ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

စူပါမန်းနဲ့ လွိုက်စ်လိန်းတို့ လေထဲမှာ နမ်းတဲ့အခန်းကို အိန္ဒိယမှာ ဆင်ဆာဖြတ်

July 17, 2025

DCU ရဲ့ ရုပ်ရှင်အသစ်ဖြစ်တဲ့ “Superman” ကို အိန္ဒိယမှာ ပြသဖို့အတွက် ဆင်ဆာဖြတ်တောက်တာတွေ လုပ်ခဲ့ရပြီး အဓိကကျတဲ့ဇာတ်ဝင်ခန်းဖြစ်တဲ့ စူပါမန်းနဲ့ လွိုက်စ်လိန်းတို့ လေထဲမှာ နမ်းနေတဲ့ဇာတ်ဝင်ခန်းကို ဆင်ဆာဖြတ်တောက်ပစ်လိုက်လို့ ဝေဖန်မှုတွေ ထွက်ပေါ်နေပြီပဲဖြစ်ပါတယ်။

စူပါမန်းနဲ့ လွိုက်စ်လိန်းတို့ လေထဲမှာ နမ်းနေတဲ့ဇာတ်ဝင်ခန်းဟာ “စိတ်ခံစားမှု ပြင်းထန်တဲ့ အနမ်းခန်း” ဖြစ်နေတယ်လို့ အိန္ဒိယဆင်ဆာအဖွဲ့က သတ်မှတ်ပြီး ဆင်ဆာဖြတ်လိုက်တာပါ။

Bollywood Hungama ရဲ့ သတင်းအရ Superman ဇာတ်ကား မပြသခင်ကတည်းက ဇာတ်ကားကြော်ငြာတွေကိုကြည့်ပြီး စူပါမန်းနဲ့ လွိုက်စ်လိန်းတို့ရဲ့ လေထဲက အနမ်းခန်းကို အိန္ဒိယရုပ်ရှင်ရုံတွေမှာ ပြသဖို့အတွက် ဆင်ဆာဖြတ်တောက်ဖို့ အိန္ဒိယဆင်ဆာအဖွဲ့က ညွှန်ကြားထားခဲ့တာဖြစ်ပါတယ်။

အစီရင်ခံစာထဲမှာ ဖော်ပြထားချက်အရ အိန္ဒိယဆင်ဆာအဖွဲ့ဟာ Superman ဇာတ်ကားထဲက ဇာတ်ဝင်ခန်းနှစ်ခုကို ဆင်ဆာဖြတ်တောက်စေခဲ့ပြီး ၃၃ စက္ကန့်ကြာမြင့်တဲ့ ဒီ “စိတ်ခံစားမှု ပြင်းထန်တဲ့ မြင်ကွင်း” နှစ်ခုကို နိုင်ငံရဲ့ ဗဟိုရုပ်ရှင်ဆင်ဆာဘုတ်အဖွဲ့ (CBFC) က U/A 13+ လက်မှတ်ရရှိဖို့အတွက် ဖြတ်တောက်ခိုင်းခဲ့တာဖြစ်တယ်လို့သိရှိရပါတယ်။

စူပါမန်းနဲ့ လွိုက်စ်လိန်းတို့ရဲ့ လေထဲက အနမ်းခန်းဟာ ရုပ်ရှင်ရဲ့ ဇာတ်သိမ်းခါနီးအပိုင်းမှာ အောင်ပွဲခံတဲ့ အခမ်းအနားတစ်ခုအနေနဲ့ ပါဝင်ခဲ့တာပါ။

ရုပ်ရှင်တွေကို အိန္ဒိယအာဏာပိုင်တွေ စိတ်ကြိုက်ဖြစ်အောင် ပြင်ဆင်တာမှာ ဒါက ပထမဆုံးအကြိမ် မဟုတ်ပါဘူး။ F1 ရုပ်ရှင်မှာတုန်းကလည်း ဘရတ်ပစ်ရဲ့ ဇာတ်ကောင်က တခြားဇာတ်ကောင်ကို လက်ခလယ် ထောင်ပြတာပါခဲ့ပေမယ့် အိန္ဒိယဗားရှင်းမှာ အဲ့ဒီဇာတ်ဝင်ခန်းအစား လက်သီးချင်း ထိုးနှက်ပြတာကို ထည့်သွင်းပေးထားရပါတယ်။

အမေရိကန်ပြည်ထောင်စုမှာတော့ Superman ဇာတ်ကားက အရမ်းကို အောင်မြင်နေပြီး ကမ္ဘာတစ်ဝန်းမှာဆိုရင်လည်း Box Office ဝင်ငွေ အမေရိကန်ဒေါ်လာ ၂၁၇ သန်း ရရှိနေပြီဖြစ်ပါတယ်။

ပြည်တွင်းမှာတင် အမေရိကန်ဒေါ်လာ ၁၂၂ သန်း ရခဲ့တာကြောင့် Superman ရုပ်ရှင်တွေထဲမှာ မြောက်အမေရိကတိုက်ထဲ အကြီးဆုံး ဝင်ငွေရရှိခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

Source – Bollywood Hungama