ထားဝယ်နားရေးကူညီမှုအသင်းက ကနုတ်ပန်းဖြင့်အလှဆင်ထားသည့် နိဗ္ဗာန်ယာဉ်အသစ်တစ်စီး ထပ်မံဝယ်ယူလိုက်ကြောင်း နာရေးကူညီမှု(ထားဝယ်)အသင်း ထံမှသိရသည်။
ယခုအသစ်ထပ်မံရောက်ရှိသည့် နိဗ္ဗာန်ယာဉ် အမျိုးအစားမှာ တိုယိုတာခရောင်းအမျိုးအစားဖြစ်ပြီး ယခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် ထားဝယ်သို့ စတင်ရောက်ရှိခဲ့ကြောင်း အထက်ပါအသင်းထံမှ သိရသည်။
အဆိုပါနိဗ္ဗာန်ယာဉ်ကို ထားဝယ်မြို့ခံများ၏ စုပေါင်းလှူဒါန်းငွေ အပါအဝင် အသင်းရန်ပုံငွေဖြင့် စုပေါင်းဝယ်ယူထားခြင်းဖြစ်ပြီး စုစုပေါင်း ကုန်ကျငွေမှာ ကျပ်သိန်းပေါင်း ၄၆၀ ကျော်ကုန်ကြခဲ့ ကြောင်း အထက်ပါအသင်းတာဝန်ရှိသူကပြောသည်။
“မတ်လကစပြီး မန္တလေးမှာ တပ်ဆင်တယ်။ ငလျင်ကလည်းထဖြစ်တော့ အချိန်နည်းနည်း ကြာသွားတယ် အဲဒီကားနဲ့ အခုနာရေးစပြီးကူညီနေပါပြီ”ဟု ယင်းတာဝန်ရှိသူကပြောသည်။
မူလက နာရေးကူညီမှု(ထားဝယ်)အသင်းတွင် မြောက်ဦးဆရာတော်မှ လှူဒါန်းထားသည့် ကနုတ်ပန်းအလှဆင် နိဗ္ဗာယာဉ် တစ်စီးသာရှိရာမှ ယခုတစ်စီးထပ်မံရောက်ရှိလာသဖြင့် ကနုတ်ပန်းအလှဆင် နိဗ္ဗာန်ယာဉ် နှစ်စီးရှိလာကြောင်း အထက်ပါအသင်း တာဝန်ရှိသူကပြောသည်။
“ပထမကားက အမေရိကန်ထုတ် လင်ကွန်းကားအမျိုးအစားဖြစ်တော့ ပျက်တဲ့အချိန် အပိုပစ္စည်းဝယ်ရ အရမ်းခက်တယ်။ ဒါကြောင့် နောက်တစ်စီးဝယ်မယ်ဆိုပြီး အသင်းတာဝန်ရှိသူ တွေနဲ့ မြို့ခံတွေ စုပေါင်းတိုင်ပင်ညှိနှိုင်းပြီး ဝယ်လိုက်တာ”ဟု ၎င်းတာဝန်ရှိသူကပြောသည်။
နာရေးကူညီမှု(ထားဝယ်)အသင်းကို ၂၀၀၇ ခုနှစ်မှစ၍ ဆီဆုံဆရာတော်ဘုရား၏ ဦးဆောင်လမ်းညွန်မှုဖြင့် စတင်တည်ထောင်ခဲ့ပြီး ယခုအခါ ရိုးရိုးနိဗ္ဗာန်ယာဉ် ၂ စီး၊ ကနုတ်ပန်းနိဗ္ဗာန်ယာဉ် ၂ စီး စုစုပေါင်း နိဗ္ဗာန်ယာဉ် ၄ စီးဖြင့် ထားဝယ်မြို့ရှိ လူမျိုးဘာသာမရွေး နာရေးများကို ကူညီဆောင်ရွက်ပေးနေကြောင်း ယင်းအဖွဲ့ထံမှသိရသည်။