ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ကလပ်ကမ္ဘာ့ဖလားအစစ်ကို သမ္မတထရမ့်ယူထားပြီး ချယ်လ်ဆီးအတွက် အသစ်လုပ်ပေးခဲ့ဟုဆို

July 17, 2025

သမ္မတ ဒေါ်နယ်လ် ထရမ့်က ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)ဟာ သူ့ကို ကမ္ဘာ့ကလပ်ဖလားအစစ် အပိုင်ပေးခဲ့ပြီး ချယ်လ်ဆီးအတွက် ဖလားအသစ်လုပ်ပေးလိုက်ရတယ်လို့ ပြောပြလိုက်ပါတယ်။

သမ္မတ ဒေါ်နယ်လ်ထရမ့်က မူရင်း ကမ္ဘာ့ကလပ်ဖလားကြီးကို ဘဲဥပုံရုံးခန်းထဲမှာ အပြီးအပိုင် သိမ်းထားဖို့ ဖီဖာက သူ့ကို ပေးအပ်ခဲ့တယ်လို့ အသိပေးထားပါတယ်။

ဖီဖာရဲ့တာဝန်ရှိသူတွေက သူ့ကို “ခင်ဗျား ဒါကို ထာဝရ ယူထားလို့ရတယ်” လို့တောင် ပြောခဲ့ကြောင်း ထရမ့်က ဖွင့်ဟပါတယ်။

ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံဖြစ်သွားတဲ့ ချယ်လ်ဆီးအသင်း ကိုင်မြှောက်ရယူသွားခဲ့တာက မူရင်း ဆုဖလားကြီး မဟုတ်ဘဲ သူတို့အတွက် ပုံစံတူလုပ်ပေးလိုက်တဲ့ ဖလားအသစ်တစ်ခုသာ ဖြစ်တယ်လို့လည်း ထရမ့်က ပြောပြခဲ့ပါတယ်။

Tiffany & Co. လုပ်ငန်းစုက ဒီဇိုင်းထုတ်ထားတဲ့ အဲ့ဒီ ကလပ်ကမ္ဘာ့ဖလားကြီးဟာ ပြီးခဲ့တဲ့မတ်လကတည်းက ထရမ့်ရဲ့ ရုံးခန်းထဲမှာ ရှိနေခဲ့တာဖြစ်ပြီး ဖီဖာဥက္ကဋ္ဌ အင်ဖန်တီနို က သူ့ကို လာပြီး ပေးအပ်သွားခဲ့တာဖြစ်တယ်လို့ ထရမ့်က ရှင်းပြထားပါတယ်။

အခုချိန်ထိတော့ ဖီဖာဘက်က ချန်ပီယံချယ်လ်ဆီးအသင်းအတွက် ပုံစံတူဖလား ထပ်လုပ်ပေးခဲ့တာ ဟုတ်/မဟုတ်နဲ့ မူရင်းဖလားကို ထရမ့်ဆီ တရားဝင် လက်ဆောင်ပေးခဲ့တာ ဟုတ်/မဟုတ်ကို ဖြေရှင်းချက်ထုတ်ပြန်တာ၊ အတည်ပြုချက်ပေးတာ မရှိသေးပါဘူး။

Source – MES Times