ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ပျော်ပွဲရွှင်ပွဲ၊ လူဆွဲပွဲများနှင့် ထားဝယ်မြို့ပြ

January 17, 2026

စစ်အုပ်စုက စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီးနောက် လူငယ်တွေကို အဓမ္မစစ်မှုထမ်းစုဆောင်းနေတာကြောင့် မိသားစုကမ္ဘာငယ်များ ပျက်စီးနေကြရသည်။

ယခု စစ်မှုထမ်းအပတ်စဉ် ၂၁ ကိုပင် ရောက်လာပြီဖြစ်သည်။ မြန်မာနိုင်ငံအနှံ့ ထောင်သောင်းချီ‌သောလူငယ်များ စစ်ပွဲထဲသို့ အဓမ္မ ဆွဲသွင်းခံနေကြရသည်။

မြန်မာပြည်တောင်ပိုင်း တနင်္သာရီတိုင်း၏ မြို့တော် ထားဝယ်မြို့တွင်လည်း စစ်အုပ်စုက ပျော်ပွဲ၊ ရွှင်ပွဲများဖန်တီးပြီး တစ်ဖက်တွင်မူ စစ်မှုထမ်းအတွင် အဓမ္မဖမ်းဆီးစုဆောင်းမှုများ ဆိုးဆိုးရွားရွားလုပ်ဆောင်လျက်ရှိသည်။ အကြောင်း အမျိုးမျိုးကြောင့် မိသားစုကို စွန့်ခွာနိုင်ခြင်းမရှိဘဲ အနည်းငယ်ကျန်‌နေသေးသော မြို့ခံလူငယ်များသည် ညဘက် စစ်ကားသံ ကို နားစွင့်နေကြရသဖြင့် စိတ်ဒုံးဒုံးချ မအိပ်စက်ရဲကြပေ။

အရွယ်ရောက်ပြီးသား သားသမီးရှိသည့် မိဘများမှာလည်း ၎င်းတို့၏ သားသမီးများမည်သည့်အချိန်တွင် ဖမ်းဆီးခံရမည်ကို စိုးရိမ်စိတ်ဖြင့် နေထိုင်နေကြရသည်။ အခြေခံလူတန်းစားများမှာ ထွက်ပေါက်မရှိသဖြင့် မျှော်လင့်ချက်မဲ့သည့် ခံစားချက်မျိုး ဖြစ်ပေါ်နေသည်။

စစ်အာဏာရှင်တပ်သည် ၎င်းတို့တပ်အင်အားဖြည့်တင်းရေးအတွက် လိုအပ်သည့် စစ်မှုထမ်းစုဆောင်းမှုပုံစံမှာ ဒေသတစ်ခုနှင့် တစ်ခု မတူညီကြပေ။ မြိတ်နှင့် ကော့သောင်းခရိုင်တို့ဘက်ခြမ်းတွင် စုဆောင်းသည့်ပုံစံကတစ်မျိုး ဖြစ်သည်။ ထားဝယ်ခရိုင်တွင်မူ စစ်ဆေးရေးဂိတ်များတွင် လူငယ်များကို ဖမ်းဆီးစုဆောင်းခြင်း၊ ရွှေ့ပြောင်းလုပ်သားများကို ပစ်မှတ် ထားခြင်းများ ရှိနေသည်။ ယခုနောက်ပိုင်းတွင် နေအိမ်၊ ဆိုင်၊ ပြည်သူများ၏ အ‌ဆောက်အအုံများထဲအထိဝင် ဝင်ရောက်ပြီး ဖမ်းဆီးမှုအထိ ပြောင်ပြောင်တင်းတင်း လုပ်လာနေသည်။

စစ်အုပ်စု အခြေစိုက်ရာ နေပြည်တော်တွင် ဇန်နဝါရီလ ဒုတိယပတ်အတွင်း လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ ခေါင်းစဉ် တပ်ပြီး ပွဲကျင်းပနေချိန် ထားဝယ်ဒေသတွင် ယင်းခေါင်းစဉ်နဲ့ မအပ်စပ်သည့် ဆန့်ကျင်သည့်အရာများ ဖြစ်ပေါ်နေသည်။

ထားဝယ်မြို့ပေါ် တွင် လူငယ်များကို နေအိမ်ထဲဝင်ရောက် ဖမ်းဆီးခြင်း၊ မြို့ပေါ် လမ်းများပေါ် နေ့ခင်းဘက် ဖမ်းဆီးခြင်း၊ မြို့အဝင်အထွက်ဂိတ်များတွင် ပိတ်ဆို့ဖမ်းဆီးခြင်းများ စသဖြင့် စစ်ပွဲသို့ အဓမ္မဆွဲခေါ်ခံနေရသဖြင့် လူငယ်များမှာ သွေးပျက်နေရပေသည်။ ဇန်နဝါရီလ ၁၅ ရက်တွင်ဆိုလျှင် ထားဝယ်မြို့တွင် ဖမ်းဆီးစုဆောင်းထားသူထဲက ၅၀ ကျော်ကို စစ်မှုထမ်း သင်တန်းတက်ခိုင်းရန် မြိတ်သို့ စစ်သင်္ဘောဖြင့် ပို့ဆောင်ခဲ့သည်။

ထားဝယ်ဒေသက အထက်ဖော်ပြပါ အခြေအနေများကို သိရှိ၊ သုံးသပ်၊ စဉ်းစားနိုင်စေရန် ယခုတစ်ပတ် တနင်္သာရီပုံရိပ်အစီအစဉ်တွင် ဖော်ပြပေးလိုက်ပါသည်။

“ညအိပ်ရင်တောင် ကျောချမ်းနေတာ။ ညရောက်ပြီဆိုရင် စစ်ကားသံတွေပဲ နားစွင့်ပြီး အိပ်နေရတော့…”

အသက် ၂၅ နှစ်အရွယ် ထားဝယ်မြို့ခံ လူငယ်အမျိုးသားတစ်ဦး

DW ။ အခုတလော စစ်မှုထမ်းစုဆောင်းနေတဲ့ မြို့ပေါ်က လတ်တလောအခြေအနေနဲ့ ပတ်ဝန်းကျင်မှာ ဘယ်လိုကြုံနေရလဲ ပြောပြပေးပါလား။

ဖြေ ။ ပတ်ဝန်းကျင်အခြေအနေကတော့ တစ်နေရာနဲ့ တစ်နေရာ မတူဘူးဗျ။ အခုက ညအိပ်ရင်တောင် ကျောချမ်းနေတာ။ ညရောက်ပြီဆိုရင် စစ်ကားသံတွေပဲ နားစွင့်ပြီး အိပ်နေရတော့ တစ်နေတစ်နေ့ အန္တရာယ် ကိုယ့်အပေါ် ဘယ်နေ့လာမယ် ဆိုတာ မသိနိုင်တဲ့ အနေအထားတစ်ခုဖြစ်နေတာပေါ့ဗျာ။ အတတ်နိုင်ဆုံးတော့ အပါမခံအောင်ဘဲ သတိထားနေနေရတယ်ဗျ။

DW ။ ကိုယ့်အိမ်နီးနားချင်းထဲကရော စစ်မှုထမ်း အဆွဲခံတာရှိလား။ သူငယ်ချင်းတွေ၊ အသိတွေရော ပါသွားတာရှိလား။

ဖြေ ။ (သူငယ်ချင်းတွေ ပါသွားတာမျိုး) အဲဒါမျိုးတော့ မရှိဘူးဗျ။ သူငယ်ချင်းအပေါင်းသင်းနည်းတော့ နိုင်ငံခြားရောက်နေတာက များတယ်။ ပါသွားတာကတော့ အရေအတွက်အတိအကျ မပြောချင်ဘူး။ အနီးအနားက ရပ်ကွက်တွေမှာတော့ တော်တော်ပါသွားတယ်လို့ သိရတယ်။

DW ။ ဘယ်လလောက်ကနေ စဖြစ်ပြီး အဆွဲခံရတာ ပိုကြမ်းလာတာလဲ၊ အခုလထဲမှာ ပိုကြမ်းလာလား။

ဖြေ ။ အခုတစ်လပိုင်း (ဇန်နဝါရီလ) ၈ ရက်နေ့၊ ၉ ရက်နေ့နောက်ပိုင်း ပိုကြမ်းလာတယ်။ လိုင်းပေါ်တက်ကြည့်တော့ အခုတစ်လပိုင်း အကုန်အထိ ပေါ်တာဆွဲမယ်လို့တော့ စာတွေမြင်တယ်။ အဲဒီအထဲ ကိုယ်မပါအောင်တော့ သတိထား နေနေရတယ်ဗျ။ ကျွန်တော်ကိုယ်တိုင်လည်း အခုလက်ရှိ ရှောင်ပြီး နေရတဲ့လူမို့လို့ အဲဒီလောက်အထိ အတိအကျတော့ မပြောတတ်ဘူးဗျ။

DW ။ ရှောင်နေရတယ်ဆိုတော့ ဘယ်လိုမျိုးလဲ။ အိမ်မှာ မနေတော့တာလား။ အလုပ်အကိုင်တွေ ပစ်ထားလိုက်ရလား။ ဘယ်လိုဖြတ်သန်းနေရလဲ။

ဖြေ ။ အိမ်ကိုတောင် အရိပ်မနင်းတော့ဘူး။ ကိုယ့်ဟာကိုယ် အဆင်ပြေသလို ဆွေမျိုးအိမ်မှာပဲ လိုက်နေနေတာ။ အလုပ်တွေကိုတော့ ပစ်ထားတာပေါ့ဗျာ။ အလုပ်တွေတောင် နားထားရတယ်ဗျ။ စိတ်အခြေနေကတော့ မွန်းကြပ်တာ ပေါ့ဗျာ။ ဘာလုပ်ရ ဘာကိုင်ရမှန်းမသိဘူး။ နိုင်ငံခြားရောက်နေတဲ့ သူငယ်ချင်းတွေဆီပဲ အမြန်သွားချင်တယ်ဗျ။

DW ။ နေ့ဘက်ကရော လုံခြုံလား။ သွားလာရတာ ဘယ်လိုခံစားနေရလဲ။

ဖြေ ။ သွားလာရတာ မလုံခြုံဘူးဗျ။

DW ။ အခုမြို့ပေါ်မှာလည်း ပွဲလမ်းသဘင်တွေ အခုနှစ်ထဲ ပိုများလာတယ်ပေါ့။ အဲဒီအပေါ် မှာရော ဘယ်လိုမြင်လဲ။ ပွဲလမ်းသဘင်တွေရော တစ်ခါတလေ ရောက်ဖြစ်လား။

ဖြေ ။ အရိပ်တောင် ဖြတ်မလျှောက်ခဲ့ဘူးဗျ။ ပွဲလမ်းသဘင်က သောကြာနေ့ အပတ်တိုင်း ကမ်းနားသဲကွင်းမှာ လုပ်တယ်။ အခုဆိုရင် ရွာတွေအသီးသီးက စစ်ရှောင်တွေ ထားဝယ်မြို့ပေါ် တက်လာပီး အခန်းငှားနေတယ်၊ အိမ်ဝယ်ပြီးနေတယ်။ ထားဝယ်မြို့ပေါ် စည်ကားတယ်ဆိုတာ အဲဒီလိုတွေရှိလို့ အခုလိုစည်နေတာ။ ထားဝယ်သားစစ်စစ်တွေ ထားဝယ်သူစစ်စစ် (မြို့ခံ) တွေက နိုင်ငံခြားရောက်တာနဲ့ ထားဝယ်မှာ မြို့ခံတော်တော်များများ မရှိဘူး။

DW ။ အခုအခြေအနေကို ဘယ်လိုဖြစ်စေချင်လဲဗျ။

ဖြေ ။ ဘယ်လိုဖြစ်စေချင်လဲဆိုတော့ အခုအခြေအနေကနေ အမြန်ဆုံးငြိမ်သက်သွားတာပဲ လိုချင်တယ်။ အလုပ်တွေလည်း ပုံမှန်လုပ်လို့ ရအောင်ပေါ့။ အဓိက လိုချင်တာကဗျာ လွတ်လပ်မှုထက် တစ်နေ့လုပ်မှ တစ်နေ့စားနေရတဲ့ ဘဝတွေကိုလည်း ကြည့်တတ်အောင် သင်ပေးချင်တယ်။

DW ။ ကျေးဇူးတင်ပါတယ် ။

“(စစ်အာဏာရှင်တပ်) သူတို့ပြုသမျှ နုနေရတာ… နောက်ဆုံးလာခေါ်သွားလည်း ထည့်ပေးလိုက်ရမှာပဲ”

အရွယ်ရောက်နေသည့် သားသုံးယောက်ဖခင် (ထားဝယ်မြို့)

DW ။ အခုတလော စစ်မှုထမ်းပေါ်တာဆွဲတာ မြို့ပေါ်မှာ ပြန်အဖြစ်များနေတယ်။ ပတ်ဝန်းကျင်မှာရော ဘယ်လိုတွေ ကြုံနေရလဲ။

ဖြေ ။ အခုတစ်ခေါက်မှာ ဦးတို့ရပ်ကွက်က အဆွဲမခံရဘူး။ အရင်အခေါက်တွေက အိမ်နားနီးချင်းက တစ်ယောက်ပါတယ်။ အဲဒါတော့ တိတိကျကျသိတယ်။ ကျန်တာတွေ ကြားနေရတယ်။ အခုလည်း ရပ်ကွက်ထဲ အဆွဲခံရတာ မရှိပေမယ့် စစ်ကားက ညဘက်ဆို တစ်ရက်ခြား တစ်ခါလာနေတော့ နည်းနည်းတော့ သားတွေအတွက် စိုးရိမ်နေတာပေါ့။

DW ။ အရွယ်ရောက်နေတဲ့ သားသုံးယောက်ရှိတော့ ဘယ်လောက်အထိ စိုးရိမ်လဲ။

ဖြေ ။ ဒီလိုပဲ စိုးရိမ်နေရတာပေါ့။ ကြားနေရတော့ ပြောပြမတတ်ဘူး။

DW ။ သားတွေအတွက် ဘာတွေ ပြင်ဆင်ထားလဲ။

ဖြေ ။ ဘာပြင်ဆင်လို့ရမှာလဲ။ သူတို့ (စစ်အာဏာရှင်တပ်) ခေတ်လေ။ သူတို့ပြုသမျှ နုနေရတာ။ အခြေခံလူတန်းစားတွေမှာ ထွက်ပေါက် ရှာလို့မရဘူး။ စားဝတ်နေရေးလည်းရှိသေးတယ်။ နောက်ဆုံးလာခေါ်သွားလည်း ထည့်ပေးလိုက်ရမှာပဲ။ ကိုယ်မှ မတားနိုင်ခဲ့တာ။ ဖြစ်လာရင် ရင်ဆိုင်ဖို့ပဲရှိတယ်။

DW ။ ပွဲလမ်းသဘင်တွေ အရမ်းလုပ်နေတော့ အသွားအလာဆင်ခြင်ဖို့ရောပြောဖြစ်လား။

ဖြေ ။ ညနက်အထိ မနေဖို့ မြို့ပြင်တွေ လျှောက်မသွားဖို့တော့ မှာမှာနေရတာပေါ့။

DW ။ ဘာများ ဖြည့်စွက် ပြောချင်လဲ။

ဖြေ ။ အရင်လိုပဲ အေးအေးဆေးဆေး ပြန်လုပ်ကိုင်စားသောက်ချင်တယ်။

DW ။ ကျေးဇူးတင်ပါတယ်။

“ပျော်ပွဲရွှင်ပွဲတွေလုပ်တာကို ပျော်တော့ပျော်ပါ။ အသိတရားနည်းနည်းတော့ရှိပါလို့ ပြောချင်တယ်”

ဒေသခံအမျိုးသမီးတစ်ဦး၊ သရက်ချောင်းမြို့နယ်။

DW ။ အစ်မတို့‌ဆီမှာ လူငယ်တွေကို ဘယ်လိုပုံစံမျိုးနဲ့ စစ်မှုထမ်းစုဆောင်းခံရလေ့ရှိလဲ။

ဖြေ ။ ကျွန်မသိရသလောက်ကတော့ အဲဒီလမ်းသွားရင်းနဲ့ စစ်ဆေးရေးဂိတ်တွေမှာပေါ့။ (ထားဝယ်မြို့အဝင် စစ်ဆေးရေးဂိတ်ဖြစ်တဲ့) ပေါက်တိုင်းမှာ ဖမ်းခံရတာရှိတယ်။ (ထားဝယ်-သရက်ချောင်းသွားပိုင်း စစ်ဆေးရေးဂိတ်ဖြစ်တဲ့) ဥတ္တူတံတားမှာ ဖမ်းခံရတာရှိတယ်။ (သရက်ချောင်းမြို့ပေါ်) ပန်းတောဂိတ်မှာလည်း အဖမ်းခံရတာမျိုးတွေရှိတယ်။

DW ။ ရွာတွေမှာ ဝင်ဆွဲတာမျိုး မရှိဘူးလား။

ဖြေ ။ ကျွန်မတို့ဘက်ကို (စစ်အာဏာရှင်တပ်က) အဲဒီလိုလာပြီး ဆွဲလို့မရဘူး။ PDF တွေ စိုးမိုးထားတဲ့ရွာတွေမှာ အဲဒီလိုမျိုး လာဆွဲလို့ မရဘူး။ အခုနားက ပြောသလိုမျိုး စစ်ဆေးရေးဂိတ်တွေမှာ လမ်းသွားရင်း ဆွဲခံရတာရှိမယ်။ (ထားဝယ်) မြို့ပေါ်မှာ နေလို့ အဖမ်းခံရတာတွေ ရှိမယ်။ အဓိကကတော့ အဲဒီလိုမျိုးတွေနဲ့ပဲ ပါသွားကြတာများတယ်။ နောက်တစ်ခုကတော့ စစ်ကြောင်းထိုးတဲ့အချိန် လူငယ်ပိုင်းထဲက ဖမ်းမိတာမျိုးရှိရင်လည်း ရှိမယ်။

DW ။ ကိုယ့်မှာလည်း စစ်မှုထမ်းအရွယ် မိသားစုဝင်ရှိတာဆိုတော့ ဘယ်လိုမျိုး ကြိုတင်စီမံထားတာရှိလဲ။

ဖြေ ။ ကျွန်မတို့ကတော့ အရေးကြီးကိစ္စမရှိရင် ကိုယ့်ရွာမှာပဲ နေတာများတယ်။ ကိစ္စရှိလို့သွားရင်လည်း လူကြီးပိုင်းတွေပဲ သွားတာများတယ်။ လူငယ်ဆိုရင် လမ်းမှာအန္တရာယ်များလို့ မလွှတ်ဘူး။

DW ။ ထားဝယ်မြို့ပေါ်မှာ ပျော်ပွဲ၊ ရွှင်ပွဲတွေလုပ်ပြီး တစ်ဖက်မှာ စစ်မှုထမ်းဆွဲတာတွေ လုပ်နေတယ်။ အဲဒီအပေါ် ဘယ်လိုမြင်လဲ။

ဖြေ ။ ထားဝယ်မြို့ပေါ်မှာက ဘာဖြစ်နေလဲဆိုတော့ တစ်ယောက်ယောက် စစ်မှုထမ်းပါသွားပြီဆိုလို့ရှိရင် ထုတ်မပြောရဲကြဘူး။ ပြန်လွတ်နိုးနိုးနဲ့ ပိုက်ဆံပေးပြီး လိုက်ထုတ်ကြတယ်။ အဲဒီလိုမျိုးဖြစ်နေတော့ လူတွေ သတင်းအတိအကျ မရဘဲဖြစ်နေတာ။ တကယ်ဆိုရင် ကိုယ့်မိသာစုထဲက ပါသွားပြီဆိုရင် မီဒီယာတွေကိုပြောပြရမှာ။ မီဒီယာတွေကလည်း ဒီအကြောင်းကို များများရေးပြီးဖော်ပြပေးသင့်တယ်။ အခုကမ်းနားလမ်းမှာ စတိတ်ရှိုးပွဲတွေ လုပ်ပေးထားတော့ အပျော်တွေထဲမှာပဲ သာယာနေကြတယ်။ ရွာတွေမှာ ဘာတွေဖြစ်နေလဲ သူတို့ဂရုမစိုက်တော့ဘူး။ သူတို့နားမှာ မဖြစ်ရင်ရပြီဆိုတဲ့ ပုံစံမျိုးဖြစ်နေတာ။ တကယ်က တစ်နေ့ကျရင် ရွာတွေမှာဖြစ်နေတာတွေက မြို့ပေါ်ကို ရောက်လာမှာပဲ။ အဲဒီတော့ ကျွန်မပြောချင်တာက အကြမ်းဖက်စစ်ကောင်စီ ပျော်ပွဲရွှင်ပွဲတွေလုပ်တာကို ပျော်တော့ပျော်ပါ။ အသိတရားနည်းနည်းတော့ရှိပါလို့ ကျွန်မကတော့ အဲဒီလိုပဲ ပြောချင်တယ်။

DW ။ ကျေးဇူးတင်ပါတယ်။

“စစ်မှုထမ်းလိုတယ်ဆိုရင် ဘောလုံးတွေ (ရွှေ့ပြောင်းလုပ်သား) သယ်လာတဲ့ကား ပေါ်ကနေလိုသလောက် ဆွဲချခဲ့တယ်”

ဒေသခံတစ်ဦး၊ ရေဖြူမြို့နယ်။

DW ။ စစ်မှုထမ်း ဖမ်းဆီးတာတွေ ဆက်တိုက်ရှိလာတဲ့အချိန်မှာ ရေဖြူမြို့နယ်မှာရော ဘယ်လိုအ‌ခြေအနေရှိလဲ။

ဖြေ ။ မြို့ပေါ်မှာ ဖမ်းတာမျိုးကတော့ မရှိဘူး၊၊ စစ်မှုထမ်းလိုတယ်ဆိုရင် ဘောလုံး (ထိုင်းကို သွားမယ့် ရွှေ့ပြောင်းလုပ်သား) တွေ သယ်လာတဲ့ကားပေါ်ကနေ လိုသလောက် ဆွဲချခဲ့တယ်။

DW ။ ဘယ်လိုပုံစံမျိုးနဲ့ စစ်မှုထမ်းအဖြစ် ဖမ်းဆီးစုဆောင်းနေတာလဲ။

ဖြေ ။ စစ်မှုထမ်း အပတ်စဉ်တစ်ခုမှာ ဒီတစ်ပတ် ရေဖြူမြို့နယ်ကပေးရမယ့် လူဦးရေအတိုင်း တစ်ဘက်နိုင်ငံကို လူပို့နေတဲ့ ပွဲစားတွေနဲ့ ချိတ်ပြီး ဆွဲချခဲ့တာပဲ။ မွန်းတည့် ၂ နာရီလောက်ဆိုရင်အဖွဲ့စုံနဲ့ စောင့်နေတယ်။ ဥပမာ ဒီတစ်ပတ်ရေဖြူက ၇ ယောက် ပေးရမယ်ဆိုရင် အဲဒီဘောလုံးကားတွေဆီကပဲ ခေါ်ချပြီးပေးလိုက်တာ။ မြို့ထဲမှာ ဝင်ဖမ်းတာမျိုးတွေ မရှိဘူး။ သူတို့ရဲ့ မိသားစုတွေကတော့ တစ်ဖက်နိုင်ငံမှာ အလုပ်သွားလုပ်နေတာပဲထင်နေကြမှာပေါ့။

DW ။ ဒါဆိုရင် ပွဲစားတွေက အဲတဖက်နိုင်ငံသွားမယ့်သူတွေကို ဘယ်လိုပုံစံ နဲ့ပို့ဆောင်ပေးနေလဲ။

ဖြေ ။ တစ်ဖက် နိုင်ငံအရောက် သိန်းနှစ်ဆယ်ဆိုရင် လမ်းကြောင်းမှာက ဆယ်သိန်းလောက်ကုန်တယ်။ စစ်ကြောင်းနဲ့ တွေ့လို့ ဖမ်းတဲ့စရိတ်၊ PDF ဂိတ်တွေပေးရတဲ့စရိတ်တွေက ကိုယ်တိုင်ခံကြရတာ။ လမ်းမှာ စစ်ကြောင်းရှိတယ်ဆိုတာ သိသိနဲ့ တောင်မှာ သူတို့က ဝင်သွားတယ်။ စစ်ကြောင်းကို ငွေပေးပြီး ဆက်သွားတယ်ပေါ့။ ဒီလိုပုံစံမျိုးပဲ သူတို့ လုပ်နေကြတာ။ ဒါတွေက သူတို့ပွဲစားတွေ ကိုယ်တိုင်သိသိနဲ့ လုပ်နေကြတာတွေပါ။ ဒီလိုလုပ်နေခြင်းအားဖြင့် သူတို့ကိုယ်တိုင်လည်း အားပေးရာ ရောက်နေတယ်။ သူတို့ အလုပ်အကိုင်ကောင်းဖို့အတွက် ထောက်ပံ့နေတာလားလို့ မေးစရာရှိနေပါတယ်။ စစ်မှုထမ်းဖမ်းခံရရင်တောင်မှ သက်ဆိုင်မိသားစုကိုတောင် အကြောင်းကြားပေးဖော်ရတာ မဟုတ်ဘူး။ ကိုယ်ဖြစ်ကိုယ်ခံ ချည်းပါပဲ။ ဘာမှ တာဝန်ယူ တာဝန်ခံတာ မရှိကြဘူး။ (ထိုင်းကို) တစ်နေ့ကို လူသုံးဆယ်နဲ့အထက်က ပုံမှန်ပို့နေကြတယ်။

DW ။ တစ်ဖက်နိုင်ငံသွားမယ့်သူတွေကို စစ်မှုထမ်းဖမ်းဆီးနေတဲ့အပေါ်မှာ ပွဲစားတွေပါဝင် ပတ်သတ်မှု ရှိနေတာလား။ အဲဒီပွဲစားဆိုသူတွေက ဘယ်သူတွေလဲ။

ဖြေ ။ အများကြီးပေါ့။ လမ်းကြောင်းပေးတာလည်း သူတို့ပဲ။ ရိက္ခာပေးတာလည်း သူတို့ပဲ။ တစ်ခါလမ်းကြောင်းမရှင်းတာ သိသိနဲ့ကို တမင်တာကာ ခေါ်ချလာတာ။ ဒီလိုလုပ်နေကြတဲ့သူတွေအများစုက ထားဝယ်နယ်ခံတွေပဲ။ တစ်ခြားနေရာက လာလုပ်နေကြတဲ့သူတွေ တစ်ယောက်မှ မရှိဘူး။

DW ။ တစ်ဖက် နိုင်ငံသွားမယ့်သူတွေထဲက တစ်ခါဆွဲရင်ဘယ်လောက်ထိဆွဲလဲ။ ဘယ်အချိန်ကတည်းက ဆွဲနေလဲ။

ဖြေ ။ အနည်းဆုံး ငါးယောက်၊ ခုနစ်ယောက်၊ ၁၄ယောက်အထိ ဆွဲတယ်။ တစ်လတစ်ခါတော့ ဆွဲတယ်။ မိသားစုတွေက တစ်ဖက်နိုင်ငံ ရောက်သွားကြတယ်လို့ထင်မှာ။ အဲဒီလိုနဲ့ ပျောက်နေကြတာ အများကြီး။ စစ်မှုထမ်း စကတည်းကပဲ။

DW ။ ကျေးဇူးတင်ပါတယ်။