ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ပါကစ္စတန်က အာဖဂန်နစ္စတန် ဆေးရုံကို ဗုံးကြဲတိုက်ခိုက်၍ လူ ၄၀၀ ကျော် သေဆုံး

March 17, 2026

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့ရှိ မူးယစ်ဆေးဖြတ်ကုသရေးဆေးရုံတစ်ခုကို ပါကစ္စတန်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ လူပေါင်း ၄၀၀ ထက်မနည်း သေဆုံးပြီး ၂၅၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တာလီဘန်အစိုးရက ယနေ့ မတ်လ ၁၇ ရက်နေ့တွင် ပြောသည်။

ယခုဖြစ်ရပ်သည် အာဖဂန်နစ္စတန်နှင့် ပါကစ္စတန်အကြား ဖြစ်ပွားနေသည့် ပဋိပက္ခ သိသိသာသာ အရှိန်မြင့်တက်လာခြင်းဖြစ်ကြောင်း Reuters သတင်းတွင် ဖော်ပြသည်။

အာဖဂန်နစ္စတန်နိုင်ငံ တာလီဘန်အစိုးရ၏ စွပ်စွဲချက်မှာ မဟုတ်မှန်ဘဲ အထင်အမြင်လွဲမှားစေရန် လုပ်ဆောင်ခြင်းသာ ဖြစ်ကြောင်း ပါကစ္စတန်အစိုးရဘက်က ဆိုသည်။

တနင်္လာနေ့ညက စစ်ဆင်ရေးအတွင်း စစ်ဘက်ဆိုင်ရာ အဆောက်အအုံများနှင့် အကြမ်းဖက်သမားများကို ထောက်ပံ့ပေးနေသည့် အခြေခံအဆောက်အအုံများကိုသာ တိတိကျကျ ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ပါကစ္စတန်အစိုးရက ဆိုသည်။

“တိုက်ခိုက်မှုအပြီးမှာ ထပ်ဆင့်ပေါက်ကွဲမှုတွေ ဖြစ်ခဲ့တာကို မြင်တွေ့ရပါတယ်။ ဒါက အဲဒီနေရာမှာ ခဲယမ်းမီးကျောက် သိုလှောင်ရုံအကြီးစားတွေ ရှိနေတယ်ဆိုတာကို ရှင်းရှင်းလင်းလင်း ဖော်ပြနေပါတယ်” ဟု ပါကစ္စတန်ပြန်ကြားရေးဝန်ကြီး အတာအူလာတာရာက X လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားခဲ့သည်။

ယင်းနှစ်နိုင်ငံအကြား တင်းမာမှုများကို လျှော့ချရန် ဆက်လက်ကူညီသွားရန် အသင့်ရှိကြောင်း တရုတ်အစိုးရက တိုက်တွန်းပြောကြားပြီးနောက် နာရီပိုင်းအကြာတွင် အဆိုပါ တိုက်ခိုက်မှု ပေါ်ပေါက်လာခြင်း ဖြစ်သည်။

တရုတ်အပါအဝင် မိတ်ဖက်နိုင်ငံများ၏ ကြားဝင်စေ့စပ်ပေးမှုကြောင့် နှစ်ဘက်အပြန်အလှန်တိုက်ခိုက်မှုများ ခေတ္တငြိမ်သက်သွားခဲ့သော်လည်း အိဒ်ပွဲတော်မတိုင်မီ ရက်ပိုင်းအလိုတွင် တစ်ကျော့ပြန် အရှိန်မြင့်လာခဲ့သည်။

ယခင်က ရင်းနှီးသည့် မဟာမိတ်များဖြစ်သည့် ပါကစ္စတန်နှင့် အာဖဂန်နစ္စတန်အကြား လက်ရှိပဋိပက္ခသည် ယခုနှစ် ဖေဖော်ဝါရီလတွင် စတင်ခဲ့ပြီး သမိုင်းတစ်လျှောက် အဆိုးရွားဆုံးအဖြစ် ဖော်ပြခံရသည်။

အာဖဂန်နစ္စတန်ရှိ စစ်သွေးကြွအဖွဲ့များကို ပါကစ္စတန်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာမှ ပဋိပက္ခများ စတင်ပေါက်ကွဲထွက်ပေါ်လာခြင်း ဖြစ်သည်။

ပါကစ္စတန်၏ အဆိုပါ တိုက်ခိုက်မှုများသည် အရပ်သားများကို ပစ်မှတ်ထားခြင်း ဖြစ်ပြီး နိုင်ငံ့အချုပ်အခြာအာဏာကို ကျူးလွန်ထိပါးရာ ရောက်သည်ဆိုကာ အာဖဂန်နစ္စတန် တာလီဘန်အစိုးရက ပြန်လည်လက်တုံ့ပြန်တိုက်ခိုက်ခဲ့သည်။

ပါကစ္စတန်ကို တိုက်ခိုက်နေသည့် လက်နက်ကိုင်စစ်သွေးကြွများအား အာဖဂန်နစ္စတန်တွင် တာလီဘန်အစိုးရက ခိုလှုံရာနေရာ ပေးထားကြောင်း ပါကစ္စတန်အစိုးရက စွပ်စွဲထားသည်။

ယင်းစွပ်စွဲချက်ကို တာလီဘန်အစိုးရက ငြင်းဆိုထားပြီး စစ်သွေးကြွနှိမ်နင်းရေးမှာ ပါကစ္စတန်၏ ပြည်တွင်းရေးသာဖြစ်ကြောင်း ပြောသည်။

Source: Reuters