ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

တနင်္သာရီတိုင်းက စစ်ဘေးရှောင်များ ငှက်ဖျားနှင့် ‌ရာသီတုပ်ကွေးဖြစ်ပွား၊ ဆေးဝါးများအရေးပေါ်လို

June 17, 2023

တနင်္သာရီတိုင်းက စစ်ဘေးရှောင်များ ငှက်ဖျားရောဂါနှင့် ရာသီတုပ်ကွေးရောဂါများ ခံစားနေကြရပြီး ဆေးဝါးများ‌ အရေးပေါ်လိုအပ်နေကြောင်း တနင်္သာရီတိုင်း စစ်ဘေးရှောင်ကူညီရေးပူးပေါင်းအဖွဲ့ထံမှ သိရသည်။

ဇွန်လ ပထမပတ်ကစပြီး ငှက်ဖျားနှင့် တုပ်ကွေးရောဂါများ ခံစားနေကြရကာ ကလေး၊ လူကြီး မရွေးဖြစ်ပွား နေကြကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

၎င်းတို့ကို ဆေးကုသ‌ပေးမည့် ကျန်းမာရေးဝန်ထမ်းနှင့် ဆေးဝါးများ လိုအပ်‌နေကြောင်း အထက်ပါပူးပေါင်းအဖွဲ့၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။

စစ်အာဏာသိမ်းမှု ၂ နှစ်ကျော်ကာလအတွင်းမှာ တနင်္သာရီတိုင်းဒေသကြီးတွင် တိုက်ပွဲများကြောင့် အိုးအိမ်စွန့်ခွာ‌ထွက်ပြေးတိမ်းရှောင်နေရသူ လေးသောင်းဝန်းကျင်ရှိကြောင်း စစ်ဘေးရှောင်များ ကူညီစောင့်ရှောက်ရေး ပူးပေါင်းအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

မြိတ်ခရိုင် တနင်္သာရီမြို့နယ်တစ်ခုတည်းတွင် စစ်ဘေးရှောင် လေးထောင်နီးပါးရှိသည့်အနက် တစ်ရာကျော်မှာ ရာသီတုပ်ကွေးဖြစ်ပွားနေပြီး အချို့မှာ ငှက်ဖျားရောဂါခံစားနေရကြောင်း နွေဦးမေတ္တာ စစ်ဘေးရှောင်ကူညီရေးအဖွဲ့၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“အဓိက ငှက်ဖျားဆေး အရမ်းရှာရခက်သလို အခြားဆေးဝါးတွေလည်း လုံလောက်မှုမရှိဘူး” ဟု ၎င်းက ပြောဆိုသည်။

လတ်တလော သရက်ချောင်းမြို့နယ်တွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးမှုကြောင့် ဒေသခံတစ်သောင်းကျော် စစ်ဘေးရှောင်နေကြရသည်။

လတ်တလောထွက်ပြေး တိမ်းရှောင်လာကြသည့် စစ်ဘေးရှောင်များအတွက်လည်း အမိုးအကာ၊ အနွေးထည်များ လိုအပ်နေဆဲဖြစ်ကြောင်း စစ်ဘေးရှောင်အရေးကူညီသူများထံမှ သိရသည်။

မိုးဦးရာသီတွင် နှာစီး၊ ချောင်းဆိုး၊ ကိုယ်လက်ကိုင်ခဲ ဖျားနာမှုများလည်း ဖြစ်ပွားနေကြောင်း ၎င်းတို့ထံမှ သိရသည်။

ယခုနှစ်မိုးရာသီတွင် တနင်္သာရီတိုင်းရှိ စစ်ဘေးရှောင်များအတွက် စားနပ်ရိက္ခာ၊ အမိုးအကာ၊ ဆေးဝါး စသည့် ပစ္စည်းများ လိုအပ်ချက် များပြားနေသည့်အတွက် တနင်္သာရီတိုင်းရှိ စစ်ဘေးရှောင်ကူညီစောင့်ရှောင့်ရေးအဖွဲ့ (၆) ဖွဲ့ပူးပေါင်း၍ ပြီခဲ့သည့်ဇွန်လ ၁၂ ရက်နေ့က ကမ်ပိန်းတစ်ခု လူမှုကွန်ရက်တွင် စတင်ခဲ့သည်။

‘ဝသန်ဦးအတွက် ဆန်စုဗူး’ ကမ်‌ပိန်းဖြစ်ပြီး ဇွန်လ ၁၂ ရက်မှ ဇူလိုင်လ ၂၆ ရက်နေ့အထိ ၄၅ ရက်အတွင်း ဆန်အိတ် ၁၅၀၀ စုဆောင်းနိုင်ရန်ဖြစ်သည်။

တစ်ဦးချင်း တစ်ဖွဲ့ချင်းအနေဖြင့် ရိက္ခာဆေးဝါးများကို ဝသန်ဦးအတွက် ဆန်စုဗူး Facebook လူမှုကွန်ရက် စာမျက်နှာ မက်ဆင်ဂျာမှတစ်ဆင့် ဆက်သွယ်ပါဝင်လှူဒါန်းနိုင်ကြောင်း အထက်ပါပူးပေါင်းအဖွဲ့က နှိုးဆော်ထားသည်။