BREAKING
November 4, 2025

တနင်္သာရီတိုင်းတွင် ထားဝယ်ခရိုင် နိုင်ငံရေးဦးဆောင်အဖွဲ့ ဖွဲ့မည်

June 17, 2023

အစုအဖွဲ့အသီးသီးမှ ကိုယ်စားလှယ်များပါဝင်သည့် ထားဝယ်ခရိုင်နိုင်ငံရေးဦးဆောင်အဖွဲ့ကို ဇွန်လ ၂၁ ရက်နေ့တွင် ဖွဲ့စည်းမည်ဖြစ်ကြောင်း ဖြစ်မြောက်ရေးကော်မတီထံမှ သိရသည်။

စစ်အာဏာရှင်စနစ်ကို အပြီးတိုင်ဖယ်ရှားပြီး ဖယ်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရာတွင် တနင်္သာရီတိုင်းအနေဖြင့်  အဖွဲ့ဝင်ပြည်နယ် သို့မဟုတ် ယူနစ်တစ်ခုအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ရည်ရွယ်ဖွဲ့စည်းခြင်းဖြစ်သည်ဟု ဆိုသည်။

ယင်းနိုင်ငံရေး ဦးဆောင်အဖွဲ့တွင် ခရိုင်အတွင်းရှိ မြို့နယ်တစ်ခုလျှင် ကိုယ်စားလှယ် ၆ ဦးနှုန်းဖြင့် စုဖွဲ့မည်ဖြစ်ကြောင်း ခရိုင်နိုင်ငံရေးဦးဆောင်အဖွဲ့ ဖြစ်မြောက်ရေး ကော်မတီဝင်တစ်ဦးဖြစ်သည့် ဦးဟိန်းထက်က ရှင်းပြသည်။

ထို့အပြင် လက်ရှိဖွဲ့စည်းမည့် ခရိုင်နိုင်ငံရေးဦးဆောင်အဖွဲ့တွင် မြို့နယ်အဆင့် နိုင်ငံရေးဦးဆောင်အဖွဲ့မှ ကိုယ်စားလှယ်များအပြင် ပါသင့်ပါထိုက်သည့် အခြားအစုအဖွဲ့များလည်း ပါဝင်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ဒီလိုစုဖွဲ့မှုတွေ ဆောင်ရွက်နေတာက ကျွန်တော်တို့တနင်္သာရီတိုင်းရဲ့ နိုင်ငံရေးဦးဆောင်အဖွဲ့တစ်ဖွဲ့ သို့မဟုတ် တိုင်းအတိုင်ပင်ခံကောင်စီလို တစ်ခုပေါ်လာဖို့အတွက် အဓိကရည်ရွယ်ပြီးတော့ ဆောင်ရွက်နေခြင်း ဖြစ်တယ်ပေါ့”ဟု ဦးဟိန်းထက်က ပြောသည်။

ခရိုင်အတွင်းရှိ လောင်းလုံး၊ သရက်ချောင်း၊ရေဖြူနှင့် ထားဝယ်မြို့နယ်တို့တွင် သက်ဆိုင်ရာမြို့နယ် နိုင်ငံရေးဦးဆောင်အဖွဲ့ များကို ပြီးခဲ့သည့်နှစ်နှင့် ယခုနှစ်အတွင်း ဖွဲ့စည်းထားပြီးဖြစ်သည်။

ယင်းမြို့နယ်နိုင်ငံရေး ဦးဆောင်အဖွဲ့များတွင် တော်လှန်ရေးအစုအဖွဲ့အားလုံးနီးပါး ပါဝင်သည့် ကာကွယ်ရေးအစုအဖွဲ့ ၊ အုပ်ချုပ်ရေးအစုအဖွဲ့၊ သပိတ်ကော်မတီအစုအဖွဲ့၊နိုင်ငံရေးပါတီများ အစုအဖွဲ့၊ လွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့၊ CDM အစုအဖွဲ့၊ ထောက်ပို့အစုအဖွဲ့၊ အရပ်ဖက်အဖွဲ့အစည်းအစုအဖွဲ့ စသည့်အစုအဖွဲ့များမှ ရွေးချယ်သည့် ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားပြီးဖြစ်သည်။

မြို့နယ်နိုင်ငံရေးဦးဆောင်အဖွဲ့တစ်ခုလျှင် ကိုယ်စားလှယ်အရေအတွက် ၂၁ ဦးမှ ၃၀ ကျော်အထိ ပါဝင်သည်။

တနင်္သာရီတိုင်းအတွင်းရှိ မြိတ်နှင့်ကော့သောင်းတို့တွင်လည်း ခရိုင်နိုင်ငံရေးဦးဆောင်အဖွဲ့များ ဖွဲ့စည်းထားပြီးဖြစ်သည့်အတွက် တိုင်းအဆင့်ဖွဲ့စည်းနိုင်ရေး ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ကြောင်း ဦးဟိန်းထက်က ဆိုသည်။

“ဖယ်ဒရယ်ယူနစ်တစ်ခုအတွက် အနာဂတ်မှာတနင်္သာရီတိုင်းကို ဘယ်လိုပုံစံမျိုးနဲ့ သွားကြမယ် တော်လှန်ရေးအရ ဘယ်လိုစုဖွဲ့မှုသွားကြမယ်။ နိုင်ငံရေးအရ ဘယ်လိုသွားကြမယ်ဆိုတာ စုဖွဲ့ဆွေးနွေးဆောင်ရွက်ပြီးပြီဆိုရင် တနင်္သာရီအနာဂတ်ကို တနင်္သာရီသားတွေကပဲ ဆုံးဖြတ်၊ ဦးဆောင် လုပ်ကိုင်တဲ့ အခြေအနေကို ဦးတည်ဖို့အတွက် ဆောင်ရွက်နေခြင်းဖြစ်တယ်”ဟု ၎င်းက ပြောသည်။

ကရင်နီပြည်နယ်(ကယား)တွင်လည်း ကြားကာလအုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းကြောင်း အခုနှစ် ဇွန်လ ၁၂ ရက်နေ့က အတည်ပြုထုတ်ပြန်ခဲ့သည်။