BREAKING
June 17, 2025

လောင်းလုံးဒေသခံ ဆယ်ချီကို စစ်ကောင်စီတပ်ဖမ်းထား

June 17, 2025

လောင်းလုံးမြို့နှင့် အနီးဝန်းကျင်ကျေးရွာများသို့ စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်က ဒေသခံ ၄၀ခန့်ကို ဖမ်းဆီးထားကြောင်း အဖမ်းခံရသူတို့၏ မိသားစုအချို့နှင့် စစ်ရေးသတင်းရင်းမြစ်အချို့ထံမှ သိရသည်။

ဇွန်လ ၁၄ ရက်က စပြီး စစ်ကောင်စီတပ်သည် လောင်းလုံးမြို့မှ စစ်ပြဲကျေးရွာဘက်သို့ စတင်စစ်ကြောင်းထိုးလာသည်။

ယင်းနောက် စစ်ပြဲကျေးရွာရှိ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းတို့တွင် တပ်စွဲပြီးနောက် ‌စစ်ပြဲကျေးရွာမှတစ်ဆင့် လေးသွန်းခံ၊ ကထောင်းနီကျေးရွာများကိုဖြတ်ကာ ကညုံကျွန်းကျေးရွာသို့ ဆက်လက်စစ်ကြောင်းထိုးနေသည်။

ယင်းသို့ စစ်ကြောင်းထိုးသွားလာစဉ် လယ်ထဲဆင်းလမ်းတွင် တွေ့သူများ၊ နေအိမ်ထဲနေသူများ၊ လယ်ထွန်နေသူများကို ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

“အရင်ကဆိုရင် စစ်ကြောင်းလှုပ်ရှားတာနဲ့ သတင်းရကြတယ်။ အခုကဘာသတင်းမှ မရကြဘူးဆိုတော့ ရှောင်ဖို့လည်း အချိန်မရှိ။ အဲဒီ‌တုန်းက မိုးကလည်းတအားရွာနေတာလည်းပါမယ်” ဟု ဖမ်းဆီးခံရသူ၏ မိသားစုဝင်တစ်ဦးက ပြောသည်။

အဖမ်းခံရသူတို့၏ မိသားစုဝင်အချို့နှင့် စစ်ရေးသတင်းရင်းမြစ်အချို့၏ ပြောဆိုချက်အရ ဖမ်းခံရသူ စုစုပေါင်း ၄၀ ခန့် ရှိနိုင်ကြောင်း သိရသည်။

အဖမ်းခံရသူများအထဲတွင် လသားကလေးမှစပြီး အသက်ကြီးပိုင်းအထိ အမျိုးသား၊ အမျိုးသမီးများ ပါဝင်ကြောင်း ၎င်းတို့က ပြောဆိုသည်။

ဖမ်းဆီးခံထားရသူများမှာ စစ်ကောင်စီတပ် တပ်စွဲထားသည့် ကညုံကျွန်းရွာတွင်ရှိနေဆဲဖြစ်ကြောင်း ပြောဆိုသူများရှိသလို အချို့ကမူ ရေလမ်းကြောင်းဖြင့် ထားဝယ်မြို့သို့ ပို့လိုက်ပြီဖြစ်ကြောင်း ပြောဆိုကြသည်။ ယင်းအခြေအနေနှင့်ပတ်သက်ပြီး Dawei Watch အနေဖြင့် သီးခြားအတည်ပြုနိုင်ရန် ကြိုးပမ်းနေဆဲဖြစ်သည်။

စစ်ကောင်စီတပ်က ကညုံကျွန်းရွာတွင် ဆက်ရှိနေသေးသဖြင့် ကညုံကျွန်းရွာအပါအဝင် ‌ကထောင်းနီ၊ လေးသွန်းခံ၊ စစ်ပြဲ၊ ညင်းမော်၊ ဝေဒီ အစရှိသည့် အနည်းဆုံးကျေးရွာငါးရွာက ဒေသခံများ တိမ်းရှောင်နေကြရသည်။

“လက်နက်ကြီးကလည်း နေ့တိုင်းပစ်နေတော့ လယ်တွေလည်း ဒီအတိုင်းပစ်ထားရတယ်” ဟု တိမ်းရှောင်နေရသည့် ကထောင်းနီရွာသား လယ်သမားတစ်ဦး ပြောသည်။

ယခုစစ်ကြောင်းထိုးခံနေရသည့် လောင်းလုံးမြို့နယ်က ကျေးရွာများသည် လျှပ်စစ်မီးရက်ရှည်ပြတ်တောက်နေသည့် ဒေသလည်းဖြစ်သည်။

စစ်ကောင်စီတပ် တပ်စွဲခဲ့သည့် စစ်ပြဲကျေးရွာနှင့် ကညုံကျွန်းကျေးရွာရှိ နေအိမ်များကိုလည်း ရိုက်ဖျက်၊ မွှေနှောက် ရှာဖွေထားသည်ကို တွေ့ရကြောင်း ဒေသခံအချို့ထံမှ သိရသည်။

ထို့အပြင် စစ်ကောင်စီတပ်သည် ကညုံကျွန်းကျေးရွာအတွင်းရှိ ဆိုင်ကယ်များကို အဓမ္မသိမ်းဆည်းခြင်းနှင့် ကျေးရွာအတွင်း မီးရှို့ဖျက်ဆီးခြင်းတို့ကိုလည်း လုပ်ဆောင်နေကြောင်း ဒေသခံအချို့က ပြောဆိုသည်။