ထားဝယ်မြို့နယ် ၊ အရှေ့တောဒေသသို့ စစ်ကောင်စီတပ်စစ်ကြောင်းထိုးရာတွင် လိုက်ပါလာသည့် စစ်မှုထမ်းသင်တန်းဆင်းနှစ်ဦးမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ ဒေါနတပ်ရင်း ၊ တပ်ခွဲ ၇ ထံ လက်နက်နှင့်အတူ ဘက်ပြောင်းခိုလှုံလာခဲ့သည်ဟု ယင်းတပ်ခွဲက မေလ ၁၆ ရက်က သတင်းထုတ်ပြန်သည်။
စစ်ကောင်စီစစ်ကြောင်းနှင့် တော်လှန်ရေးအင်အားစုများ အရှေ့တောဒေသတွင် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေသည့် မေလ ပထမအပတ်တွင် လက်နက်နှင့်အတူ ထွက်ပြေးကာ ဘက်ပြောင်းခိုလှုံလာခြင်းဖြစ်ကြောင်း ယင်းတပ်ရင်းထံမှသိရသည် ။
ထွက်ပြေးလာသူနှစ်ဦးမှာ စစ်မှုထမ်းသင်တန်း အပတ်စဥ် ၈ သင်တန်းဆင်း ကံပေါက်ဒေသအခြေစိုက် ခလရ ၂၇၃ စစ်ကောင်စီ တပ်ရင်းမှ ကိုရန်ရှင်းနှင့် မြိတ်အခြေစိုက် ခမရ ၁၀၁ စစ်ကောင်စီတပ်ရင်းမှ ကိုသူရဝင်းတို့ဖြစ်ကြသည်။
၎င်းတို့နှစ်ဦးသည် တနင်္သာရီတိုင်းဒေသခံများမဟုတ်ဘဲ တစ်ဦးမှာ ခရီးသွားရင်း ပဲခူးတိုင်းအတွင်း စစ်ဆေးရေးဂိတ်တစ်ခု၌ ဖမ်းဆီးခံရကာ စစ်သားစုဆောင်းခံရခြင်းဖြစ်ပြီး နောက်တစ်ဦးမှာ ထိုင်းနိုင်ငံတွင် အဖမ်းခံရပြီးနောက် ရနောင်းမြို့မှတစ်ဆင့် မြန်မာနိုင်ငံပြန်ပို့စဥ် စစ်သားစုဆောင်းခံခဲ့ရသူဖြစ်ကြောင်း ကာယကံရှင်တို့၏ ပြောပြချက်ကို ကိုးကား၍ တပ်ခွဲတာဝန်ရှိသူက ပြောပြသည် ။
ထွက်ပြေးလာသူနှစ်ဦးအနက် တစ်ဦးသည် MA 1 သေနတ်တစ်လက် ၊ ကျည်ဘောက် ၂ ခု နှင့် ကျည်ဆန်အတောင့် နှစ်ရာခန့် ယူဆောင်လားခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည် ။
” လက်နက်ယူလာနိုင်တဲ့သူကိုတော့ ကျပ်သိန်း ၄၀ ၊ မပါလာတဲ့သူကိုတော့ ကျပ်ဆယ်သိန်း တပ်ခွဲအစီအစဥ်နဲ့ ချီးမြှင့်ပေးထားတယ် ။ သူတို့သဘောထားကတော့ လွတ်မြောက်တဲ့နယ်မြေတစ်ခုမှာ အေးအေးဆေးဆေး လုပ်ကိုင်စားသောက်ချင်တဲ့ ဆန္ဒရှိတယ်လို့ပြောပါတယ် ” ဟု ဒေါနတပ်ခွဲ ၇ တာဝန်ရှိသူကပြောသည် ။
ယခု မေလဆန်းတွင် ထီးခီးစခန်းသိမ်းတိုက်ပွဲ ပြင်းထန်ခဲ့သလို ထားဝယ်နှင့်ထီးခီးအကြားရှိ အရှေ့တောဒေသ၌ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများအကြား ထိတွေ့တိုက်ပွဲ လေးကြိမ်ထက်မနည်းဖြစ်ခဲ့ကာ နှစ်ဘက်ထိခိုက်သေဆုံးမှုများလည်းရှိခဲ့ကြောင်း တော်လှန်ရေးအင်အားစုများ၏ စစ်ရေးမှတ်တမ်းအရသိရသည် ။
ပြီးခဲ့သည့် ဧပြီလအတွင်း တနင်္သာရီတိုင်း အတွင်းရှိ တော်လှန်ရေးအင်အားစုများထံ စစ်မှုထမ်း သင်တန်း ဆင်း ၆ ဦးအပါအဝင် စစ်ကောင်စီ တပ်သား ၉ ဦး ဘက်ပြောင်း ခိုလှုံလာခဲ့ကြောင်း Dawei Watch ၏ မှတ်တမ်းများအရသိရသည်။