ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ဂျပန်တွင် အရပ်သားဗုံးခိုနေရာများ ထပ်တိုးချဲ့ ဗုံးခိုနေရာပေါင်း ၆၂၅၀၀ ကျော်ရှိလာ

March 17, 2026

အရှေ့မြောက်အာရှဒေသ လုံခြုံရေးအခြေအနေ ပိုမိုဆိုးရွားလာနေမှုကြောင့် အရပ်သားပြည်သူများအတွက် ဗုံးခိုနေရာအသစ် ၁၅၀၀ နီးပါးကို ဂျပန်အစိုးရက ထပ်မံတိုးချဲ့သတ်မှတ်လိုက်သည်။

အရပ်သားပြည်သူများအတွက် ဗုံးခိုနေရာများကို တိုးချဲ့ရန် ဂျပန်အစိုးရက ၂၀၂၄ ခုနှစ်တွင် စတင်လေ့လာခဲ့သည်။

အဆိုပါ လေ့လာမှုအရ မြေအောက်ရထားဘူတာများနှင့် မြေအောက်ကားပါကင်များအပါအဝင် နေရာပေါင်း ၁,၄၈၉ ခုကို ရေတိုဗုံးခိုရန် သင့်တော်သည့် နေရာများအဖြစ် ဂျပန်အစိုးရက အတည်ပြုလိုက်သည်။

ယခင်ရှိနှင့်ပြီးသား အရပ်သားပြည်သူများ ဗုံးခိုရာနေရာ ၆၁,၁၄၂ ခုနှင့်ပေါင်းပါက ဗုံးခိုနေရာပေါင်း ၆၂,၅၀၀ ကျော်ရှိသွားပြီဖြစ်သည်။

ယင်းဗုံးခိုနေရာများ အားလုံးကို ကွန်ရက်တစ်ခုသဖွယ် ပေါင်းစပ်ချိတ်ဆက်သွားမည်ဖြစ်ကြောင်း Sankei သတင်းစာက မတ်လ ၁၂ ရက်တွင် ဖော်ပြခဲ့သည်။

အဆိုပါ ဗုံးခိုနေရာကွန်ရက်အနေဖြင့် လူပေါင်း ၁၀ ဒသမ ၈ သန်းဝန်းကျင်ကို အကာအကွယ်ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

နေတိုး(NATO) နှင့် ရုရှား စစ်ဖြစ်၍ အရှေ့အာရှဒေသသို့ စစ်မီးကူးစက်လာလျှင် ဂျပန်နှင့် တောင်ကိုရီးယားရှိ နေရာပေါင်း ၁၆၀ ကို ဦးစားပေးတိုက်ခိုက်မည့်စာရင်းတွင် ရုရှားက ထည့်သွင်းထားကြောင်း Financial Times သတင်းစာက ၂၀၂၄ ခုနှစ် ၊ ဒီဇင်ဘာလတွင် ဖော်ပြခဲ့သည်။

လက်ရှိ ဒေသတွင်းလုံခြုံရေးအခြေအနေသည် ဒုတိယကမ္ဘာစစ်နောက်ပိုင်း အဆိုးရွားဆုံးနှင့် အရှုပ်ထွေးဆုံးအခြေအနေဖြစ်ကြောင်း ဂျပန်ဝန်ကြီးချုပ် ဆာနအဲ တာကအိချိက သတိပေးထားသည်။

ရုရှား၏ ယူကရိန်းကျူးကျော်စစ် ၊ အစ္စရေး၏ ဂါဇာစစ်ပွဲနှင့် လက်ရှိဖြစ်ပွားနေသည့် အီရန်စစ်ပွဲတို့က စစ်ပွဲအတွင်း အရပ်သားပြည်သူများအတွက် ခိုလှုံရာနေရာ ပိုမိုလိုအပ်နေပြီဖြစ်ကြောင်း မီးမောင်းထိုးပြနေသည်။

Source: South China Morning Post