ဘယ်တတ်နိုင်မလဲ။ အသစ်ဘယ်လောက်ကောင်းကောင်း အဟောင်းမမေ့ရဘူးဆိုတဲ့ စကားအတိုင်းပေါ့။ ဒီနေ့တော့ လက်တော့အချောလေးကို ချောင်ခဏ ထိုးပြီး အချစ်ဦးဆီ မျက်နှာအပ်ရတော့မယ်။
တကယ်ပါ ဒီဂျစ်တယ်ခေတ်ထဲ ပစ်ဝင်ပြီး တစ်ချိန်လုံး Laptop ရှေ့ထိုင်၊ အလုပ်လုပ်နေတော့ မျက်လုံးတွေက အရင်ကလို မဟုတ်တော့။ ဒီနေ့လည်း စာလေးဘာလေးရေးဦးမယ်ဆိုပြီး ကြံကာမှ မျက်လုံးက ဆန္ဒပြလာလို့ မရေးတော့ဘူးလေဆိုပြီး ဒီအတိုင်းနေတာ။ ဘာပြောကောင်းမလဲ မျက်လုံးကို အဖော်လုပ်ပေးချင်လို့ ထင်ပါရဲ့ မီးပါ ပြတ်တယ်။ အေးရော။
ဒီလိုနဲ့ ဘယ်ကနေ ဘယ်လိုဖြစ်တယ် မသိ။ ဟိုးအရင်တုန်းကလို ဗလာစာအုပ်လေးနဲ့ စာပြန်ရေးကြည့်မယ်ဆိုပြီး အတွေးကလေးက ဆတ်ခနဲ ပေါ်တော်မူလာ။ ဒီတော့ ဆတ်ခနဲပေါ်လာတုန်း ဖြတ်ခနဲ ထလုပ်ရတာပေါ့။
“ ဘာယူမလဲ”
“ စာရေးကိရိယာတွေ ရသေးတယ်မလားဗျ”
“ အေး ရတယ်လေ”
“ ကျွန်တော့်ကို တစ်ကြောင်းမျဉ်းဗလာစာအုပ်တစ်အုပ်၊ ခဲတံတစ်ချောင်း၊ ဘောပင် အပြာကတစ်ချောင်း၊ အနီကတစ်ချောင်း ၊ ခဲဖျက်အမည်းရောင်တစ်ခု၊ ချွန်ဓား တစ်ချောင်းပေးပါ”
အိမ်နဲ့ နည်းနည်းဝေးတဲ့ ကုန်စုံဆိုင်တစ်ဆိုင်မှာ စာရေးဖို့အတွက် လိုအပ်တာလေးတွေ ထွက်ဝယ်ဖြစ်တယ်။ အမှန်တိုင်းပြောရရင် အစိုးရပညာရေးဌာနက ထွက်လာခဲ့ပြီးတဲ့ လေးနှစ်တာကာလအတွင်းမှာ စာရေးကိရိယာ ပြန်ဝယ်ဖြစ်တာ ဒါ ပထမဆုံးအကြိမ်ပါ။
“ ဗလာစာအုပ်က ဒါပဲ ရှိတယ်၊ ယူမလား”
စာအုပ်တစ်အုပ် မျက်နှာရှေ့ ဆတ်ခနဲ ထိုးပေးလာလို့ အမြန်ယူကြည့်လိုက်ရတယ်။ မဟုတ်ရင် စာအုပ်က ပါးစပ်ထဲ ဒါမှမဟုတ် မျက်လုံးထဲ ဇွတ်ဆိုပြီး ဝင်သွားတော့မယ့် ကိန်း။
စာအုပ်ကို အနီးကပ် မြင်လိုက်တဲ့ အချိန်မှာပဲ လူက တွန့်ခနဲ ဖြစ်သွားတယ်။ တကယ်လည်း တွန့်ခနဲဖြစ်သွားစေတဲ့ စာအုပ်မျိုးကိုး။
စာအုပ်အဖုံးက အပြာနုရောင်။ အဖုံးအလယ်မှာတော့ အဖြူရောင်လေးထောင့်အကွက်ကို ဘောင်ထောင့်လေးတွေ လုံးထားပြီး ဒီဇိုင်းဖော်ထားပါတယ်။ ဒီအဖြူရောင် လေးထောင့်ကွက်ထဲမှာ အပြာနုရောင်နဲ့ ပုံဖော်ထားတဲ့ လိုဂိုတစ်ခုနဲ့ မြန်မာလို၊ အင်္ဂလိပ်လိုရေးထားတဲ့ စာသားအနည်းငယ်ပါပါသေးတယ်။
လိုဂိုရဲ့ အောက်မှာ ရေးထားတာက “ Alternative Education”။
သူရဲ့ အောက်ဘက်နားလေးမှာ “ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေး” ဆိုတဲ့စာသားကို ပိုကြီးတဲ့ စာလုံးအရွယ်အစားနဲ့ ရေးထားသေးတယ်။
ပြီးရင်တော့ “ EXERCISE BOOK” တဲ့။ သူ့အောက်တည့်တည့်မှာတော့ အစက်၂၆ စက်ကိုတစ်တန်း စီထားတဲ့ အတန်းလေးတန်းကိုမှ အပေါ်အောက်စဉ်ပြီး ဘောင်တစ်ခု ခတ်ထားလေရဲ့။ ငယ်ငယ်က အမည်၊ အတန်း၊ ဘာသာရပ်၊ ကျောင်းအမည် တွေကို ဒီအတန်းလေးတန်းပေါ် မလှမပလက်ရေးကြီးနဲ့ ရေးခဲ့ဖူးတာကို ပြေးသတိရမိပါသေးတယ်။
အတန်းလေးတန်းရဲ့ အောက်ဘက်မှာတော့ “80” ဆိုပြီး စာမျက်နှာကို ဖော်ပြထားသေးတယ်။ အဲဒီစာမျက်နှာ အရေအတွက်ရဲ့ နံဘေးမှာ စာသားလေးတစ်တန်းပါပါတယ်။ ဒီစာတန်းက တကယ့် စပရိုက်။
“ ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာနက အခမဲ့ဖြန့်ဝေသည်” တဲ့။
“ ယူမယ်ဆိုလည်း ယူ၊ မယူဘူးဆိုလည်း ပြန်ပေးတော့၊ ဒီလောက်တောင် ကြည့်နေဖို့ လိုလား”
နားစည်ကို မာဆတ်ဆတ်နဲ့ လာရိုက်တဲ့ ဆိုင်ရှင်အသံကြောင့် ပြုံးမိသွားတယ်။ စာအုပ်ကိုင်ပြီး ငြိမ်နေမိတာ ဘယ်လောက်ကြာသွားမှန်း ကိုယ်တိုင်လည်း မမှတ်မိတော့ဘူးကိုးဗျ။
“ ယူမယ်ဗျ။ စာအုပ်က တစ်အုပ်ကို ဘယ်လောက်လဲ အန်တီ”
“ ရှစ်ရာ့ငါးဆယ်”
“ တစ်ဒါဇင်ဈေး ဘယ်လောက်လဲဗျ”
“ ဒါဇင်ဈေးလည်း တစ်အုပ်ရှစ်ရာ့ငါးဆယ်နဲ့ပဲ ရောင်းတယ်၊ အလျော့မရှိဘူး”
“ ဘယ်နှဒါဇင်လောက်ရှိလဲ အန်တီ”
“ ခဏစောင့်ဦး”
ပြောပြောဆိုဆိုနဲ့ ဆိုင်ရှင်က စာအုပ်တွေစီထားတဲ့ ဆိုင်ထောင့်နေရာဆီကို ဝင်သွားပါတယ်။
“ ကိုးဒါဇင်ပဲ ကျန်ပြီ။ ဘယ်နှဒါဇင် ယူမှာလဲ”
ထောင့်ကနေပဲ သူလှမ်းအော်မေးလာပါတယ်။
“ ဒီတစ်အုပ်ပဲ ကျွန်တော်ယူမှာပါ”
ကျွန်တော်လည်း မဆိုင်းမတွပဲ ပြန်ဖြေပေးလိုက်ပါတယ်။ ဒါပေမဲ့ ကျွန်တော့်အသံက တိုးသွားတယ် ထင်သဗျ။
“ ဘယ်နှဒါဇင်လို့ ပြောလိုက်တာလဲ ဟေ့။ မကြားရဘူး။ ကျယ်ကျယ်ပြော”
“ ဒါဇင်လိုက် မယူဘူးအန်တီ။ တစ်အုပ်ပဲ ယူမယ်ဗျ”
မူရင်း အသံထက် အားထည့်ပြီး လှမ်းအော်လိုက်ရတာမို့ နံဘေးကလူတွေများ ငါ့ကို ကြည့်နေကြသလားဆိုတဲ့ မလုံစိတ်နဲ့ ဘေးဘီဝဲယာကြည့်ဖြစ်ပါသေးတယ်။
“ တစ်အုပ်ယူပဲ ယူတာကိုများ၊ ဘယ်နှဒါဇင်ရှိလဲက မေးနေသေးတယ်။ ရော့—-ဒီမှာ”
ညာနှုတ်ခမ်းထောင့်ကို ညာဘက်နားဆီ မရောက်တရောက် လုပ်ပြီး ပစ္စည်းတွေကမ်းလာတဲ့ ဆိုင်ရှင်ရဲ့ မျက်နှာကို ကြည့်ပြီး ကျွန်တော့် စိတ်ထဲကနေ အသံမဲ့ ရယ်လိုက်မိတယ်။ သူ ဘယ်နှဒါဇင်လောက် ရောင်းရဖို့ မျှော်လင့်လိုက်မိပါလိမ့်။
“ ဘယ်လောက်ကျလဲဗျ”
“——– “
ကျသင့်ငွေကို ရှင်းပြီး အိမ်ဘက်ပြန်လျှောက်ရင်းနဲ့ မကြာသေးခင်က Facebookတစ်ခွင်မှာ နာမည်ကြီးခဲ့တဲ့ သတင်းတစ်ပုဒ်ရဲ့ အဖွင့်ပိုဒ်လေးက ခေါင်းထဲ ဘုတ်ခနဲ ခုန်ချလာရော။ အဖွင့်ပိုဒ်လေးက ဒီလိုဗျ။
“ငလျင်ဘေးသင့်ပြည်သူတွေအတွက် ဖြန့်ဝေပေးထားတဲ့ ကမ္ဘာ့စာနပ်ရိက္ခာအစီအစဉ် WPFရဲ့ အဟာရဖြည့် ဘီစကွတ်တွေကို ရောင်းချနေတာ တွေ့ရှိခဲ့ရင် ချက်ချင်းအရေးယူဆောင်ရွက်သွားမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမ္မဂရုံးက မနေ့ကကြေညာပါတယ်”
အားလုံးလည်း ဖတ်မိလိုက်ကြမယ် ထင်ပါတယ်။ ဘာရယ်မဟုတ် ကိုယ့်အတွေးနဲ့ကိုယ် ပြုံးတောင်ပြုံးမိလိုက်သေးတယ်။ တကယ်ကောင်တွေဗျ။
“ မင်းအမေလမ်းမှတ်နေသလားဟေ့။ သေချင်ရင် အိမ်မှာ သွားသေ။ တိုက်သတ်ထားရစ်လို့ အလောင်းပါ မရဖြစ်သွားမယ်”
ဟင်..။ နံဘေးက ဖြတ်မောင်းသွားတဲ့ ဆိုင်ကယ်တစ်စီးက ဒေါကြီးမောကြီး အော်ပြောသွားလို့ ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်တော့လည်း ကိုယ်က လမ်းနံဘေးမှာမှ သူများအိမ်ထဲ မရောက်တရောက်ဖြစ်အောင်ကို အတွင်းရောက်နေတာ။ ဒီတော့ ဘေးဘီဝဲယာ ကပျာကယာကြည့်ရသေးတယ်။ တခြားသူများ ရှိနေသေးသလားပေါ့။ ဘယ်ကလာ ရှိရ။ တစ်ယောက်တည်းမှ ကိုယ့်တစ်ယောက်တည်း။
တိုက်သွားလည်း သေသွားလည်း ဘယ်အရေးအလဲလေ။ စုတ်ပြတ်နေတဲ့ ဒီခေတ်ကြီးထဲ တကယ်အသက်ရှင်နေတဲ့ သူတွေရော ရှိနေလို့လား။ သက်ရှိငရဲနန်းကနေ ရက်စောပြီး လွတ်ငြိမ်းရသွားတာပေါ့။ အဟေး ပျော်စရာလေးတစ်ဖြတ်။
အိမ်ရောက်ဖို့ နည်းနည်းလိုနေသေးတော့ ဝယ်လာတဲ့ ဗလာစာအုပ်ကို လမ်းလျှောက်နေရင်းပဲ ဖွင့်ကြည့်မိလိုက်တယ်။ ရှေ့ဖက်အဖုံးရဲ့အတွင်းဘက်မှာ မုန်တိုင်းဘေး အသိပညာပေး နဲ့ မြေငလျင်ဘေး အသိပညာပေးဆိုပြီး အချက်တချို့ ရေးထားတယ်။ နောက်ဖက်အဖုံးရဲ့ အတွင်းဘက်မှာကျတော့ ရေဘေး အသိပညာပေး၊ မီးဘေး အသိပညာပေး နဲ့ မိုးကြိုးဘေး အသိပညာပေးဆိုပြီး အချက်တွေ ရေးထားတယ်။
လျှောက်ရင်း ဖတ်ရင်း အကြံပြုချင်စိတ်လေးတောင် ပေါ်လာသဗျ။ ဒီဘေးတွေအပြင် လူဘေး အသိပညာပေးလေးပါ ထည့်ပေးထားရင် ခုထက် ပိုရောင်းကောင်းသွားဦးမယ်မလား။ ။
ဘရိုင်ယံရိန်း
၁၁.၅.၂၅
ည ၁၁ နာရီ ၄၂ မိနစ်