BREAKING
June 17, 2025

အစ္စရေးနှင့် အပစ်ရပ်ရေး ကြားဝင်ဆောင်ရွက်ပေးရန် ပင်လယ်ကွေ့နိုင်ငံများကို အီရန် တောင်းဆို

June 17, 2025

ဓာတ်ပုံ - AP

အစ္စရေးနှင့် အပစ်ရပ်သဘောတူညီချက်ရရှိရေးအတွက် ကြားဝင်ဆောင်ရွက်ပေးရန် ပင်လယ်ကွေ့နိုင်ငံများကို အီရန်က တောင်းဆိုလိုက်ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြသည်။

အစ္စရေး – အီရန် အပစ်ရပ်ရေးအတွက် အမေရိကန်ကို ကာတာ ၊ ဆော်ဒီ ၊ အိုမန်နိုင်ငံတို့က ဖိအားပေးရန် အီရန်က တောင်းဆိုလိုက်ခြင်း ဖြစ်သည်။

အီရန်နှင့် အပစ်ရပ်ရေးကို အစ္စရေးက သဘောတူလာစေရေးအတွက် အစ္စရေးအပေါ် ဩဇာကြီးသည့် အမေရိကန်က အစ္စရေးကို ဖိအားပေးရန် ပင်လယ်ကွေ့နိုင်ငံများမှတစ်ဆင့် အီရန်က တောင်းဆိုလျက်ရှိသည်။

အပြန်အလှန်အားဖြင့် အမေရိကန်နှင့် အဏုမြူလက်နက်ထိန်းချုပ်ရေးဆွေးနွေးမှုများတွင် ၎င်းတို့ဘက်က သဘောထားပျော့ပြောင်းမည်ဟု အီရန်က ကမ်းလှမ်းထားသည်။

ပြီးခဲ့သည့်သီတင်းပတ်အတွင်း ပင်လယ်ကွေ့နိုင်ငံခေါင်းဆောင်များနှင့် ထိပ်သီးသံတမန်များသည် အစ္စရေး – အီရန် စစ်ပွဲပိုမိုတင်းမာမပြန့်ကားလာစေရေးအတွက် အီရန် ၊ အမေရိကန်အစိုးရတို့နှင့် ဖုန်းခေါ်ဆိုဆွေးနွေးညှိနှိုင်းခဲ့ကြသည်။

တစ်ချိန်တည်းမှာပင် ကာလရှည်ရန်သူများ ဖြစ်ကြသည့် အစ္စရေးနှင့် အီရန်အကြား အပြန်အလှန် တိုက်ခိုက်မှုများမှာ ပိုမိုတင်းမာအရှိန်မြင့်တက်လာနေသည်။

အစ္စရေး – အီရန် စစ်ပွဲ ထိန်းမနိုင် သိမ်းမရ ပိုမိုကျယ်ပြန့်လာမည်ကို ပင်လယ်ကွေ့နိုင်ငံများက အလွန်အမင်း စိုးရိမ်လျက်ရှိကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြသည်။

အစ္စရေး – အီရန်စစ်ပွဲ တင်းမာမှုလျှော့ချရေးအတွက် တောင်းဆိုချက်ပါဝင်သည့် G 7 နိုင်ငံခေါင်းဆောင်များ၏ သဘောထားကြေညာချက်မူကြမ်းကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က လက်မှတ်မထိုးခဲ့ပေ။

ရိုက်တာသတင်းဌာန၏ ဖော်ပြချက်အရ အဆိုပါ သဘောထားကြေညာချက်မူကြမ်းတွင် ဈေးကွက်တည်ငြိမ်မှုကို ထိန်းသိမ်းရေးနှင့် အစ္စရေး၏ မိမိကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့်ကို ဖော်ပြထားကြောင်း သိရသည်။

Source: Reuters