ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်းလုပ်သားများ၏ ကလေးငယ်များအားလုံး အခမဲ့ ပညာသင်ယူခွင့်ကို ကန့်ကွက်ကြောင်း နှုတ်ခမ်းမွှေးအဖွဲ့ဟု လူသိများသည့် ထိုင်းမျိုးချစ်အဖွဲ့က ယနေ့တွင် ပညာရေးဝန်ကြီးဌာနသို့ စာပေးပို့လိုက်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။
ပြည်သူများ၏ လက်မှတ်ပေါင်း ၈၆၀၀၀ ကျော်ဖြင့် ကန့်ကွက်စာပေးပို့ခဲ့ကြောင်း ဖော်ပြသည်။
ထိုင်းနိုင်ငံသား သို့မဟုတ် အိမ်ထောင်စုထဲတွင် မပါဝင်သော ရွှေ့ပြောင်းကလေးငယ်များအား အခမဲ့ ပညာသင်ယူခွင့် ပေးသည့် ဥပဒေကို ဆန့်ကျင်ကြောင်း မျိုးချစ်အဖွဲ့ခေါင်းဆောင် နှုတ်ခမ်းမွှေးဟုခေါ်သည့် Tae Archiwa ကိုယ်တိုင် ဝန်ကြီးဌာနသို့ စာပေးပို့ တိုင်ကြားခဲ့ခြင်းဖြစ်သည်။
ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်းကလေးငယ်အားလုံးသည် တရားဝင် မှတ်ပုံတင် အထောက်အထား မရှိသည်ဖြစ်စေ၊ ထိုင်းနိုင်ငံသား မဟုတ်သည်ဖြစ်စေ ကျောင်းအပ်နိုင်၍ ပညာသင်ယူခွင့် ရရှိမည်ဖြစ်ကြောင်း ဇန်နဝါရီလ ၃၀ ရက်တွင် ထိုင်းဘုရင်က လက်မှတ်ထိုး၍ ဥပဒေပြဋ္ဌာန်းခဲ့သည်။
ယင်းဥပဒေကို ဆိုင်းငံ့ထားရန်အတွက်လည်း နှုတ်ခမ်းမွှေးအဖွဲ့က ယနေ့ နံနက် ၁၁ နာရီတွင် ပညာရေးဝန်ကြီးဌာနရှေ့တွင် စုရုံးတောင်းဆိုခဲ့သေးသည်။
ထိုင်းနိုင်ငံထဲ ထိုင်းနိုင်ငံသားများသည်သာ ပထမဦးစားပေးဖြစ်သင့်ပြီး ဥပဒေများသည်လည်း ထိုင်းကလေးငယ်များအတွက် ပထမဦးစားပေး ပညာသင်ယူခွင့် ရရှိရေး ဖြစ်သင့်ကြောင်း နှုတ်ခမ်းမွှေးအဖွဲ့က ဆိုသည်။
စာသင်ကျောင်းများတွင် ထိုင်းကလေးငယ်များပင်လျှင် ပညာရေးဆိုင်ရာ အခွင့်အရေး အပြည့်အဝ မရရှိသဖြင့် ရွှေ့ပြောင်းကလေးငယ်များကို အခမဲ့ ပညာသင်ယူခွင့်ပြုခြင်းကို ကန့်ကွက်ကြောင်း ပြောဆိုသည်။
ထိုင်းပြည်သူများ အခွန်ပေးဆောင်ထားသော ဘတ်သန်း ၈၀၀ ကျော်ကိုလည်း ထိုင်းနိုင်ငံသား မဟုတ်သူများအတွက် အသုံးပြုမည်လောဟု နှုတ်ခမ်းမွှေးအဖွဲ့က မေးခွန်းထုတ်ထားသည်။
ထို့ကြောင့် အာဏာပိုင်များက ထိုင်းကလေးငယ်များ အခွင့်အရေး အပြည့်အဝ ရရှိရေး ဦးစားပေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဆိုသည်။
ထိုင်းမျိုးချစ်အဖွဲ့က လက်မှတ်ပေါင်း ၈၆၀၀၀ ကျော်ဖြင့် တင်သွင်းခဲ့သော ကန့်ကွက်စာကို ဝန်ကြီးဌာန၏ ကိုယ်စားလှယ်တစ်ဦးက လက်ခံရယူခဲ့ပြီး ဝန်ကြီးဌာနဘက်က စဉ်းစားသွားမည်ဖြစ်ကြောင်း တုံ့ပြန်သည်။
အကယ်၍ ပညာရေးဝန်ကြီးဌာနဘက်က အရေးယူစဉ်းစားပြီး ပြင်ဆင်ခြင်းမရှိပါက နှုတ်ခမ်းမွှေးအဖွဲ့အနေဖြင့် ထိုင်းဝန်ကြီးချုပ်ရုံးသို့ ထပ်မံပေးပို့ကန့်ကွက်မည်ဖြစ်ပြီး ယင်းဥပဒေကို ပြင်ဆင်နိုင်ရေး အစွမ်းကုန် ကြိုးပမ်းမည် ဖြစ်ကြောင်း နှုတ်ခမ်းမွှေးက ပြောသည်။
Ref: Khaosod English, Amarin TV, Top News







