ရေဖြူမြို့နယ်၊ ကံပေါက်ဒေသအခြေစိုက်၊ မောရဝတီရေတပ်စခန်းဌာနချုပ်တွင် ဖမ်းဆီးထိန်းသိမ်းထားသည့် ကျန်းမာရေး ဝန်ထမ်းဟောင်းအပါအဝင် မိသားစုဝင်သုံးဦးနှင့် ကျန်းမာရေးဝန်ထမ်းဟောင်း အခြားတစ်ဦး စုစုပေါင်း လေးဦး ပြန်လည် လွတ်မြောက်လာကြောင်း မိသားစုနှင့် ၎င်းတို့၏ မိတ်ဆွေများထံမှ သိရသည်။
ကံပေါက်တိုက်နယ်ဆေးရုံက သူနာပြုဆရာမ (အငြိမ်းစား) ဒေါ်သန်းသန်းမော်၊ ၎င်း၏သားဖြစ်သူ၊ သမီးငယ်ဖြစ်သူနှင့် အဆိုပါတိုက်နယ်ကျန်းမာရေးဌာနက ဝန်ထမ်းဟောင်း ဦးကျော်စိုးဝင်းတို့ကို မောရဝတီရေတပ်က မေလ ၃၀ ရက် ညတွင် နေအိမ်အသီးသီး၌ လာရောက်ဖမ်းဆီးသွားခြင်းဖြစ်သည်။
ဖမ်းဆီးခံရပြီး လဝက်ကျော်အကြာ ဇွန်လ ၁၆ရက် နေ့လယ်ပိုင်းတွင် ပြန်လည်လွတ်မြောက်လာကြောင်း ၎င်းတို့က ဆိုသည်။
“ဆရာရော၊ ဆရာမတို့ မိသားစုရော အိမ်ပြန်ရောက်ကြပါပြီ။ ကျန်းမာရေးလည်းကောင်းကြပါတယ်” ဟု ဒေါ်သန်းသန်းမော်၏ မိတ်ဆွေတစ်ဦးက ပြောသည်။
၎င်းတို့အား မည်သည့်အကြောင်းအရင်းကြောင့် ဖမ်းဆီးပြီး မည်ကဲ့သို့ ပြန်လွှတ်ပေးလိုက်သည်တို့ကို သေသေချာချာ မသိရသေးပေ။
ဦးကျော်စိုးဝင်းသည် အာဏာသိမ်းပြီးနောက်တွင် အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM တွင် ပါဝင်သဖြင့် ကျန်းမာရေးဌာနမှ အနားပေးခံခဲ့ရသူဖြစ်ကြောင်း ဒေသခံ ကျန်းမာရေးအသိုင်းအဝိုင်းထံမှ သိရသည်။
မင်းသားကျေးရွာအုပ်စု တိုက်ပွဲ အတွင်း မေလဆန်းပိုင်းက အဖမ်းခံထားရသည့် ကံပေါက်ဒေသခံအမျိုးသမီးတစ်ဦးမှာမူ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးကြောင်း ယင်းအမျိုးသမီးနှင့် နီးစပ်သူများက ပြောသည်။
စစ်အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ်ကတည်းက စ၍ ကံပေါက်ဒေသတွင် ဖမ်းဆီးစစ်ဆေးမှုများကို မောရဝတီရေတပ်က တိုက်ရိုက်လုပ်ဆောင်ပြီး ဖမ်းဆီးထားသူများကို ကံပေါက်နယ်မြေရဲစခန်း အချုပ်တွင် မထားရှိဘဲ မောရဝတီရေတပ်အတွင်း၌ပင် ဖမ်းဆီးစစ်ဆေးလေ့ရှိကြောင်း ဒေသခံများထံမှသိရသည်။