သင်္ကြန်အကြတ်နေ့က လောင်းလုံးမြို့နယ်ရှိ ထားဝယ်-မောင်းမကန်လမ်းပိုင်းဖြစ်သည့် သုံးထပ်လမ်းပိုင်းတွင် ယာဉ်တိုက်မှု ဖြစ်ပြီး အမျိုးသားတစ်ဦး ပြင်းထန်ဒဏ်ရာရကြောင်း တနင်္သာရီတိုင်းအရေးပေါ် ကယ်ဆယ်ရေးနှင့် လူနာတင်ယာဉ်အဖွဲ့ထံမှ သိရသည်။
ဧပြီလ ၁၅ ရက် ညနေ ၃ နာရီခန့်တွင် သုံးထပ်လမ်းပိုင်းတွင် ကားနှင့် ဆိုင်ကယ် မျက်နှာချင်းဆိုင် တိုက်မိခဲ့ခြင်းဖြစ်ကြောင်း တနင်္သာရီတိုင်း အရေးပေါ်ကယ်ဆယ်ရေးနှင့် လူနာတင်ယာဉ်အဖွဲ့ တာဝန်ရှိသူ ဦးနိုင်မျိုးသွင်က ပြောသည်။
“မျက်နှာက တော်တော်ပျက်စီးသွားတယ်။ ဆေးရုံရောက်တော့ အရေးပေါ်ခွဲစိတ်မှု လုပ်လိုက်ရတယ်။ ညဆယ်နာရီလောက်မှ ခွဲခန်းထဲက ထွက်လာတယ်” ဟု ၎င်းက ပြောဆိုသည်။
လောင်းလုံးမြို့နယ် ကျောက်ဆင်ကျေးရွာအုပ်စု ပြင်ကြီးရွာတွင် နေထိုင်သည့် အသက် ၂၀ ကျော်အရွယ် ဆိုင်ကယ်စီးလာသည့် အမျိုးသား၏ မျက်နှာတွင် စုတ်ပြဲဒဏ်ရာရရှိခဲ့ပြီး ထားဝယ် ဆေးရုံကြီး၌ အရေးပေါ်ခွဲစိတ်ကုသမှုခံယူရကြောင်း ဦးနိုင်မျိုးသွင်က ဆိုသည်။
ထားဝယ်မြို့၌ သင်္ကြန်အကျနေ့ဖြစ်သည့် ဧပြီလ ၁၄ ရက်တွင် ယာဉ်မတော်တဆမှုလေးခုအထိရှိပြီး နှစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရခဲ့သည်။
ယင်းအပြင် ထားဝယ်နှင့် လောင်းလုံးမြို့နယ်များတွင်လည်း သင်္ကြန်အတွင်း၌ သစ်ပင်ပေါ်မှ လိမ့်ကျ ပြီး ဒဏ်ရာ (မစိုးရိမ်ရ) ရရှိသူနှစ်ဦးရှိကြောင်းလည်း ကူညီဆောင်ရွက်ပေးခဲ့သူများထံမှ သိရသည်။