BREAKING
October 19, 2025

မြိတ်တွင် အသက် ၇၀ အရွယ်အဘိုးတစ်ဦး ဓားခုတ်ခံရ၊ ဒဏ်ရာပြင်းထန်

July 17, 2025

ပုံစာ - မြိတ်မြို့နယ်အတွင်းရှိ အင်္ဂမော်ကျေးရွာ တစ်နေရာအားတွေ့ရစဉ်(ပုံဟောင်း)

မြိတ်မြို့နယ်၊အင်္ဂမော်ကျေးရွာတွင် အသက် ၇၀ ဝန်းကျင်အရွယ် အဘိုးတစ်ဦးကို တစ်ရွာတည်းနေ အမျိုးသားတစ်ဦးက ဓားဖြင့်ဝင်ခုတ်ရာက ဒဏ်ရာအပြင်းအထန်ရသွားကြောင်း မိသားစုနှင့် နီးစပ်သူများထံမှ သိရသည်။

ဇူလိုင်လ ၁၆ ရက်နေ့ ညနေ့ ၃ နာရီခန့်တွင် အသက် ၇၀ ဝန်းကျင်အရွယ်ဦးတင်ထွေးသည် တောင်ပေါ်တွင် တစ်ဦးတည်းဝါးခုတ်နေချိန် အသက် ၂၅ နှစ်အရွယ် ကိုပိုင်လင်းက ဓားဖြင့်ဝင်ခုတ်ခဲ့ကြောင်း နီးစပ်သူများက ဆိုသည်။

“တစ်ယောက်တည်းလည်းဖြစ်တော့ ပြန်ပြီးလည်းမခုခံနိုင်ဘူးလေ။ အသက်အပိုင်းအခြားကလည်း ဝောာ်တော်ကွာတယ်။ ရွာဘက်တွေက မြင်းဆေး(WY)တွေတော်တော်ပေါတယ်။ ရွာကလူတွေကတော့ ဆေးကြောင်ပြီးခုတ်တယ်လို့ မှတ်ချက်ချနေကြတယ်”ဟု နီးစပ်သည့်ဒေသခံတစ်ဦးက ပြောသည်။

ရန်ငြိုးရန်စ မရှိဘဲ အဘိုးကို ဓားဖြင့်ဝင်ခုတ်ခြင်းဖြစ်ပြီး မျက်နှာနှင့် လက်တွင် အရိုးပေါ်သည်အထိ ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားကြောင်း ဒေသခံအချို့က ပြောဆိုကြသည်။

“လူနာကတော့ မြိတ်ပြည်သူ့ဆေးရုံကြီးမှာ အခြေအနေကတော့ ရုပ်ပျက်ဆင်းပျက်ပါပဲ။ အသက်ရှင်နေတာတစ်ခုပဲ”ဟု မိသားစုနှင့်နီးစပ်သူတစ်ဦးကပြောသည်။

လက်ရှိတွင် ဓားဖြင့်ဝင်ခုတ်သည်ဆိုသည့် ကိုပိုင်လင်းကို စစ်ကောင်စီတာဝန်ရှိသူများက ဖမ်းဆီးပြီး စစ်ဆေးနေကြောင်း ဒေသခံအချို့က ဆိုသည်။

ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ် အခြေစိုက်ထားသည့် မြိတ်မြို့တွင် လုယက်သတ်ဖြတ်မှုများ၊ ဖောက်ထွင်းမှုများ မကြာခဏဖြစ်ပွားနေသည်။

ဇူလိုင်လ ၇ရက်နေ့က ဆိုင်ကယ်နှင့် ဖုန်းကို လုယက်ပြီး ဓားဖြင့်ထိုးသဖြင့် ပုဂ္ဂလိက ကျောင်းဆရာဖြစ်သည့် ကိုသီဟဝင်း သေဆုံးခဲ့သလို ဇွန်လ ၂၇ ရက်ညကလည်း မြိတ်မြို့ ၊ လှသီရိ ၂ တည်းခိုခန်းတွင် မန်နေဂျာဖြစ်သူ ကိုမြတ်ထွေးကိ လုယက်သတ်ဖြတ်ခံရသည်။

ထိုအပြင် ဆိုင်ကယ်စီးသူများကို လုယက်မှုများ၊ ချိန်းတွေ့နေသည့် သမီးရည်းစားကို ဓားထိုးလုယက်မှုများလည်း ဖြစ်ပွားနေသည်။