မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်aများထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။
မေ ၁၁ ရက်မှ ၁၇ ရက်အထိ
စစ်ကိုင်းနဲ့ ရခိုင်မှာ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အစုလိုက်အပြုံလိုက်သေဆုံး

စစ်ကိုင်းတိုင်းနဲ့ ရခိုင်ပြည်နယ်မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ကျောင်းသားကျောင်းသူ ကလေးငယ်တွေ၊ ဆရာမတွေ၊ အမျိုးသမီးတွေအပါအဝင် အစုလိုက်အပြုံလိုက်သေဆုံးမှုတွေ ဖြစ်ပွားခဲ့ပါတယ်။
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးတိန်တွင်းရွာ စာသင်ကျောင်းကို မေလ ၁၂ရက်မှာ စစ်ကောင်စီတပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် ကျောင်းတက်နေတဲ့ ကျောင်းသား၊ ကျောင်းသူ ၂၂ဦးနဲ့ ဆရာမနှစ်ဦး စုစုပေါင်း ၂၄ ဦး သေဆုံးပြီး တစ်ရာကျော်ဒဏ်ရာရခဲ့ပါတယ်။ အိုးတိန်တွင်းရွာ စာသင်ကျောင်းဟာ NUG ရဲ့ ကြားကာလ ပညာသင်ကျောင်း ဖြစ်ပြီး ပုံမှန်ကျောင်းဖွင့်ချိန် မဟုတ်ပေမယ့် စစ်ဘေးရှောင်ရင်း အတန်းနောက်ကျသူတွေအတွက် ဖွင့်လှစ်သင်ကြားပေးနေတာလို့ NUG က ထုတ်ပြန်ထားပါတယ်။
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ထွန်းရဝေရွာဟောင်းကျေးရွာကိုလည်း မေလ ၁၃ ရက်မှာ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် ကလေးငယ်တွေအပါအဝင် ၁၂ ဦးသေဆုံးပြီး ၂၃ ဦးဒဏ်ရာရရှိခဲ့ပါတယ်။ အဲဒီ လေကြောင်းတိုက်ခိုက်မှု နှစ်ခုစလုံးဟာ တိုက်ပွဲဖြစ်ပွားတာ တစ်စုံတစ်ရာမရှိဘဲ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
……………………………………..
ငလျင်ကြောင့် အပစ်ရပ်ချိန် လေကြောင်းတိုက်ခိုက်လို့ ပြည်သူ ၁၈၀ကျော်သေဆုံး

ငလျင်ဘေး ပြန်လည်ထူထောင်ရေးအတွက် စစ်ကောင်စီ အပစ်အခတ်ရပ်စဲကြောင်း ကြေညာထားတဲ့ ကာလအတွင်း လေကြောင်းကနေ တိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ ၁၈၀ကျော်သေဆုံးပြီး သုံးရာနီးပါး ဒဏ်ရာရတယ်လို့ NLD ပါတီက မေလ ၁၅ရက်မှာ ထုတ်ပြန်ပါတယ်။
စစ်ကောင်စီရဲ့ အပစ်ရပ်ကာလဖြစ်တဲ့ ဧပြီလ ၃ရက်ကနေ မေလ ၁၃ ရက်အထိ ငလျင်ဘေးဒဏ်သင့်ဒေသတွေ အပါအဝင် တိုင်းနဲ့ပြည်နယ် ၁၁ခုမှာ လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၁၈၀ကျော်ပြုလုပ်ခဲ့တယ်လို့ဖော်ပြပါတယ်။ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် သေဆုံးဒဏ်ရာရသူထဲမှာ အသက် ၁၈နှစ်အောက် ကလေးတစ်ရာကျော် ပါဝင်တယ်လို့ ဆိုပါတယ်။
လေယာဉ်နဲ့ ဗုံးကြဲလို့ စစ်ကိုင်းနဲ့ ရခိုင်မှာ ပြည်သူတွေ အစုလိုက်အပြုံလိုက်သေဆုံးတဲ့ဖြစ်စဉ်တဲ့ရှိခဲ့တဲ့ မေလ ၁၂ ရက်နဲ့ ၁၃ ရက်တွေမှာ စစ်ကောင်စီဟာ စစ်ကိုင်းတိုင်း မြင်းမူမြို့၊ ရှမ်းပြည်နယ် မန်တုံမြို့၊ မိုင်းငေါ့မြို့နဲ့ နောင်ချိုမြို့၊ မန္တလေးတိုင်းထဲက ဝက်လက်မြို့၊ ရွှေဘိုမြို့နယ်က ကျေးရွာနှစ်ရွာ၊ ပဲခူးတိုင်း ရွှေကျင်မြို့တွေကိုလည်း တိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူတွေ သေဆုံးခဲ့ရတယ်လို့ NUG က ထုတ်ပြန်ထားပါတယ်။
မေလ ၁၃ ရက်နောက်ပိုင်းမှာလည်း တိုင်းနဲ့ ပြည်နယ် အများအပြားကို တစ်ရက်တည်း လေယာဉ်နဲ့ ဗုံးကြဲတာတွေ ဆက်တိုက်လုပ်နေတာလည်း တွေ့ရပါတယ်။
စစ်ကောင်စီဟာ ၂၀၂၅ခုနှစ် ဇန်နဝါရီလကနေ မေလ ၁၂ရက်အထိ တိုင်းနဲ့ပြည်နယ် ၁၃ခုမှာလေကြောင်းတိုက်ခိုက်မှု အကြိမ် ရေ ၂၇၀၀ နီးပါးပြုလုပ်ခဲ့ပြီး အရပ်သားပြည်သူ သုံးထောင်ကျော် သေဆုံးခဲ့တယ်လို့လည်း NUG ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ လက်ရှိမှာလည်း စစ်ကောင်စီရဲ့ အပစ်ရပ်ကြေညာချက်ဟာ ဟန်ပြထုတ်ပြန်မှုသာဖြစ်ပြီး လက်တွေ့မှာ လေကြောင်း တိုက်ခိုက်တာ၊ လက်နက်ကြီး ပစ်ခတ်တာ၊ အစုလိုက်အပြုံလိုက်သတ်ဖြတ်တာတွေကို နေ့စဉ်ရက်ဆက် ကျူးလွန်နေတယ်လို့လည်း NUG က ဆိုပါတယ်။
စစ်ကောင်စီက ငလျင်ဘေးထူထောင်ရေးအတွက် မေလ ၃၁ ရက်အထိ အပစ်ရပ်ကြေညာထားပေမယ့် တိုက်ပွဲ ဖြစ်ပွားတာ မရှိတဲ့ ဒေသတွေမှာပါ လေကြောင်းတိုက်ခိုက်မှုတွေကို ဆက်တိုက်လုပ်ဆောင်နေတာ တွေ့ရပါတယ်။
……………………………………..
အမိန့်ပေးစနစ်ပြောင်းပြီး လေကြောင်းတိုက်ခိုက်မှု အစွမ်းကုန်လုပ်လာ

စစ်ကောင်စီဟာ အမိန့်ပေးကွက်ကဲမှုနဲ့ လေကြောင်းစစ်ဆင်ရေးဗျူဟာပြောင်းလဲကျင့်သုံးပြီး လေကြောင်းတိုက်ခိုက်မှုတွေကို အဆမတန်တိုးမြှင့်လာတယ်လို့ မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့MDSI က ထုတ်ပြန်ပါတယ်။
MDSI ဟာ CDM တပ်မတော်သားတွေနဲ့ ဖွဲ့စည်းထားတဲ့ သုတေသနအဖွဲ့ဖြစ်ပါတယ်။ အရင်က အရေးပေါ်စစ်ရေး အခြေအနေ တွေမှာ လေကြောင်းပစ်ကူတောင်းရင် ကက (ကြည်း) ကို အဆင့်ဆင့်တင်ပြတောင်းခံရတယ်လို့ ဆိုပါတယ်။ အခုနောက်ပိုင်း စစ်ရေးကျယ်ပြန်လာတဲ့အတွက် အနီးကပ်လေကြောင်းပစ်ကူတွေကို မြေပြင်စစ်ဆင်ရေး တပ်မှူးတွေ၊ တပ်မမှူး၊ တိုင်းမှူးတွေက တောင်းခံရယူတဲ့ စနစ်ကို ပြောင်းလဲ ကျင့်သုံးနေတယ်လို့ MDSI က ဖော်ပြပါတယ်။
မဟာဗျူဟာအဆင့် နိုင်ငံအနှံ့လေကြောင်းစစ်ဆင်ရေးတွေကိုတော့ ဒုတပ်ချုပ်ပါတဲ့ ပူးတွဲစစ်ဆင်ရေးကွက်ကဲမှုဌာန (JOC) က ဆုံးဖြတ်တယ်လို့ ဆိုပါတယ်။ စစ်ကောင်စီဟာ လေကြောင်းတိုက်ခိုက်ရာမှာ တိုက်ခိုက်ရေးလေယာဉ်တွေအပြင် သယ်ယူ ပို့ဆောင်ရေး လေယာဉ်၊ ရဟတ်ယာဉ်တွေကိုပါ တိုက်ခိုက်ရေးအတွက် ပြင်ဆင်ပြောင်းလဲ အသုံးပြုလာတယ်လို့လည်း ဖော်ပြပါတယ်။
စစ်ကောင်စီဟာ တိုက်လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေကို အသစ်ဝယ်ယူအားဖြည့်တာ၊ အဆင့်မြှင့်တာတွေ ဆက်တိုက် လုပ်ဆောင်နေပြီး လက်ရှိမှာတိုက်ခိုက်ရေးအတွက် အသုံးပြုနေတဲ့ လေယာဉ် ၁၈၀ နီးပါးကို အသင့်အနေအထားနဲ့ ထားထားတယ်လို့လည်း MDSI ရဲ့ စာရင်းတွေအရ သိရပါတယ်။ ဒါ့အပြင် စစ်လက်နက်စက်ရုံတွေကနေ လေကြောင်းဗုံး လက်နက်နဲ့ ဒရော့ဗုံးတွေကို အဆက်မပြတ် စမ်းသပ် တိုးမြှင့် ထုတ်လုပ်အသုံးပြုနေတယ်လို့လည်း ဆိုပါတယ်။
လေကြောင်း ကင်းထောက်တာနဲ့ တိုက်ခိုက်တာတွေမှာ တရုတ်နဲ့ ရုရှားထုတ် မောင်းသူမဲ့လေယာဉ်တွေကို အသုံးပြုလာ တယ်လို့ ဖော်ပြပါတယ်။ စစ်ကောင်စီဟာ တော်လှန်ရေးအဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နေမြေတွေထဲက စာသင်ကျောင်း၊ ဆေးရုံ စတဲ့ လူစည်ကားရာ အရပ်ဘက်နေရာတွေကို ဗျူဟာချ ပစ်မှတ်ထားပြီး တိုက်ခိုက်နေတယ်လို့လည်း ထောက်ပြပါတယ်။
……………………………………..
အနိမ့်ဆုံးလုပ်ခတိုးဖို့ ဥရောပကုန်သည်အသင်းပြော

မြန်မာနိုင်ငံမှာ အနိမ့်ဆုံးလုပ်အားခကို တိုးမြှင့်သတ်မှတ်ဖို့ ဥရောပကုန်သည်များအသင်းက တိုက်တွန်းလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၁၈ခုနှစ်က သတ်မှတ်ပြဋ္ဌာန်းထားတဲ့ တစ်ရက်အနိမ့်ဆုံးလုပ်အားခ ကျပ် ၄၈၀၀ ကို ပြန်လည်ပြင်ဆင် သတ်မှတ်တာ မရှိသေးပါဘူး။ အာဏာသိမ်းကာလမှာ ငွေကြေးဖောင်းပွမှုတွေ မြင့်တက်လာတာကြောင့် အလုပ်သမားတွေ ရရှိနေတဲ့ ငွေဟာလည်း သုံးပုံတစ်ပုံအထိ တန်ဖိုးကျသွားတယ်လို့ ဆိုပါတယ်။ တစ်နည်းအားဖြင့် သုံးဒေါ်လာလောက် ရနေရာကနေ တစ်ဒေါ်လာလောက်ပဲ ရတော့တဲ့ သဘောဖြစ်ပါတယ်။ ၂၀၂၃ နဲ့ ၂၀၂၄ ခုနှစ်တွေမှာ ထောက်ပံ့ကြေး ကျပ် ၁၀၀၀ စီတိုးပေးလို့ တစ်ရက်လုပ်ခ ၆၈၀၀ ဖြစ်လာပေမယ့် အချိန်ပို လုပ်ခကို ၄၈၀၀ နဲ့ပဲ တွက်ချက်ပေးတာကြောင့် အလုပ်သမားတွေအတွက် နစ်နာတယ်လို့ ဆိုပါတယ်။
လုပ်ခနည်းပါးတာကြောင့် လုပ်ငန်းခွင် အငြင်းပွားမှုတွေကိုဖြစ်စေသလို အချိန်ပိုနဲ့ ဆုကြေးတွေကို မှီခိုရတာကြောင့် အလုပ်သမားတွေရဲ့ ကျန်းမာရေးကိုလည်း ထိခိုက်စေတယ်လို့ ထောက်ပြထားပါတယ်။ အခုသီတင်းပတ်အတွင်းမှာပဲ ကမ္ဘာကျော်အမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ adidas ဖိနပ်တွေချုပ်နေတဲ့ ရန်ကုန်တိုင်းထဲက ချန်းရိစက်ရုံရဲ့ အလုပ်သမားတွေ တစ်ရက်လုပ်အားခကို ကျပ် ၁၂၀၀၀ အထိ တိုးမြှင့်ပေးဖို့ ဆန္ဒပြတောင်းဆိုနေကြပါတယ်။
မြန်မာနိုင်ငံ အထွေထွေအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်ကတော့ တစ်ရက် ပုံမှန်အလုပ်ချိန် ၈နာရီအတွက် အနိမ့်ဆုံးလုပ်ခ ကျပ် နှစ်သောင်းပေးဖို့ မေဒေးနေ့မှာ တောင်းဆိုထားပါတယ်။
……………………………………..
သီလဝါစီမံကိန်းကနေ နုတ်ထွက်တဲ့ ဂျပန်ကုမ္ပဏီတွေ တာဝန်ယူမှုရှိဖို့တောင်းဆို

ရန်ကုန် သီလဝါနိုင်ငံတကာဆိပ်ကမ်းစီမံကိန်းကနေ ဂျပန်ကုမ္ပဏီသုံးခုနုတ်ထွက်ရာမှာ တာဝန်ယူမှုရှိရှိ နုတ်ထွက်ဖို့ Justice For Myanmar အပါအဝင် ဂျပန်နဲ့ မြန်မာအရပ်ဘက်အဖွဲ့ ခုနစ်ဖွဲ့က မေလ ၁၄ ရက်မှာ တောင်းဆိုလိုက်ပါတယ်။
စီမံကိန်းကနေ နုတ်ထွက်ရာမှာ ပွင့်လင်းမြင်သာမှုရှိဖို့၊ လူ့အခွင့်အရေးစံနှုန်းတွေကို လေးစားလိုက်နာဖို့အတွက် ဂျပန်ရင်းနှီး မြှုပ်နှံသူတွေ၊ အစိုးရ ကျောထောက်နောက်ခံရှိတဲ့ အာမခံကုမ္ပဏီနဲ့ အခြေခံအဆောက်အဦကဏ္ဍ ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်းတစ်ခုတို့ကို တောင်းဆိုလိုက်တာပါ။
ဆိပ်ကမ်းစီမံကိန်းမှာ ပါဝင်နေတဲ့ Kamigumi ၊ Sumitomo Corporation နဲ့ Toyota Tsusho တို့ဟာ နုတ်ထွက်တော့မှာဖြစ်ပြီး စာရင်းဖျက်သိမ်းတာတွေ စတင်လုပ်ဆောင်နေပြီလို့ ဆိုပါတယ်။ စီမံကိန်းကို အာမခံပေးတဲ့ Nippon Export and Investment Insurance (NEXI) ကလည်း အာမခံအကျုံးဝင်မှု ပြီးဆုံးသွားပြီလို့ ဆိုပါတယ်။ ဂျပန်အစိုးရ ကျောထောက် နောက်ခံရှိတဲ့ ကော်ပိုရေရှင်းတစ်ခုပဲ စီမံကိန်းထဲမှာ ဆက်ရှိနေပါတယ်။
စီမံကိန်းကနေ ထွက်ခွာသွားတဲ့ ဂျပန်ကုမ္ပဏီတွေဟာ စီမံကိန်းပိုင်ဆိုင်မှုတွေကို ဘယ်လိုလွှဲပြောင်းမယ်၊ စာချုပ်ရပ်ဆိုင်းမှု အတွက် လျော်ကြေးတွေကို စစ်အုပ်စုဆီ ပေးချေတာရှိမရှိ ဒါမှမဟုတ် စီမံကိန်းကနေ နောင်ရလာမယ့် ဝင်ငွေတွေကို စစ်တပ်ဆက်နွှယ်အဖွဲ့အစည်းတွေထံ မရောက်ရေး ဘယ်လိုကာကွယ်မယ် စတာတွေနဲ့ ပတ်သက်လို့ ပွင့်လင်းမြင့်သာမှု မရှိဘူးလို့ အရပ်ဘက်အဖွဲ့တွေက ထောက်ပြပါတယ်။
ကုမ္ပဏီတွေနဲ့ အစိုးရအဖွဲ့အစည်းတွေအနေနဲ့ သူတို့ရဲ့ ထွက်ခွာမှုက စစ်အုပ်စု ဒါမှမဟုတ် စစ်ခရိုနီတွေအတွက် ဘဏ္ဍာငွေ ဆိုင်ရာအကျိုးအမြတ် မရရှိနေအောင် လုပ်ဆောင်ဖို့တာဝန် ရှိတယ်လို့လည်း ဆိုပါတယ်။
……………………………………..