင်နယ်တက်လှမ်းနိုင်မယ့် အဖိုးတန်အနိုင်ဂိုးကိုတော့ ပွဲချိန် ၇၁ မိနစ်မှာ သွင်းယူနိုင်ခဲ့ပါတယ်။ မြန်မာအတွက် အနိုင်ဂိုးကိုလည်း ဝင်းသိင်္ဂီထွန်းကပဲ ပင်နယ်တီကတဆင့် သွင်းယူပေးခဲ့တာပါ။
စန်းသော်သော် ကန်လိုက်တဲ့ဘောလုံးဟာ ထိုင်းနောက်ခံလူ ကျောနံပါတ် ၃ ရဲ့လက်ကို သွားထိခဲ့ပြီး ဒီဖြစ်စဉ်ကို ကွင်းလယ်ဒိုင်လူကြီးက ပင်နယ်တီ သတ်မှတ်ပေးလိုက်တာဖြစ်ပါတယ်။ ပွဲအပြီးမှာတော့ ပွဲစဉ်အလိုက်အကောင်းဆုံးကစားသမားဆုကို ဝင်းသိင်္ဂီထွန်းက ဆွတ်ခူးရရှိသွားခဲ့ပါတယ်။
ဝင်းသိင်္ဂီထွန်းဟာ လက်ရှိမှာတော့ ဂိုးအများဆုံးသွင်းယူရရှိသူ ကစားသမားစာရင်းကိုလည်း သွင်းဂိုး ၇ ဂိုးနဲ့ ဦးဆောင်နေပါပြီ။ မြန်မာဟာ အိမ်ရှင် ဗီယက်နမ်နဲ့ အုပ်စုတွင်းပြိုင်ဘက် ဩစတြေးလျ ယူ-၂၃ အမျိုးအမီးအသင်းတို့ရဲ့ပွဲက အနိုင်ရတဲ့အသင်းနဲ့ ဖိုင်နယ်ပွဲ ဆင်နွှဲရတော့မှာပဲဖြစ်ပါတယ်။
ဖိုင်နယ်ပွဲကိုတော့ ဩဂုတ်လ ၁၉ ရက်နေ့မှာ ကျင်းပဖို့ ရှိနေပါတယ်။






