BREAKING
May 17, 2025

မြန်မာနိုင်ငံတောင်ပိုင်းက သယံဇာတကျိန်စာ

May 17, 2025

အာဏာသိမ်းပြီးနောက်ပိုင်း တနင်္သာရီတိုင်းအတွင်း သတ္တုလုပ်ကွက်များက နေရာအနှံ့ လက်ညွှန်းထိုးမလွဲ ပေါ်ပေါက်လာသည်။

အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီ၏ ဖမ်းဆီးမှုများကြောင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက် သူများလည်း လွတ်ရာတိမ်းရှောင်ကြရသလို ကျန်နေသူများလည်း အရင်လိုပေါ်ပေါ်တင်တင် လှုပ်ရှားမရတော့။

ယင်းကြောင့် သတ္တုတူးဖော်မှုများကို စောင့်ကြည့်ထိန်းကျောင်းနေသည့် ယန္တရားတစ်ခု မရှိတော့သလို လက်နက်ကိုင် တိုက်ပွဲများနှင့်အတူ ပေါ်လာသည့် အာဏာလေဟာနယ်များကို အခွင့်ကောင်းယူကာ သတ္တုတူးဖော်သူများက ပရမ်းပတာ တူးဖော်လာကြခြင်းဖြစ်သည်။

အာဏာမသိမ်းမီက မြစ်ချောင်း၊တောတောင်များတွင်သာတွေ့ရတတ်သည့် သတ္တုတူးဖော်ရေးလုပ်ငန်းများက လူနေအိမ်များ၊ ဥယျာဉ်ခြံများအထိရောက်ရှိလာသည်။

ယင်းကြောင့်လည်း ဒေသခံများအားထားအသုံးပြုနေရသည့် ရေချိုချောင်းများ၊ မြစ်များပျက်စီးသွားပြီး ရေများနောက်ကျိလာခြင်း၊ ရေတွင်းများ အချိန်စောခမ်းခြောက်ခြင်း၊ ချောင်းကောသွားခြင်းအစသဖြင့် သောက်သုံးရေ အရင်းအမြစ်များ ဆုံးရှုံးလာကြသည်။

မြစ်ရေချောင်းရေ ညစ်ညမ်းလာသဖြင့် ရေနေသတ္တဝါများရှားပါးလာပြီး ဒေသခံများ၏ လူမှုစီးပွားဘဝအပေါ် ဆိုးကျိုးများဖြစ်ပေါ်လာသည်။

ယင်းအပြင် လက်လွတ်စပယ် သတ္တုတူးဖော်မှုများကြောင့် သဘာဝအလျောက်တည်ရှိသည့် တောတောင်များ ပျောက်ကွယ်သွားပြီး မြေသားကျင်းများ၊ဂျိုင့်ခွက်များဖြင့်ပြည့်နှက်သွားကာ သဘာဝဘေးကျရောက်လာမည့် အန္တရာယ်ကို ရင်ဆိုင်လာကြရသည်။

ယင်းကဲ့သို့ ပရမ်းပတာသတ္တုတူးဖော်မှုများကြောင့် ဒေသခံများ ကြုံတွေ့နေရသည့် ဆိုးမွေများ၊ အခက်အခဲများနှင့် နေ့စဉ်လူမှုစီးပွားဘဝအပေါ် ရိုက်ခတ်မှုများအကြောင်း သိရှိနိုင်ရန် ယခုအပတ်တနင်္သာရီပုံရိပ် အစီအစဉ်တွင် မေးမြန်းတင်ဆက်လိုက်သည်။

“ချောင်းကနုန်းများပြီးတိမ်လာတော့ ကမ်းဆွဲပိုက်လှေသမားတွေ လှေတွေတောင် ရောင်းစားပစ်ပြီး အခြားအလုပ်လုပ်နေကြတယ်။ ကုန်ကုန်ပြောရရင် အပျော်တမ်း ဖားရှာငါးရှာသွားဖို့တောင် ချောင်းမရှိတော့ဘူး”

စိုက်ပျိုးရေးခြံရှင်တစ်ဦး၊ မဂ္ဂင်ရပ်ကွက်၊ ကံပေါက်ရွာ၊ ရေဖြူမြို့နယ် ၊

DW ။ သတ္တုမိုင်းတွင်းတွေနားကခြံတွေ အခုလက်ရှိဘာဖြစ်နေလဲ။

ဖြေ ။ သတ္တုမိုင်းလုပ်ထားတဲ့ခြံတွေကတော့ ရေအိုင်ကြီးတွေဖြစ်ပြီးကျန်ခဲ့တယ်။ သစ်ပင်တွေဆိုလည်း အကုန်မရှိတော့ဘူး။ မြေလည်းပြန်ဖို့ပေးခဲ့တာမျိုးမရှိဘူး။ ရေခမ်းမြေခမ်းဆိုသလိုမျိုးပဲ လုပ်ပြီးတာနဲ့ ပြန်သွား ကြတယ်။ ကံပေါက်ရွာထဲက မဂ္ဂင်နဲ့လှည်းကုန်းရပ်ကွက်နှစ်ခုမှာ ၆ လလောက် ခဲလုပ်ပြီးတော့ အခုနေရာသစ်ကို ထပ်ရွှေ့သွားကြပြန်ပြီ။ကျွန်တော်တို့ခြံတွေက သတ္တုတွင်းအတွက်မြေရောင်းခဲ့တဲ့ အထဲမပါဘူး။ ဒါပေမဲ့ သက်ရောက်မှုကတော့ခံရတာ နည်းနည်းပါးပါးရှိတာပေါ့လေ။

DW ။ ဘယ်လိုသက်ရောက်မှုတွေခံခဲ့ရလဲ။

ဖြေ ။ အခုနှစ်မှာ တစ်ခါမှမကြုံဖူးတဲ့ ရေရှားတာကို ကြုံလိုက်ရတယ်။ ပုံမှန်အတိုင်းဆို တန်ခူး၊ ကဆုန်လလောက်မှ ရေလျော့တာမျိုးရှိတယ်။ အခုနှစ်က တပို့တွဲလောက်ကတည်းက ရေတွင်းရေစုပ်ရခက်လာတယ်။ တစ်နေ့ ရေတစ်ပီပါလောက်ပဲစုပ်လို့ရတော့တယ်။ အပင်ကြီးတစ်ပင်ရေလောင်းဖို့က ရေပီပါဝက်လောက်လောင်းမှ အဆင်ပြေတယ်လေ။ အဲဒါဆိုတော့ အခုနွေရာသီက ရေဝယ်လောင်းရတယ်။ ငွေအပိုတွေထပ်ကုန်တာပေါ့။ ပြီးတော့ အရင်ကဆို ထားဝယ်မှာမိုးရွာရင် ကံပေါက်မှာလည်း မိုးရွာတယ်။ အခုက ထားဝယ်မှာမိုးကြီးပြီး တစ်ပတ်လောက်နေမှ ကံပေါက်မှာမိုးရွာတယ်။ ရွာပြန်တော့ အကြီးအကျယ် သစ်ပင်ကျိုး ၊ မိုးကြိုးပစ် အဲဒီလိုတွေ ဖြစ်လာတယ်။ အဓိက က သစ်ပင်တွေမရှိတော့ဘူး ။

DW ။ ကံပေါက်ဒေသက အရင်ကလည်း သတ္တုတွင်းတွေရှိတော့ အရင်ကရော ဒီလိုတွေမဖြစ်ဘူးလား။ အခုအခြေအနေနဲ့ ဘာကွာသွားလို့လဲ ။

ဖြေ ။ အရင်က သတ္တုတွင်းရှိတာလည်းမှန်တယ်။ ရှိပေမယ့် ထိန်းကွပ်ပေးမယ့်သူ စောင့်ကြည့်တဲ့သူတွေရှိတယ်။ အထိအခိုက်နည်းတယ်လေ။ အမြင်သာဆုံးတစ်ခုပြောပြရရင် ဒယ်ကိုမိုင်းကလည်း သတ္တုသန့်စင်တာလုပ်တယ်။ အခုမိုင်းအသစ်တွေကလည်း သတ္တုသန့်စင်တာလုပ်တယ်။ ဘာကွာလဲဆိုတော့ ဒယ်ကိုက သတ္တုသန့်စင်ပြီးရင် နုန်းမြေကန်ရှိတယ်။ နုန်းမြေကန်က ရေအကြည်ကိုမှ ရေလွှတ်ချတယ်။ အခုမိုင်းအသစ်တွေက လုပ်ကွက်တွေက ချောင်းထဲမှာ ဖြစ်နေတယ်။ ရေဆိုးနဲ့ နုန်းအကုန် ချောင်းထဲလွှတ်ချပစ်တယ်လေ။ အခုဆိုရင် ဂန့်ဂေါ်တောင်ရွာဘက်က လာတဲ့ ဆင်ကိုးရပ်ရေတံခွန်က ချောင်း နဲ့ တောင်ချွန်က ချောင်းနဲ့ ပေါင်းတဲ့ ရဲရင့်ချောင်းက အဖျားပိုင်းမှာ ရေနည်းနည်းသန့်သေးတယ်။ ပိန္နဲတောရွာဘက်ကလာတဲ့ချောင်းကတဆင့်ဖြစ်တဲ့ ကျောက်လုံးကြီးချောင်းနဲ့ ရဲရင့်ချောင်းပေါင်းလိုက်တဲ့နေရာမှာ မိုင်းလုပ်ကွက်တွေ စရှိတယ်။ အဲဒီ မိုင်းလုပ်ကွက်တွေရှိတဲ့နေရာတစ်လျှောက် ရေကြည်အိုင်ချောင်း ၊ မိကျောင်းအိုင်ချောင်းနဲ့ ပြင်ကြီးချောင်းဝအထိ ရေဆိုးတွေက စီးဝင်ပြီး နောက်ဆုံး ပင်လယ်ကို ရောက်သွားတယ်။ နောက်ဆုံးဘာဖြစ်လဲဆိုတော့ ကျောက်လုံးကြီးချောင်းက လုံးဝပျက်သွားတယ်။ ရေကြည်အိုင်ချောင်းနဲ့ မိကျောင်းအိုင်ချောင်းက တိမ်လာပြီး နုန်းတွေများလာတယ်။
အရင်အရပ်သားအစိုးရလက်ထက် ကဆိုရင် ရေကြည်လွှတ်ချလို့ ချောင်းနည်းနည်း အနည်ထိုင်တာနဲ့ ရွာသားတွေဘက်က ပွင့်ပွင့်လင်းလင်းတောင်းဆို လိုက်ရင် ကုမ္ပဏီ(ဒယ်ကိုမိုင်း) ဘက်က စက်နဲ့ ချောင်းတွေကို လမ်းကြောင်းပြုပြင်ပေးတာ အနည်တွေ ပြန်သယ်ထုတ် တာတွေလုပ်ကြတယ်။ အခုက ဘယ်သူမှမပြောရဲတဲ့ အခြေအနေမှာ ကုမ္ပဏီဘက်ကလည်း လူပါးဝပြီး မသိကျိုးကျွန်ပြုပြီးနေနေတာ။ ပိုဆိုးသွားတာက မိုင်းအသစ်တွေထပ်လုပ်တော့ ကုမ္ပဏီမှာ ဒီချောင်းတွေ ထိန်းသိမ်းဖို့ သူ့တာဝန်သက်သက်မဟုတ်ဘူးလို့ လုပ်ပစ်လိုက်တာ။ တကယ်က ချောင်းတွေပျက်စီးတာကို အရင်ရှိပြီးသား ကုမ္ပဏီရော အသစ်ထပ်လုပ်တဲ့ မိုင်းတွေရော တာဝန်ခံရလိမ့်မယ်။ အခုကတော့ ဘယ်သူ့မှတာဝန်မခံတော့ ဒေသခံတွေပဲ ဒုက္ခခံရမယ် ။

DW ။ ဒယ်ကိုမိုင်းကရော အာဏာသိမ်းပြီးနောက်မှာ ဘာတွေလုပ်နေတယ်လို့ မြင်ရလဲ ။

ဖြေ ။ ဒယ်ကိုမိုင်းက အာဏာမသိမ်းခင်ကရော အခုသိမ်းပြီးတဲ့ကာလအထိမှာရော တစ်နေ့မှရပ်ခဲ့တာမရှိဘူး။ ပိုပြီးလုပ်လာတာပဲရှိတယ်။ အရင်ကဆို မိုင်းလည်ပတ်တာကို လူအိပ်ချိန် ညဘက်တွေမလုပ်ဖို့ ရွာသားတွေနဲ့ ကုမ္ပဏီကြား သဘောတူထားတာမျိုးတွေရှိတယ်။ အခုက ညဘက်တွေမှပိုလုပ်တာ။ ညဘက် ကုမ္ပဏီလုပ်ကွက်ရှိတဲ့ ဘက်ကိုကြည့်လိုက်ရင် ဆလိုက်မီးရောင်တွေနဲ့ ဘုရားပွဲလိုပဲ။ ညချိန်လည်း စက်သံတွေကြားနေရတာပဲ။ ကုမ္ပဏီဘက်က ဘယ်သူ့မှ ဂရုမစိုက်တော့ဘူး။ ပြီးတော့ လက်လုပ်လက်စားခဲရှာသူတွေကို ခဲပေးရှာပြီး တစ်ဖက်လှည့်နဲ့ ခဲပြန်ဝယ်တာမျိုးတွေလည်းရှိတယ်။ လက်လုပ်လက်စားလုပ်သူတွေက ကုမ္ပဏီက စက်နဲ့ ပတ်တူးထားတဲ့နေရာတွေမှာ လှိုဏ်ဂူအငယ်တွေထပ်ဖောက်ပြီး ခဲထပ်ရှာကြတယ်။ ကံပေါက်ရွာလယ်ကျောက်တိုင် ကနေ လှမ်းကြည့်လိုက်ရင် မိုင်းဝင်းထဲက လေသာပေါက်ဘက်ကတောင်ပေါ်မှာ လှိုဏ်ဂူငယ်လေးတွေ အများကြီးတွေ့ရတယ်။ အဲဒီဂူတွေက မိုးရာသီမှာ အန္တရာယ်ရှိတယ်။ ဒယ်ကိုမိုင်းက မြေအမြဲပြိုနေတာ။ လူသိမခံတာကများတယ် ။ ခြေလွန်လက်လွန် မြေပိ လူသေတဲ့အထိဖြစ်မှ ရွာထဲကသိကြရတယ်။ နောက်ထပ်အကျိုးဆက်တစ်ခုက ဖုန်ရှူရတာပဲ။ အခုနှစ်နွေရာသီမှာ ဒယ်ကိုမိုင်း သတ္တုလုပ်နေတဲ့ တောင်အောက်က မြသီတာ၊ခိုင်သဇင်၊ဗိုလ်ချုပ်၊မိုင်းဝင်းနဲ့သီရီမင်္ဂလာ ရပ်ကွက်တွေက မြေမှုန်ဒဏ်တွေ အတော်ခံလိုက်ရတယ်။ ပြီးတော့ ကောင်းကင်က အရင်လိုမကြည်တော့ဘူး။ ထိုင်းထိုင်းမှိုင်းမှိုင်း ဖြစ်လာတယ်။ မိုးတစ်ကြိမ် နှစ်ကြိမ်လောက် ရွာမှ နည်းနည်းပြန်ကြည်လင်တယ်။ အရင်က ကံပေါက်ရွာကို ဒရုန်းနဲ့ရှုခင်းပုံတွေရိုက်ပြရင်အရမ်းလှလို့ ကလောမြို့နဲ့တူတယ် ဘာညာပြောကြတယ်။ အခုသာ ဒရုန်းနဲ့ ဓာတ်ပုံရိုက်ခွင့်ရလို့ ပြန်ကြည့်ရင် ဖားကန့်မြေစာပုံနဲ့တူနေမလားတွေးမိတယ် ။

DW ။ ပတ်ဝန်းကျင်က လူတွေဆီကရော သတ္တုတွင်းအကျိုးဆက် အခြားထိခိုက်မှုတွေ ဘာပြန်ကြားရလဲ။

ဖြေ ။ ကြားရတယ်မျိုးရှိတယ်။ အရင်ကဆိုရင် မိကျောင်းအိုင်ချောင်းက ရေတက်အားကောင်းတော့ ကမ်းဆွဲပိုက်လှေ လုပ်စားလို့ရတယ်။ အခုက ချောင်းကနုန်းများပြီးတိမ်လာတော့ ကမ်းဆွဲပိုက်လှေသမားတွေ လှေတွေတောင် ရောင်းစားပစ်ပြီး အခြားအလုပ်လုပ်နေကြတယ်။ ကုန်ကုန်ပြောရရင် အပျော်တမ်း ဖားရှာငါးရှာသွားဖို့တောင် ချောင်းမရှိတော့ဘူး။ အရင်ကဆို မိကျောင်းအိုင်သံတံတားမှာ ညနေဘက် (ပိုက်)ကွန်ပစ်ပြီး ငါးလေး၊ ပုစွန်လေး ရသေးတယ်။ အခုက လုံးဝမရတော့ဘူး။ အခြေခံ လူတန်းစားအတွက် အထိအခိုက်များတယ်။ ပြီးတော့ နောက်ထပ် ထူးဆန်းတာတစ်ခုရှိသေးတယ်။ နွေခေါင်ခေါင် ရပ်ကွက်တွေထဲရေကြီးတာ။ အရင်က ကံပေါက်မှာ မိုးရာသီရောက်ရင် ထန်းတပင်ရပ်ကွက်က ရေကြီးလေ့ရှိတယ်။ အဲဒီထန်းတပင်ရပ်ကွက်မှာ အခုနှစ်က နွေခေါင်ခေါင်မှာ ရေကြီးတယ်။ ဘယ်လိုလဲဆိုတော့ ထန်းတပင်ရပ်ကွက်နဲ့ကပ်နေတဲ့ ရေကြည်အိုင်ချောင်းက ရေချိုရေငန်စပ်ဆိုတော့ တစ်လမှာ ရေထရက်နှစ်ကြိမ်ရေတက်တယ်။ အရင်ကတော့ ချောင်းအတိုင်းတက်ပြီး ချောင်းအတိုင်းရေပြန်ကျတယ်။ အခုနှစ်က ချောင်းက ရေနေစရာမရှိအောင်ကောနေတော့ ရေငန်တက်တဲ့ ရေထရက်ရောက်တိုင်း ရပ်ကွက်ထဲ ရေဝင်တာမျိုးသွားဖြစ်တယ်။ အခြားလူမှုစီးပွားအကျိုးဆက်တွေလည်းများတယ်။ မိုင်းလာလုပ်သူတွေက အခြားဒေသတွေဆိုတော့ သူစိမ်းတွေ ရွာထဲအရမ်းများလာတယ်။ ပြီးတော့ ထစ်ခနဲဆိုရိုက်ကြ ရန်ဖြစ်ကြတာတွေ များလာတယ်။ ထိခိုက်တာတွေတော့အများကြီးပဲ ။

DW ။ ရေရှည်အတွက်ရော ဘာစိတ်ပူလဲ။

ဖြေ ။ ရေရှည်ထက် အခုလာမယ့်မိုးရာသီအတွက်ကို ပိုစိတ်ပူနေရတယ်။ ချောင်းတွေကောနေပြီး မိုးရာသီမှာ ရေတွေဆင်းဖို့ နေရာတွေမရှိဘူးဆိုတော့ ရေကြီးရေလျှံတာ အကြီးအကျယ်ဖြစ်မှာပဲ စိုးရိမ်တယ်။ နောက်တစ်ခုက ဝမ်းရောဂါဖြစ်မှာစိုးရိမ်တယ်။ ရေတွေက သိပ်မသန့်တော့ဘူး။ ရေရှည်အတွက်ကတော့ စိုက်ပျိုးမြေတစ်ခုဖြစ်ဖို့ဆိုတာ နှစ်ရှည်လများ ပြုပြင်ရတာ။ အခုသူတို့က ၆ လအတွင်း လုံးဝသုံးစားမရအောင် ဖျက်ဆီးပစ်လိုက်တာ။ စိုက်ပျိုးမြေအပြင် စားကျက်မြေပါရှားလာတယ်။ အခု ကံပေါက်မှာ နွားစာ မြက်တစ်အိတ် ရှစ်ထောင်(ကျပ်) ပေးဝယ်နေရတယ ။ အရင်က ဝယ်ရတာမျိုးမရှိဘူး။ ဘာကြောင့်အဲဒီလိုဖြစ်လဲဆိုတော့ ခြံသမားတွေက ခြံမြေတွေကို မိုင်းအတွက် ရောင်းစားတဲ့အပြင် စစ်တပ်နဲ့ပြောနိုင်ဆိုနိုင်တဲ့ ပွဲစားဆိုသူတွေက ချောင်းမြေ၊ မြောင်းမြေ ၊ စားကျက်မြေတွေကို ရောင်းစားပစ်ကြတာ။ တစ်နေရာကုန်ရင် နောက်တစ်နေရာရွှေ့တာ ။ ဒီလိုပုံစံနဲ့ကတော့ တစ်နယ်လုံး နေရာအကုန် ပျက်စီးသွားလိမ့်မယ်။

DW ။ ဖြည့်စွက်ပြောလိုတာ ပြောကြားပေးပါ။

ဖြေ ။ ပြောဖို့က အများကြီးရှိပါတယ်။ ဒါပေမဲ့ ပြောလို့လည်းမရဲကြဘူး။ ဒီနေ့ လူရှေ့ထွက်ပြီး ဒီအကြောင်းတွေပြောရင် မနက်ဖြန်ကိုယ့်ကိုအိမ်မှာလာခေါ်သွားမှာပဲ ။ ဒီအလုပ်ကို လုပ်နေသူတွေအကုန်လုံးက စစ်တပ်နဲ့မကင်းသူတွေချည်းပဲ။ အဲဒါကြောင့် လက်ရှိအခြေအနေက ကိုယ့်ရပ်ကိုယ့်ဒေသ ပျက်စီးနေတာကို ထိုင်ကြည့်နေရတဲ့ ဘဝမှာ နေနေရတယ်လို့ ပြောချင်တယ် ။

DW ။ ကျေးဇူးတင်ပါတယ်။

“ခဲသတ္တုတူးတဲ့သူတွေကတော့ သူတို့လောဘနဲ့သူတို့ နောင်ရေးတွေမမြင်ကြတော့ဘူး။ မြေမှန်သမျှဝယ်မယ် ခဲတူးမယ် ဆိုတာမျိုးဖြစ်နေကြပြီ”

တောင်သူတစ်ဦး၊ ဘုတ်ပြင်းမြို့နယ်

DW ။ ဦးလေးအခုလက်ရှိ ဘာအလုပ်လုပ်နေတာလဲရှင်။

ဖြေ ။ ကွမ်းခြံစိုက်တဲ့အလုပ် လုပ်ပါတယ်ခင်ဗျ။‌ မိဘအဆင့်ဆင့်ကလုပ်လာတော့ ကိုယ့်အလှည်ကျတော့ ထိန်းသိမ်းရတာပေါ့ဗျာ။

DW ။ အလွန်အကျွံတူးဖော်လာတဲ့ ခဲသတ္တုလုပ်ကွက်တွေကြောင့် ဒေသခံတွေရဲ့တခြားစီပွားရေးထိခိုက်မှုတွေကို ပြောပြပါလားရှင်။

ဖြေ ။ ခဲသတ္တုတူးတဲ့သူတွေကတော့ သူတို့လောဘနဲ့သူတို့ နောင်ရေးတွေမမြင်ကြတော့ဘူး။ မြေမှန်သမျှဝယ်မယ် ခဲတူးမယ် ဆိုတာမျိုးဖြစ်နေကြပြီ။ ခဲမြေတွေနဲ့ နီးနေတဲ့ ခြံစိုက်စားနေတဲ့ တောင်သူတွေအတွက်တော့ ရင်တထိတ်ထိတ် ပေါ့ဗျာ။ သူတို့မြေတွေအလွန်အကျွံတူးဖော်လာတော့ တောင်တွေမရှိတော့ဘူး။ မိုးရွာရင်မြေပြိုမယ့် အန္တရာယ်ကို ကြောက်ရတယ်။ကွမ်းပင်တွေဆို တော်ရုံနေအပူရှိန်လောက်နဲ့ကို ညိုးနေပြီ။ ‌ရေအရင်းအမြစ်တွေ ဆုံးရှုံးမှုများလာ တယ်။

DW ။ ဦးလေးခြံအနီးအနားမှာ ခဲတူးနေတဲ့ ခဲမိုင်းတွေရှိတော့လေ ဦးလေးခြံအတွက်ထိခိုက်မှုတွေ ဘယ်လိုရှိလဲရှင်။

ဖြေ ။ မြေတူးစက်တွေနဲ့ မြေအလွန်အကျွံတူးနေတော့ မိုးရာသီမြေပြိုမှာ ကြောက်ရတယ်။နေအပူရှိန်ပြင်းတော့ ကွမ်းပင်တွေ နေလောင်ပြီး ကွမ်းပန်းတွေကြွေတယ်။ကွမ်းသီးသိပ်မတင်ဘူး။

DW ။ ခဲတူးနေတဲ့လူတွေအပေါ် ဘယ်လိုအမြင်ရှိလဲ။

ဖြေ ။ ဘယ်လိုမြင်လည်းဆိုတော့ သူလည်းသူ့စီပွားရေးပေါ့နော်။ ဒါပေမဲ့ လူစိတ်ရှိပြီး ရှေ့ရေးကိုကြည့်စေချင်တာ။ သဘာဝမြေဆီလွှာကို ထိန်းသိမ်းသင့်တယ်ဆိုတာ သိစေချင်တယ်။သူတို့လောဘတွေက ဒီအချိန်မှာဘယ်သူ့စကားမှ အရာမဝင်ဘူး။ဆက်လုပ်နေကြမှာပဲ။

DW ။ သူတို့ကိုကန့်ကွက်ဖူးလား။

ဖြေ ။ မကန့်ကွက်ရဲပါဘူး။အခုတောင် သူတို့နဲ့အမြင်မတူလို့ ရန်သူလိုသတ်မှတ်နေကြတာ။ ဦးလေးတို့ကို ထုံတယ်ဘာညာပေါ့။ ခဲတူးလိုက်ရင်ပိုအဆင်ပြေမှာ ဘာညာပြောကြတယ်။ဒီမြေကြီးကို ခဲတူးလိုက်ရင်နောက်ဆို ဘာလုပ်စားရတော့မှာလဲ။‌သူတို့က KNUတွေ လက်နက်ကိုင်အာဏာရှင်တွေကို ငွေလမ်းခင်းပြီး ပေါင်းလုပ်နေကြတာ။ဦးလေး တော်လှန်ရေး သူတောင်းစာတွေနဲ့ မပတ်သတ်ချင်ဘူး။

DW ။ ကျေးဇူးတင်ပါတယ်။

“ရေကိုချိုးလိုက်ရင်လည်း စေးနေသလိုလိုဖြစ်နေတော့ မချိုးကြတော့ဘူး။ ကလေး တစ်ယောက်စ နှစ်ယောက်စ နေမကောင်းလို့ ဆေးခန်းသွားပြဆို ခဲအဆိပ်သင့်လို့ အဖြေရတယ်”

အသက် ၃၇ နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ တကူကျေးရွာအုပ်စု၊ တနင်္သာရီမြို့နယ်

(အဆိုပါအမျိုးသမီးတွင် မိသားစုလေးဦးရှိပြီး ချောင်းအတွင်း ငါးဖမ်း၊ ခရုရှာရင်း အသက်မွေးဝမ်းကျောင်း ပြုနေသူဖြစ်သည်။

DW ။ ခဲ(တူးတာ)ကြောင့် တကူမြစ်မှာ ဘာတွေပြောင်းလဲလာလဲ။

ဖြေ ။ ရေတွေတိမ်လာတယ်။ သောင်တွေထွန်းလာတယ်။ ခရုတွေ ဟင်းစားရှာတောင် မရှိတော့ဘူး။ ခရုကောင်အငယ်တွေဆိုလည်း ရေပေါ် တက်ပေါ်ပြီး အကုန်လုံးသေကုန်တယ်။ သဘာဝရေသတ္တဝါတွေ ပြုန်းတီးကုန်၊အသားငါးတွေ ရှားပါးကုန်၊သောက်ရေသုံးရေ မရဟင်း(တော့ဘူး)။ ရေထုညစ်ညမ်းပြီးတော့ အချို့တစ်ဝက်က အဝီစိတွင်းတူးပြီး သုံးလိုက်ကြတယ်။

DW ။ ရေက ဘာဖြစ်အသုံးမပြုကြလဲ။

ဖြေ ။ ရေက မသန့်တော့ဘူး။ ပြီးတော့ ကလေးတွေဆို ခဲအဆိပ်သင့်တော့ အန္တရာယ်ဖြစ်တာတွေရှိလေ။ ရေကိုချိုးလိုက်ရင်လည်း စေးနေသလိုလိုဖြစ်နေတော့ မချိုးကြတော့ဘူး။ ကလေး တစ်ယောက်စ နှစ်ယောက်စ နေမကောင်းလို့ ဆေးခန်းသွားပြဆို ခဲအဆိပ်သင့်လို့ အဖြေရတယ်။

DW ။ ခရုက ဘာဖြစ်လို့ရှားလာလဲ။

ဖြေ ။ ရေအောက်မှာရှိတဲ့ ရေညှိရေမှော်ပင်တွေက ရေအောက်မှာမရှိတော့ဘဲ ရေပေါ်ကိုတက်ပြီးပေါ်လာတော့ ခရုတွေလည်းရှားလာ သောင်တွေကလည်း တအားများတော့ ရွှေ့လျားမှုရှိတော့ သေကုန်ပေါ့။ အခုလက်ရှိ မြင်တောင်မမြင်ဖူးပြီ။ ဘန်းသဲ(ရွာ)ဘက်ကလာရောင်းရင် ပြန်ဝယ်စားနေရတယ်။

DW ။ အရင်ကဆို ခရုတွေက ပေါလား။

ဖြေ ။ အရင်ကဆိုပေါတယ်။ ရေညှိရေမှော်ပင်တွေကရှိတယ်ဆိုပေမယ့် (ရေ)အောက်မှာသူ့သဘာဝ အတိုင်းရှိနေတာလေ။ ရေနောက်တွေလည်း မဆင်းဘူးဆိုတော့ ရေကကြည်နေတယ်။ ခရုက ရေကြည်နေမှ ရှိတယ်။ နောက်ဆုံးအဆင့်ပြောရရင် မိကျောင်းတွေတောင်အမြဲတမ်းပေါ်နေတယ်လေ။ ဟိုနားပေါ်လိုက် ဒီနားပေါ်လိုက်နဲ့။

DW ။ ငါးတွေကရော အခြေအနေဘယ်လိုရှိလဲ။

ဖြေ ။ ငါးတွေလည်း နောက်ပိုင်းတအားရှားလာတယ်။ ငါးအိုက်၊ငါးနီ၊ငါးဒန်၊ငါးလူး ငါးတွေဆို မရှိသလောက်ကို ရှားလာတယ်။ ငါးငယ်တွေလည်း နည်းပါးလာတယ်။