သရက်ချောင်းမြို့နယ်၊ ဂုံညှင်းဆိပ်ရွာကို စစ်အာဏာရှင်တပ်က မတ်လ ၁၆ ရက်နှင့် ၁၇ ရက်တို့တွင် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေကြောင်း စစ်ရေးသတင်းအရင်းအမြစ်အချို့နှင့် ဒေသခံအချို့က ပြောသည်။
မြိတ်-ထားဝယ်အမှတ် (၈) ပြည်ထောင်စုကားလမ်းပေါ်က ဝင်းဝစခန်းကို ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ (၄) ၊ တပ်မဟာ (၆) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ-NUG လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDF တပ်များက မတ်လ ၁၁ ရက်တွင် တိုက်ခိုက်သိမ်းယူခဲ့သည်။
အဆိုပါစခန်းမှ ပင်လယ်ဘက်သို့ ထွက်ပြေးလားသည့် စစ်အာဏာရှင်တပ်ဖွဲ့ဝင်များသည် ဂုံညှင်းဆိပ်ကျေးရွာနှင့် အနီးဝန်းကျင်တို့တွင် ပိတ်မိနေပြီး နှစ်ဖက်တိုက်ပွဲများ ဖြစ်နေကြောင်း စစ်ရေးသတင်းအရင်းအမြစ်အချို့နှင့် ဒေသခံအချို့က ဆိုသည်။
ထို့ကြောင့် စစ်အာဏာရှင်တပ်က လေကြောင်းဖြင့် ဆက်တိုက်ဗုံးချတိုက်ခိုက်နေကြောင်း ၎င်းတို့က ပြောဆိုသည်။
မတ်လ ၁၆ရက် ညနေ ၃နာရီခွဲခန့်တွင် K8Wဂျက်ဖိုက်တာဖြင့် ဂုံညှင်းဆိပ်ကျေးရွာအတွင်းသို့ ပေါင် ၂၅၀ဗုံး တစ်လုံးကြဲချ တိုက်ခိုက်ခဲ့ပြီး ၄ နာရီဝန်းကျင်တွင် ပေါင် ၂၅၀ဗုံးနှစ်လုံး ထပ်မံကြဲချတိုက်ခိုက်ကြောင်း KNU တပ်မဟာ (၄) ၊ မြိတ်-ထားဝယ်ခရိုင်က သတင်းထုတ်ပြန်သည်။
ယနေ့ မတ်လ ၁၇ရက် နံနက် ၉ နာရီ ၉ မိနစ်မှ ၄၉ မိနစ်အတွင်းမှာ Y-12 လေယာဉ်ဖြင့် ဂုံညှင်းဆိပ်ကျေးရွာနှင့် ဆီတောပတ်ဝန်းကျင်ကို ဗုံးသီး ၆၈ လုံး ကြဲချတိုက်ခိုက်ကြောင်း စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက ပြောသည်။
၁၁ နာရီ ၇ မိနစ်တွင်လည်း K8W ဂျက်ဖိုက်တာဖြင့် ပေါင် ၂၅၀ ဗုံး တစ်လုံးထပ်မံကြဲချတိုက်ခိုက်သလို စက်သေနတ်ဖြင့်လည်း လှည့်ပတ်ပစ်ခတ်ခဲ့သေးကြောင်း ၎င်းက ဆိုသည်။
၁၁ နာရီ ၁၃ မိနစ်တွင် K8W ဂျက်ဖိုက်တာတစ်စင်း ထပ်တက်လာပြီး ဂုံညှင်းဆိပ်ကျေးရွာနှင့် ယင်းနှင့်ကပ်လျက် ဆီတောကျေးရွာတို့ကို ပေါင် ၂၅၀ ဗုံးနှစ်လုံးထပ်မံကြဲချတိုက်ခိုက်ခဲ့သေးကြောင်း စစ်ရေးသတင်းအရင်းအမြစ်က ပြောဆိုသည်။
မတ်လ ၁၆ ရက် ဗုံးကြဲတိုက်ခိုက်မှုတွင် အရပ်သားနေအိမ်နှစ်လုံး၊ ကားတစ်စီးထိခိုက်ပျက်စီးပြီး ဂုံညှင်းဆိပ်ရွာထဲ ပိတ်မိနေ သည့် အရပ်သားအချို့ ထိခိုက်ဒဏ်ရာရကြောင်း ၎င်းက ပြောသည်။
ယနေ့ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုတွင် ထိခိုက်မှုမသိရသေးကြောင်း စစ်ရေးသတင်းအရင်းအမြစ်က ဆိုသည်။
ဝင်းဝစခန်းမှ ဆုတ်ခွာထွက်ပြေးလာသည့် စစ်အာဏာရှင်တပ်သားများနှင့် စစ်ကူလာသည့် စစ်ကြောင်းတို့ ဂုံညှင်းဆိပ်ရွာနှင့် အနီးဝန်းကျင်တွင် ပိတ်မိနေပြီး ပူးပေါင်းတပ်များနှင့် နှစ်ဖက်ထိတွေ့တိုက်ပွဲများ ကြိုကြား ကြိုကြား ဆက်လက်ဖြစ်ပေါ် နေကြောင်း စစ်ရေးသတင်းအရင်းအမြစ်နှင့် ဒေသခံအချို့က ပြောဆိုသည်။
“လက်ရှိသိထားတာတော့ (ထွက်ပြေးလာတဲ့ စစ်အာဏာရှင်တပ်ဖွဲ့ထဲမှာ) ဗျူဟာမှူးတစ်ယောက်လည်း ပါတယ်။ ရေတပ်ကလည်း ကယ်ထုတ်ဖို့ကြိုးစားနေတာရှိတာပေါ့နော်။ ဆိုတော့တိုက်ပွဲတွေကတော့ ကြိုကြားကြိုကြား နေ့စဉ်ရက်ဆက်ဖြစ်နေတုန်း။ ကျွန်တော်တို့ဘက်ကလည်း သူတို့ကို လိုက်ပြီးတော့ တိုက်ခိုက်နေတုန်းရှိသေးတယ်” ဟု အထက်ပါ စစ်ရေးသတင်းအရင်းအမြစ်က ပြောသည်။
အဆိုပါ စစ်အာဏာရှင်တပ်စစ်ကြောင်းသည် အင်အား တစ်ရာကျော်ရှိပြီး ရေတပ်စစ်သင်္ဘောဆီကို ဆုတ်ခွာထွက်ပြေးရန် စောင့်ဆိုင်းနေသည်ဟု ယူဆရကြောင်း စစ်ရေးသတင်းအရင်းအမြစ်နှင့် ဒေသခံအချို့ဆီက သိရသည်။
ယခုပိတ်မိနေသည့်ကာလအတွင်း Y-12 လေယာဉ်ဖြင့် စစ်လက်နက်ခဲယမ်းနှင့် စားနပ်ရိက္ခာများကို ချပေးနေကြောင်း ၎င်းတို့က ဆိုသည်။
“မသွားသေးတာ လှေဝင် မရလို့လား မသိဘူး။ ရေသေရက်ဆို လှေကြီးဝင်ဖို့ ခက်တယ်။ အခုရက်ထဲ လေယာဉ်နဲ့ ရိက္ခာတွေ လာပစ်ချပေးတယ်ပြောတယ်” ဟု ဂုံညှင်းဆိပ်ရွာသားတစ်ဦးက ပြောဆိုသည်။
ဂုံညှင်းဆိပ် ရွာအနီးရှိ ကနက်သီရိရွာ ပင်လယ်ပြင်တွင် စစ်အာဏာရှင်တပ် ရေတပ်စစ်သင်္ဘောရှိကြောင်း ဒေသခံများထံမှ သိရသည်။
ဂုံညှင်းဆိပ်ရွာကို မတ်လ ၁၁ ရက်မှ ယနေ့ မတ်လ ၁၇ ရက်အထိ နေ့စဉ်နီးပါး ဗုံးကြဲတိုက်ခိုက်နေပြီး အရပ်သားသေဆုံး၊ ထိခိုက်ဒဏ်ရာရမှု၊ လူနေအိမ်နှင့် ဘုန်းတော်ကြီးကျောင်းထိခိုက်ပျက်စီးမှုများ ရှိနေသည်။







