ထိုင်းနိုင်ငံအတွင်း ဒီဇယ်ဈေးနှုန်းများသည် မနက်ဖြန် မတ်လ ၁၈ ရက်နေ့မှစ၍ တစ်လီတာလျှင် ၃၃ ဘတ်အထိ ဈေးတက်လာမည်ဖြစ်ကြောင်း ထိုင်းအစိုးရအဖွဲ့က ထုတ်ပြန်သည်။
နိုင်ငံအတွင်းရှိ ဓါတ်ဆီနှင့် ဒီဇယ်ဆီဈေးနှုန်းများကို တသတ်မတ်တည်း ၁၅ ရက်ကြာ ရောင်းချရန် အစိုးရက သတ်မှတ်ခဲ့သဖြင့် ဒီဇယ်ဈေးနှုန်းသည် တစ်လီတာလျှင် မူလ ၂၉ ဒသမ ၉၅ ဘတ်ကို သတ်မှတ်ထားခဲ့သည်။
ယနေ့ညနေပိုင်းတွင် အစိုးရအဖွဲ့ အစည်းအဝေးဆုံးဖြတ်ချက်အရ ဒီဇယ်ဈေးနှုန်းများကို တစ်လီတာလျှင် ၃၃ ဘတ်အထိ မြှင့်တင်ရန် ဆုံးဖြတ်ကြောင်း ထုတ်ပြန်လိုက်သည်။
လောင်စာဆီများ ဈေးနှုန်းတည်ငြိမ်ရန်အတွက် စိုက်ထုတ်အသုံးပြုနေသော လောင်စာဆီရန်ပုံငွေမှ ဘတ် ၁၂ ဘီလီယံအထိ လိုငွေပြလာသဖြင့် လောင်စာဆီဈေးနှုန်းများကို မြှင့်တင်ရန် ဆုံးဖြတ်ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
ဒီဇယ်ဆီဈေးနှုန်းများ တက်လာမှုနှင့်အတူ ထိုင်းတောင်ပိုင်း စွန်ခရာခရိုင်ရှိ ငါးဖမ်းလှေများသည် ကမ်းကပ်ရပ်နားထားရပြီး လုပ်ငန်းများ ရပ်တန့်နေပြီဟု သတင်းများတွင်ဖော်ပြသည်။
ဆီဈေးနှုန်းများသည် မကြုံစဖူး မြင့်တက်လာနေသဖြင့် လှေအများစုက လုပ်ငန်းများ ရပ်နားထားပြီး အစိုးရအကူအညီကို စောင့်ဆိုင်းနေရကြောင်း သတင်းတွင်ဖော်ပြထားသည်။
အကယ်၍ ငါးဖမ်းလှေများသာ ရပ်နားလိုက်ရပါက ပင်လယ်စာဈေးနှုန်းများ တက်လာနိုင်ပြီး တစ်ကီလိုဂရမ်လျှင် ဘတ် ၂၀ ခန့်မြင့်တက်လာနိုင်ကြောင်း သတိပေးထားသည်။
Ref: Khaosod, The Nation Thailand, Bangkok Post







