BREAKING
June 17, 2025

လောင်းလုံး ကျောက်ဆင်ရွာသားတစ်ဦးပျောက်ဆုံးပြီး လေးရက်ကြာအထိ ရှာမတွေ့သေး

June 17, 2025

လောင်းလုံးမြို့နယ်၊ ကျောက်ဆင်ရွာသားတစ်ဦး ပျောက်ဆုံးပြီး လေးရက်အကြာ ယနေ့ ဇွန်လ ၁၇ရက် နံနက်ပိုင်းအထိ ရှာမတွေ့သေးကြောင်း မိသားစုဝင်တစ်ဦးက ပြောသည်။

ပျောက်ဆုံးနေသူမှာ အသက် ၄၅နှစ်အရွယ်ရှိ ကျောက်ဆင်ရွာသား ဦးဇော်လတ် ဖြစ်ကြောင်း မိသားစုထံမှ သိရသည်။

ဦးဇော်လတ်သည် ဇွန်လ ၁၁ ရက်တွင် ၎င်း၏ညီဖြစ်သူနှင့်အတူ ပင်လယ်ပြင်သို့ ငါးဖမ်းထွက်သွားရာမှ နေမကောင်းဖြစ်၍ ပင်လယ်ပြင်မှ လှေဖြင့် ဇွန်လ ၁၄ရက် ညတွင် ပြန်ဝင်လာခဲ့ကြောင်း မိသားစုဝင်က ဆိုသည်။

လှေဝင်ချိန်မှာ ဇွန်လ ၁၅ရက် နံနက် ၂နာရီဖြစ်နေသဖြင့် အိမ်ပြန်ရန် အဆင်မပြေသောကြောင့် ကမ်းပနီကမ်းတွင် လှေလုပ်သားများနှင့်အတူ အိပ်စက်ခဲ့ရာ မိုးလင်းချိန်တွင် ဦးဇော်လတ်ကို လှေပေါ်တွင် မတွေ့တော့ကြောင်း ပျောက်ဆုံး သူ၏ သားဖြစ်သူက ပြောဆိုသည်။

“အဖေက အရက်တော်တော်သောက်တယ်။ ပင်လယ်ထွက်သွားတဲ့ နှစ်ရက်အတွင်း အရက်မသောက်ရတော့ နေမကောင်း ဖြစ်လာလို့ ကျွန်တော့်ဦးလေးဖြစ်သူက ကမ်းပြန်ဝင်လာပို့တာ။ ကမ်းရောက်တော့ မနက်မိုးလင်းမှ အိမ်ပြန်ပို့ပေးမယ်ဆိုပြီး အားလုံးအိပ်ကြတဲ့အချိန်မှာ မနက်ကျတော့ အဖေကို လှေပေါ် မတွေ့ရလို့ လိုက်ရှာကြတော့ မတွေ့ရတော့ဘူး” ဟု ၎င်းက ပြောသည်။

လှေဝင်သည့် ကမ်းပနီကျေးရွာသည် ဦးဇော်လတ်နေထိုင်သည့် ကျောက်ဆင်ရွာနှင့် ကျေးရွာချင်းဆက်ဖြစ်ပြီး ကျောက်ဆင်၊ သဘော့ဆိပ်၊ ကရင်ကြီး၊ ကမ်းပနီ ကျေးရွာတစ်ကြောတွင် ဦးဇော်လတ်ကို လူသိများကြောင်း သားဖြစ်သူက ဆိုသည်။

“ကျွန်တော်တို့လည်း ကုန်းပေါ်မှာရော ရေထဲမှာပါ ရှာနေတာ စပျောက်ကတည်းကပဲ။ ဒီအနီးတဝိုက်မှာ အဖေ့ကို မသိတဲ့သူလဲ မရှိပါဘူး။ အားလုံးကလည်း မသိဘူး (မတွေ့ဘူး) လို့ပဲ ပြောကြတယ်” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

ယခုတလော ထားဝယ်ဒေသတွင် လူပျောက်မှုနှင့် ပတ်သက်၍ လူမှုကွန်ရက်ပေါ်တွင် အကူအညီတောင်းခံသည့် ဖုန်းနံပါတ်များကို ဆက်သွယ်ပြီး ငွေညှစ်ရန် ကြိုးပမ်းမှုများရှိကြောင်း ကိုယ်တိုင်ခံရသည့် ထားဝယ်ဒေသခံများက ဆိုသည်။