တိုက်ပွဲကြောင့် ထားဝယ်မြို့ပေါ်သို့ စစ်ဘေးရှောင်လာသူ ပိုများလာသဖြင့် မြို့ထဲတွင် ယခင်ကထက် အိမ်ငှားရ ပိုမိုခက်ခဲလာကြောင်း အိမ်ငှားနေသူအချို့က ပြောသည်။
အခန်းလိုအပ်သူများလာပြီး ငှားမည့်အခန်းအရေအတွက်နည်းပါးခြင်း၊ အိမ်ငှားခ ဈေးကြီးလာခြင်း၊ ရှိပြီးသား အငှား အိမ်ခန်းတွဲများအား ဖြိုဖျက်ပြီး အကွက်ရိုက်ပြန်ရောင်းချနေခြင်းတို့ကြောင့် အိမ်ငှားရ ပိုခက်ခဲလာကြောင်း ၎င်းတို့က ဆိုသည်။
အခန်းတွဲများဖြင့် ငှားရမ်းသည့် ၁၀ ပေ ပတ်လည်အခန်းကျဥ်းထဲတွင် မိသားစုခြောက်ဦး နေထိုင်နေရပြီး ပိုမိုကျယ်သည့် အခန်းသို့ ပြောင်းရွှေ့လိုသော်လည်း အိမ်ငှားခ အဆမတန်မြင့်တက်နေသဖြင့် မပြောင်းရွှေ့နိုင်သေးကြောင်း ထား၀ယ်မြို့၊ လက်၀ဲကျွန်းရပ်ကွက် အိမ်ငှားနေထိုင်သည့် အမျိုးသမီးတစ်ဦးက ပြောဆိုသည်။
“မိသားစု ခြောက်ယောက်လောက် စုပြုံပြီး အဆင်ပြေသလို နေရတော့ လွတ်လပ်မှုမရှိ။ ဝမ်းနည်းမိတယ်။ တခြား တစ်နေရာကို ပြောင်းရွှေ့နေထိုင်ကြဖို့ကလည်း မလွယ်ကူဘူး။ အိမ်ခန်းတိုင်းလိုလို အိမ်ငှား နေထိုင်သူတွေနဲ့ ပြည့်နေပြီ။ စစ်ဘေးရှောင်တွေ ပိုများလေ အိမ်ခန်းခ စျေးပိုလေပဲ။ အိမ်ရှာရတာ ပိုခက်ခဲလေပဲ” ဟု ၎င်းက ပြောသည်။
လက်ရှိငှားနေသည့် အခန်းသည် အခန်းတွဲပုံစံဖြစ်ပြီး ယခင်က တစ်လ ရှစ်သောင်း ကျပ်ပေးရပြီး လက်ရှိမှာ အခန်းပိုင်ရှင်က အခန်းခ တိုးတောင်းလာကြောင်း ဆိုသည်။
စစ်ရှောင်တွေများလာပြီးနောက် ဇွန်လ ပထမ အပတ်မှစ၍ အိမ်ရှင်အချို့သည် အိမ်ခန်းခများ စျေးပိုတောင်းလာခဲ့ပြီး ဈေးပိုပေးမှ ဆက်လက်ငှားရမ်းမည်ဆိုသည့် အခြေအနေဆိုက်လာခဲ့ကြောင်း မြို့ခံအိမ်ငှားအချို့ထံမှ သိရသည်။
နယ်ဘက်မှ ထားဝယ်မြို့ပေါ်စစ်ဘေးရှောင်ရန် ပြောင်းရွှေ့လာသူများအထဲတွင် ငွေကြေးတတ်နိုင်သူတို့က ကိုယ်ပိုင်မြေဝယ်ပြီး အိမ်ဆောက်နေထိုင်လာသူများရှိကြကြောင်း မြို့ခံများထံမှ သိရသည်။
ယခင်က အိမ်ခန်းတွဲဆောက်ကာ အခန်းငှားဝန်ဆောင်မှုပေးနေသူအချို့သည် အခန်းတွဲများကိုဖျက်ကာ မြေဝယ်မည့်သူ များကို ရောင်းချမှုအချို့လည်းရှိသဖြင့် မူလအခန်းငှားနေသူတို့မှာ အခန်းအသစ် ရှာဖွေကြရကြောင်း အိမ်ငှားနေသူအချို့က ဆိုသည်။
“လာဝယ်တဲ့ စစ်ရှောင်တွေအတွက်တော့ အဆင်ပြေကြတယ်။ ကျွန်မတို့ကတော့ အိမ်ငှားထပ်ရှာနေရင်း အခုလောလော ဆယ် မိဘအိမ်မှာပဲ ခတ္တခဏ အကူအညီတောင်းပြီး နေနေရတယ်” ဟု ထားဝယ်မြို့ထဲ အိမ်ငှားနေထိုင်လာသည်မှာ ၁၀ နှစ်ခန့်ရှိပြီဖြစ်သည့် အမျိုးသမီးတစ်ဦးက ပြောသည်။
အဆိုပါအမျိုးသမီး အိမ်စငှားရမ်းခဲ့သည့် ၂၀၁၆ ခုနှစ်တွင် အိမ်ခန်းငှားခမှာ တစ်လ သုံးသောင်းကျပ်ဝန်းကျင်သာရှိရာမှ ၂၀၁၈ တွင် ကျပ်ငါးသောင်းဝန်းကျင်၊ ထိုမှ ယခု ၂၀၂၅ တွင်မူ ကျပ်တစ်သိန်းကျော်အထိ မြင့်တက်သွားကြောင်း ဆိုသည်။
ငှားရမ်းခစျေးတက်ခြင်း၊ အိမ်၊ အခန်း ရှာရခက်လာခြင်း စသည့် အခက်အခဲစိန်ခေါ်မှုများကြောင့် မြို့ခံအိမ်ငှားများအတွက်မူ နေစရာအခက်အခဲနှင့် တစ်နေ့တစ်ခြားကြုံလာရသလို အခြားတစ်ဖက်တွင်မူ အိမ်ခန်းငှားရမ်းခဈေးတက်သဖြင့် ဆက်မငှားနိုင်တော့ဘဲ နေရပ်ပြန်လာနေကြရသည့် စစ်ဘေးရှောင်များလည်းရှိနေသည်။
“ကျွန်မတို့ ရွာပြန်ပြောင်းလာတာဆို မနှစ်ကတည်းက။ ဘာဖြစ်လို့လဲဆိုတော့ အိမ်ခန်းလခကလည်း ဈေးကြီးလာတယ်။ ပြီးတော့ (ကျောင်းထားရမယ့်) ကလေးကလည်း တစ်ယောက်ကနေ သုံးယောက်ဖြစ်လာတာလည်း ပါတယ်” ဟု လောင်းလုံးမြို့နယ်က ကျောင်းသားမိခင်တစ်ဦးက ပြောသည်။
ထားဝယ်ခရိုင်ထဲရှိ မြို့နယ်လေးမြို့နယ်စလုံးတွင် တိုက်ပွဲများပိုမိုပြင်းထန်လာနေပြီး တိုက်ပွဲဧရိယာထဲ ကျရောက်နေသည့် ကျေးရွာများဒေသခံများအထဲက ငွေကြေးတတ်နိုင်သူတို့က မြို့ပေါ်သို့ပြောင်းရွှေ့ အခြေချနေထိုင်သူများရှိလာသည်။
ယင်းအပြင် ကလေးများ၏ ပညာရေးအတွက် မြို့ပေါ်သို့ပြောင်းရွေ့နေထိုင်သူများလည်းရှိလာနေသည်။ ထိုကဲ့သို့ အကြောင်းအမျိုးမျိုးကြောင့် ထားဝယ်မြို့ပေါ်သို့ပြောင်းရွေ့သူများပြားလာသည်နှင့်အမျှ အိမ်ခန်းငှားရသည်မှာ လည်း ပိုမိုခက်ခဲလာကြသည်။
ထား၀ယ်မြို့ပေါ်တွင် အိမ်ငှားမည့်သူများပြားလာသည့်အတွက် အခန်းတွဲများ တိုးချဲ့ဆောက်လုပ်လာနေကြကြောင်း စုံစမ်းသိရသည်။
စျေးနှုန်းမှာလည်း ယခင် တစ်လကျပ်နှစ်သိန်းပေးရသည့် လုံးချင်းအိမ်တစ်လုံးမှာ လက်ရှိတွင် ငါးသိန်းကျော်အထိ ရှိလာကြောင်း အိမ်ခြံမြေအကျိုးဆောင်လုပ်ကိုင် နေသူတစ်ဦးက ပြောဆိုသည်။