အခန်းတံခါးကို သော့ခတ်ဖို့ ဒီနေ့တော့ ကျမစိတ်တွေ လေးလံလွန်းနေတယ်။ တခုခုများ ဖြစ်ခဲ့ရင် ဆိုတဲ့ စိုးရိမ်စိတ်နဲ့ သောကအတွေးတွေ တအုပ်တမကြီး ကျမ ဆီရောက်လာနေပြန်တယ်။
ခါတိုင်းနဲ့ မတူဘဲ မနက်စောစော ဇောချွေးပြန်ပြီး အေးစက်နေခဲ့တဲ့ ကျမရဲ့ လက်ချောင်းလေးတွေဟာ တုန်တုန်ယင်ယင်နဲ့မို့ သော့ခတ်ဖို့ အလွဲလွဲ အချော်ချော်ကို ဖြစ်လို့။ ကြိုးစားပြီးတော့ သော့ခတ်လိုက်တဲ့အချိန် ကျမ ပါးပြင်ပေါ်မှာ မျက်ရည်မြစ်ကလေး စီးသွားမိတယ်။ အသံမထွက်မိအောင် ထိန်းလိုက်ရချိန်မှာ ကျမဟာ တိုးတိုးလျလျ တသိမ့်သိမ့်ရှိုက်မိလို့ပေါ့။
ဘယ်သူမှ မမြင်အောင် မျက်ရည်တွေသုတ်ပြီး အားတင်းလိုက်တယ်။ နားရက်ရှည်ရှည်ပြီးလို့ ဒီနေ့တော့ အလုပ်စပြန်ဆင်းရတဲ့နေ့ ဆိုတော့ နောက်မကျချင်ဘူး။ ကျမ အခန်းရှိတဲ့ ၃ လွှာကနေ အောက်ကို ဆင်းလာတော့ အလုပ်သွားမယ့် အဖော်တွေနဲ့ ဆုံတယ်။ ထုံးစံအတိုင်းပဲ ကျမတို့ ဟိုပြော ဒီပြောနဲ့ လာကြိုတဲ့ ကားပေါ်တက်၊ လူစုံတော့ကားထွက်ပါတယ်။
ဒီနေ့ မျက်နှာသိပ်မကောင်းပါလား လို့ အသိအချို့က မေးတော့ ကျမ ဖြင့် ဘာမှ ရေရေရာရာမဖြေဖြစ်ဘူး။ ကားလမ်းတလျောက်က ပတ်ဝန်းကျင်ကိုပဲ ငေးနေမိတယ်။ စိတ်ကတော့ လေးလေးလံလံနဲ့ အခန်းကိုပဲ စိတ်ပူနေမိပြန်ပါတယ်။
တနေရာအရောက်တော့ ကျမ မြင်ကွင်းထဲကို ကျောင်းဝတ်စုံနဲ့ ကလေးတအုပ်ဝင်လာတယ်။ တချို့ကလည်း သူတို့မိဘတွေနဲ့၊ အုပ်ထိန်းသူတွေနဲ့ ရယ်ရယ်မောမောပဲ။
ကျောင်းသား ကလေးတွေ လမ်းဖြတ်ကူးနေတုန်း ကားတွေ ခနရပ်ထားပေးချိန်လေးမှာ အဲဒီ ကျောင်းသူ ကျောင်းသား ကလေးတွေကို ကျမ ငေးနေမိပြန်တယ်။ သူတို့ ဝတ်စုံလေးတွေက ချစ်စရာလေး။ ကံကောင်း လိုက်ကြတာလို့ ကျမ တိုးတိုးလေး ရေရွတ်မိတယ်။ ကျမငယ်ငယ်တုန်းက ကျောင်းဝတ်စုံ အသစ်တွေ သိပ်မရှိခဲ့ တာကိုလည်း ဖြတ်ခနဲ သတိရမိတယ်။
ပြီးတော့ ကျောင်းတဝက်တပျက်နဲ့ ဘဝခရီးကြမ်းကို စလှမ်းခဲ့ရတဲ့ နေ့တွေအကြောင်းကလည်း ခေါင်းထဲကို ဝင်လာသလို ကျမ ရဲ့ ရင်သွေး ကလေး နှစ်ယောက်ကိုလည်း ကျမ လို မဖြစ်စေလိုတဲ့ ဆန္ဒကြီးကလည်း ကျမကို အသက်ရှူကျပ်လာစေပြန်တယ်။
သားကြီးက ၇ နှစ်နဲ့ အငယ်မလေးက ၄ နှစ်ရှိလာပြီ။ နှစ်ယောက်စလုံး ကံမကောင်းရှာဘူးဆိုရမယ်။ ရောဂါကပ်ဆိုးကြီးနဲ့ နိုင်ငံရေးပဋိပက္ခ၊ စစ်မက်ကပ်ကြီးနဲ့ တည့်တည့်တိုးတာပါပဲ။
သူတို့နဲ့ ရင်အုပ်မကွာ နေချင်ပေမဲ့ ကမောက်ကမ နိုင်ငံရေးကာလမှာ အဖမ်းအဆီးတွေကလည်းပေါ၊ စီးပွားရေးတွေကျပ်လာ၊ အလုပ်ကလည်း ရှား၊ ဈေးတွေကလည်း ခေါင်ခိုက်လာတာနဲ့ ကျမတို့ တရွာမပြောင်း၊ သူကောင်းမဖြစ် ဆိုတဲ့ မူကို သုံးရတော့တာပဲ။ သူတို့လေးတွေကို ရွာက ကျမ အဒေါ်အပျိုကြီးဆီအပ်ခဲ့ပြီး ရှမ်းကမ်း (ထိုင်း)ကို ပွဲစားနဲ့ ဝင်။
ကျမ အမျိုးသားရဲ့ အချိတ်အဆက်နဲ့ ရရာ ကျပန်းအလုပ်လုပ်ရင်းနှစ်ယောက်သား ဘဝသစ်ကို စရတယ်။ ဘာသာစကားခြားနားတဲ့နယ်၊ သူစိမ်းတွေကြားမှာ ရုန်းကန်ကြရတဲ့ ဘဝသစ်အစကတော့ မွန်းကျပ် စရာရယ်။
တိုင်းတပါးမှာ နေရာတကာ စိတ်မလုံခြုံမှုဆိုတာ အထောက်အထားမရှိ ဆိုတဲ့ အခြေအနေကစတယ်ပဲထင်ပါရဲ့။ ကိုယ့်ကိုယ်ကိုယ် ပြစ်မှုကြီးတခုကျူးလွန်ထားတဲ့သူလို၊ ဘယ်အချိန်မှာများ အဖမ်းခံရမှာလိမ့်လို့ ကြောင့်ကြ စိတ်နဲ့ အသက်ရှူကျပ်နေရတဲ့ နေ့ရက်တွေ။ ဘာယူနီဖောင်းဖြစ်ဖြစ်မြင်မိတာနဲ့ စိတ်ထဲ ထိတ်ခနဲပဲ။
သူစိမ်းတယောက်က ဖော်ဖော်ရွေရွေ အပြုံးနဲ့ စကားလာစရင်တောင် ကိုယ့်မှာ သူ့စကားကိုနားမလည်၊ ဘာပြန်ပြောရမှန်းမသိ၊ ကြောက်စိတ်တွေနဲ့ပဲမို့ မကြားသလို၊ မမြင်သလိုဟန်ဆောင်ပြီး ပုန်းလို့ ခိုလို့ရတဲ့ နေရာလေး၊ ချောင်ကလေး တခုခုများ ရှာကြည့်နေမိရတဲ့ အဖြစ်မျိုးကလည်း အခါခါပါပဲ။ ဘတ်မရှိ၊ စီအိုင်နတ္ထိမို့ လည်း အလုပ်ကရှား၊ ကိုယ်ဖြစ်ကိုယ်ခံမို့ လမ်းထဲထွက်ရမယ့်အရေးတောင် အတော်စဉ်းစား အားယူခဲ့ရတဲ့ အချိန်တွေရှိတာရယ်။
တရားဝင် အထောက်အထားတွေရဖို့ ကုန်ရဦးမယ့်ငွေအကြောင်းတွေမိပြန်တော့ ရွာကချေးလာတဲ့ လမ်းစရိတ်ပြန်ဆပ်ရတာရယ်၊ ကလေးတွေအတွက် ပြန်ပို့ရတဲ့စရိတ်တွေနဲ့ ဒီမှာ စားဖို့နေဖို့ ကုန်ကျစရိတ်နဲ့တင် လုံးချာလိုက်နေတာကို တွေးမိတယ်။ အလုပ်ကလည်း မြဲဦးမှကိုး။ ရှိဦးမှကိုး။
ဒီလိုနဲ့ပဲ အထောက်အထားမဲ့ ရွှေ့ပြောင်း အဖြစ်နဲ့ ကျပန်းလုပ်သားဘဝမှာ လောကဓံအထုအထောင်းတွေကို တဖြည်းဖြည်းတော့ ခံနိုင်ရည်ရှိလာပါတယ်။ ဒါပေမဲ့ ဒုက္ခအသစ်တွေကလည်း မဖိတ်ခေါ်ပါဘဲ ရောက်ရောက်လာပြန်တယ်။ သတိထားနေတဲ့ကြားက အလုပ်ခွင်မှာ ပုလိပ်ဝင်ဖမ်းတာကြုံရတယ်။ မြန်မာပြည်မှာ မဝင်ခဲ့ဖူးတဲ့ အချုပ်ခန်းထဲ ခဏ အလည်သွားရတယ်။ အလုပ်ရှင်က ပြန်ထုတ်ပေးပေမဲ့ ထုတ်ပေးခကတော့ အကြွေးတင်သွားခဲ့ပြီ။ စားစရာမရှိ ဆပ်စရာရှိဘဝပါပဲ။
“နင့်ကလေးတွေကို မြန်မြန်လာခေါ်တော့” လို့ ငိုကြီးချက်မနဲ့ ကျမ အဒေါ်က ဖုန်းဆက်လာတယ်။ ရွာမှာ အရေးအကြီးအကြောင်းဆို သူ့ခမြာကလေးတွေနဲ့ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ၊ ဘယ်ပြေးလို့ ၊ ဘယ်ပုန်းရမယ်မှန်းမသိ။ ကျမတို့ရွာမှာ နည်းနည်း အခြေအနေငြိမ်သေးတာမို့ ကလေးတွေ ကို နီးစပ်ရာမှာ ကျူရှင်လေးအပ်ပြီး စာသင်ခိုင်းထားတယ်။
ရွာကျောင်းဆိုတာကလည်း ဆရာကလည်းမစုံတော့သလို မကြာခဏ ပိတ်လိုက်ဖွင့်လိုက် နဲ့ မို့ ကလေးတွေအတွက် ရွာထဲက စာသင်ပြတတ်သူတွေကိုပဲ အားကိုးနေရတယ်။ အခုတော့ ရွာကလေးဆီကို အသက်အန္တရယ်ရှိတဲ့ စစ်ဘေးတွေရောက်လာပြီတဲ့။ ကျမတို့ အရပ်ထဲက အိမ်တလုံးဆီ ညဖက်ကြီး လက်နက်ကြီးကျလို့ လူတချို့ ထိကြတယ်။ တချို့အိမ်တွေလည်း ပျက်စီးသတဲ့။ ဒီလိုသတင်းတွေကြားတော့ ကျမ ကလေးတွေကို ထိုင်းကို ခေါ်ဖို့ ဆုံးဖြတ်လိုက်ရပါတယ်။

ကလေးတွေကို ခေါ်ဖို့ဆိုတာ ချက်ချင်းမဖြစ်နိုင်သေး။ ကျမတို့နှစ်ယောက်တိုင်ပင်ကြရတယ်။ အမျိုးသားကတော့ လုပ်အားခပိုရနိုင်တဲ့ နယ်ဝေးက အလုပ်တခုကိုပြောင်းလုပ်ဖို့ဆုံးဖြတ်တယ်။ ကျမကတော့ လက်ရှိနေရာမှာပဲနေခဲ့ပြီး ကလေးတွေအတွက် အဆင်ပြေအောင် စီစဉ်ရမယ်။ ဒီက အသိအချို့တွေထဲမှာ သူတို့ကလေးတွေကို အနီးအနားက မြန်မာကျောင်းလေးတွေကိုပို့ထားပြီး အဆင်ပြေနေတာပဲလို့ ကျမ သိထားတယ်။
ဒီမှာဆို လျှပ်စစ်၊ အင်တာနက်လည်း မပူရတော့ ကလေးတွေ ပညာရေးအတွက် ပိုအဆင်ပြေမယ်လို့ ကျမတို့တွက်တယ်။ အနည်းဆုံးတော့ အွန်လိုင်းကနေသင်လို့ရတာပေါ့။ ပြီးတော့ ဒီမှာက ကလေးတွေအတွက် ကျောင်းတွေမှာ ပညာသင်ကြားခွင့် ရှိတယ်လို့ လည်း ကျမကြားထားတာကိုး။ ကိုယ့်တွက် ကိန်းနဲ့ ကိုယ်တော့ ဘဝ အမောတွေကြားက ကလေးတွေအတွက် စိတ်နည်းနည်းအေးရတာပါပဲ။
ကလေးတွေကိုယ့်ဆီမရောက်ခင်တော့ အမြဲလိုလို စိတ်ပူနေရပြန်တယ်။ ရွာမှာလည်း သေနတ်သံတွေ ခပ်စိပ်စိပ် ဖြစ်လာတာရယ်။ ကလေးထိန်းနေရတဲ့ အဒေါ်ကတော့ ငါဖြင့် မြို့ပေါ်က သီလရှင်ချောင်မှာ သွားနေတော့မယ်လို့ တပြောတည်းပြောနေတာပဲ။ ကျမလည်း ကလေးတွေခေါ်ဖို့စိုင်းပြင်းရတယ်။
ရွာကနေ ထိုင်းကို တက်လာမယ့် လူကြုံလည်းရှာရ၊ ယုံလို့ရတဲ့ ပွဲစား အချိတ်အဆက်တွေနဲ့ ချိတ် အစရှိသဖြင့် အစစအရာရာ အလုပ်တဖက်နဲ့ စီစဉ်ရပြန်တယ်။ ကုန်ရတဲ့ငွေကလည်းမနည်း။ ကလေးတွေ လမ်းမှာတခုခုဖြစ်မှာလည်းစိုးတယ်။ အဖမ်းခံ ရမှာလည်း စိုးတယ်။ ကိုယ့်ဆီကို သူတို့လေးတွေ မရောက်မချင်း ပူရတဲ့ အပူစိတ်ဆိုတာ နေ့နေ့ညညပြင်းပြင်း ပြပြပါပဲ။
ကျမဆီကလေးတွေရောက်လာတဲ့ နေ့က ကျမမှာ ဝမ်းသာဝမ်းနည်းဖြစ်ရတယ်။ ဝမ်းသာတာကိုတော့ ထူးပြီး မပြောလိုပေမဲ့ ကျိတ်ပြီးဝမ်းနည်းရတဲ့ကိစ္စ အသည်းကွဲရတဲ့ကိစ္စတွေရှိတယ်။ ရွာမှာထားခဲ့ရတဲ့ကိုယ့်ကလေးတွေ သိပ်မထွားဘူးလို့ ခံစားရတယ်။ ခရီးပန်းတာမို့ ခပ်နွမ်းနွမ်းလျလျ မျက်နှာလေးတွေနဲ့ပေါ့။
အဆိုးဆုံးကတော့ သမီးလေးဟာ ကျမကို ခပ်စိမ်းစိမ်း ဖြစ်နေတာရယ်။ သူဟာ ကျမကို ဖက်လှဲတကင်းဖြစ်မနေသလို စိုးရိမ်မကင်း ဖြစ်နေတဲ့သူ့မျက်ဝန်းတွေကို မြင်ရတယ်။ ကျမကို မိခင်တယောက်လို့ လက်ခံရမှာ ရုတ်တရက် ခက်နေပုံရပါရဲ့။ ဒါတောင် ကျမ သူနဲ့ ခွဲခွာခဲ့တာ တနှစ်ကျော်သာသာရယ်။
ရွာမှာ အင်တာနက်လိုင်းတွေ ခက်လို့ ကလေးတွေကို ဖုန်းနဲ့ခဏ စကားပြော၊ ပုံတွေ၊ ဗီဒီယိုလေးတိုတွေပို့တာလောက်နဲ့ပဲ ဆက်သွယ်ရတာရယ်။ ကျမအဒေါ်ကလည်း ဖုန်းကို သိပ်သုံးတတ်တာမျိုး မဟုတ်ဘူးကိုး။ ဒါကြောင့်လည်း သိပ်မမှတ်မိတတ်သေးတဲ့အရွယ် ကျမ သမီးလေးဟာ ကျမကို စိမ်းနေတာဖြစ်မှာပေါ့လေ။ သားကြီးကတော့ ကျမနဲ့ မစိမ်းလို့တော်ပါသေးရဲ့။
သားသမီးဇောနဲ့ပူနေတဲ့ကာလမှာ ကိုယ့်နံဘေးဝန်းကျင်မှာ ဘာတွေ ဖြစ်သွားလဲဆိုတာတောင် သိပ်သတိမထားဘူး။ အကြောင်းတိုက်ဆိုင်လို့ မေးမြန်းကြည့်တော့မှပဲ စိတ်မကောင်းစရာ သတင်းတွေ သိလာရပြန်တယ်။
ကျမ ကလေးတွေကို ဒီမှာရှိတဲ့ မြန်မာကျောင်းတခုခုမှာ ထားမယ်လို့ စုံစမ်းတော့မှပဲ ကျောင်းတွေ အပိတ်ခံရတာ၊ စာသင်နေတဲ့ ဆရာ ဆရာမ တချို့ ခေါ်စစ်ခံရတာကို သိရတော့တယ်။ မြန်မာ ကလေးတွေကို တနိုင်တပိုင် စေတနာနဲ့ စာပြပေးနေတဲ့ ဆရာမလေးတယောက်တောင် ခေါ်ပြီး အစစ်ခံရလို့ သူ့ရဲ့ စာသင်ဝိုင်းလေး ရပ်ထားရတယ်တဲ့။
ဒီလိုသတင်းတွေကြောင့်ထင်ပါရဲ့။ ကျမတို့ အရပ်ထဲက ကလေးတွေကို ကျူရှင်ပြပေးတဲ့ ဆရာမလေးတွေလည်း စာသင်တာ ရပ်ထားကြရတယ် ကြားရတာပါပဲ။ တကယ်တော့ ဒီဆရာ/ဆရာမလေးတွေက မြန်မာပြည်မှာတုန်းကတည်းက ကျောင်း ဆရာ ဆရာမတွေရယ်။ နိုင်ငံရေးကြောင့် ဘေးလွတ်ရာထွက်လာပြီး ရရာအလုပ်လုပ်ရင်း တဖက်က ကလေးတွေကို ကူနေတာမျိုးပေါ့။ ဒီရောက်တော့လည်း ဒီက စည်းကမ်းဥပဒေကို ကြောက်ရတော့ အကုန်ကျီးလန့်စာ စားဘဝပါပဲ။
ဆက်ဖွင့်ခွင့်ရနေတဲ့ကျောင်းတချို့ကလည်း ကိုယ်နဲ့အလှမ်းဝေး၊ ပြီးတော့ ကျောင်းသားဦးရေက များတော့ မနိုင်မနင်းတွေဖြစ်နေတာလည်း ကြားရတယ်။ ထိုင်းကျောင်းအပ်ပါလားလို့ ပြောကြပြန်တော့လည်း ကျမ မှာ စိတ်ပူစရာအများသား။ ကျမ သူတို့စကားကို လိပ်ပတ်လည်အောင်မသိ။ ကျမကိုယ်တိုင်တောင် စာရွက်စာတမ်း မပြည့်မစုံဘဝ။
ကလေးတွေရဲ့ စာရွက်စာတမ်းက ဘယ်လိုလုပ်မလဲ။ ကလေးတွေကို သူတို့မိခင်ဘာသာစကား မဟုတ်တဲ့ စာ၊ စကားနဲ့ သင်မဲ့ နေရာအသစ်တခုမှာ ထားဖို့ ဆိုတာ ကျမတို့ အတွက် အတော်ဆုံးဖြတ်ရခက်တဲ့ ကိစ္စရယ်။ ပြီးတော့ ကျမတို့က ဒီမှာ တသက်လုံးနေမယ့်သူလည်း မဟုတ်။
ကိုယ့်ဆီမှာ အခြေအနေတွေ အေးတာနဲ့ ရွာပြန်ချင်တာရယ်။ ဒီမှာ ကလေးတွေ အကြိုအပို့၊ ကုန်ကျစရိတ်ကိစ္စတွေကို ပိုသိလာရတော့ ပိုပင်ပန်းရတယ်။ ကျမတို့လို ဥစ္စာကမွဲ၊ အထောက်အထားက မစုံ၊ ကျပန်းလုပ်နေရတဲ့ ရွှေ့ပြောင်းလုပ်သားတွေရဲ့ ကလေးပညာရေးကတော့ ကျမ ဆက်မတွေးတတ်တော့အောင်ဖြစ်ရတယ်။
ကလေးတွေ ကျမဆီရောက်လာတဲ့ သင်္ကြန်ပိတ်ရက်ရှည်မှာ ကျမအမျိုးသားလည်း ကျမဆီမလာနိုင်ခဲ့။ ကလေးတွေခေါ်ရတဲ့ လမ်းစရိတ်တွေအတွက် သူအလုပ်တွေမနားနိုင်။ ညဖက်အချိန်ရရင် ဖုန်းခေါ်လို့သူနဲ့ ကလေးတွေရဲ့ ရှေ့ရေး၊ ပညာရေး ကိစ္စ တိုင်ပင်တိုင်း အဖြေရေရေရာရာမရဘဲ ကတောက်ကဆနဲ့ ဖုန်းချခဲ့ရတဲ့ အချိန်တွေများလာတယ်။ မွန်းကျပ်စရာ အလိုမကျ ဒေါသတွေ ကျမတို့ ဘယ်လို ဖွင့်အန်ပေါက်ကွဲရမလဲ မသိတော့အောင်ပါပဲ။
မြန်မာကျောင်းလေးတွေပြန်ဖွင့်ဖို့ ဆုတောင်းရသလို၊ ကလေးတွေအတွက် ပညာရေး အဆင်ပြေမဲ့ နေရာကို ပြောင်းဖို့လည်း လိုက်စုံစမ်းရတော့တယ်။ အပြောင်းအလဲတွေမလုပ်ခင်မှာ လိုအပ်တဲ့ ကုန်ကျစရိတ်တွေ တွက်ရင်းလည်း သက်ပြင်းတွေချရတာအခါခါပါ။
သင်္ကြန်ပိတ်ရက်ပြီးလို့ အလုပ်တွေပြန်စတော့မယ့် အချိန်မှာ ကလေး နှစ်ယောက်ကို ဘယ်လို ထားခဲ့မလဲ ဆိုတဲ့ ကိစ္စကလည်း အခုတော့ လွယ်မယောင်နဲ့ခက်လာတယ်။ အသိတွေထဲမှာလည်း ကျမတို့လို အဖြစ်မျိုး ကြုံရတဲ့သူတွေ မနည်းဘူးဆိုတော့ သူတို့ဆီလှမ်းမေး၊ အကြံယူရတယ်။ သူတို့ ပြောပြတော့လည်း အလွယ်သား ဆိုပေမဲ့ ကျမအတွက်က အတွေ့အကြုံအသစ်ဖြစ်နေတယ်။
“နောက်တော့ ရသွားမှာပါ၊ ငါတို့လည်း အစက အဲလိုပဲ၊ စိတ်ပူတာပဲ” ဆိုတဲ့ အားပေး စကားတွေကြားရပေမဲ့ ကျမနဲ့ ခပ်စိမ်းစိမ်းဖြစ်နေသေးတဲ့ သမီးလေး အကြောင်းစဉ်းစားလိုက်ရင် အသက်ရှူလို့ မဝ။ ကျမအလုပ်ပြန်မဆင်းခင် တရက်တော့ သားကြီးကို သေချာမှာ ရတယ်။ သင်ပြရတယ်။ လိုတာတွေ ဝယ်ခြမ်း ပြင်ဆင်ရပြန်တယ်။ ပတ်ဝန်းကျင်က အန္တရာယ်တွေအကြောင်း ရှင်းပြထားရတယ်။
သားနဲ့သမီးအတွက်လိုတာတွေပြင်ဆင်ချက်ပြုတ်ပြီးချိန်မှာ ကျမအလုပ်သွားဖို့ စီစဉ်ရတယ်။ ခါတိုင်းလို တယောက်တည်း နေခဲ့တဲ့အချိန်တွေနဲ့မတူ။ စိတ်တွေက လေးလို့။ အလုပ်မသွားခင်လေးမှာ သားကြီးကို လိမ်လိမ်မာမာ နေခဲ့ဖို့ ခပ်တိုးတိုး ထပ်မှာပြီး အရေးအကြောင်းဆို ဖုန်းဆက်ဖို့ အထပ်ထပ်သတိပေးရတယ်။ ကျမ အသံတွေတောင် ခပ်တုန်တုန်ရယ်။ ကျမ အပြင်က တံခါးကို သော့ခတ်လိုက်တယ်။
ကလေးတွေ ဘေးကင်းပါစေ၊ ဒီလိုအဖြစ်မျိုးကနေ အမြန်ကင်းလွတ်ပါစေ လို့သာ တိုးတိုးသာသာ ဆုတောင်းလိုက်ရတယ်။ သမီးလေးတော့ဖြင့် သူတို့ မောင်နှမကို အခန်းထဲ ပိတ်ထားရစ်ခဲ့တဲ့ ဒီက ကျမကိုဖြင့် နားလည်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ရင်းပေါ့။
ငုယဉ်ခိုင်