စစ်အုပ်စုက ကျင်းပမည့် ရွေးကောက်ပွဲ အပိုင်း ၃ တွင် ပါဝင်မည့် တနင်္သာရီတိုင်းထဲမှမြို့နယ် ၃ ခုကို စစ်အာဏာရှင်လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က ဒီဇင်ဘာ ၂၅ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
ရွေးကောက်ပွဲအပိုင်း ၃ တွင် လောင်းလုံး၊ သရက်ချောင်းနှင့် ပုလောမြို့နယ်တို့ ပါဝင်ပြီး ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၅ ရက်တွင် ကျင်းပမည်ဖြစ်သည်။
စစ်အုပ်စုက ရွေးကောက်ပွဲကို အပိုင်း ၃ ပိုင်းခွဲကာကျင်းပနေပြီး ၂၀၂၅ ဒီဇင်ဘာ ၂၈ ရက်တွင် အပိုင်း ၁ ကို ထားဝယ်၊ မြိတ်၊ ဘုတ်ပြင်းနှင့် ကော့သောင်းမြို့နယ်တို့တွင် ကျင်းပခဲသလို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်တွင် အပိုင်း ၂ ကို ရေဖြူ၊ ကျွန်းစုနှင့် တနင်္သာရီမြို့နယ်တို့တွင် ကျင်းပခဲ့သည်။
ရွေးကောက်ပွဲ အပိုင်း ၃ တွင် ပါဝင်သောမြို့နယ် ၃ ခုမှာ တော်လှန်ရေးအားကောင်းသည့် ဒေသများဖြစ်ပြီး မြို့ပေါ်ရပ်ကွက်များမှလွဲကာ ကျေးရွာအများစုကို တော်လှန်ရေးတပ်များက စိုးမိုးထိန်းချုပ်ထားသည်။
အဆိုပါ လောင်းလုံး၊ သရက်ချောင်း၊ ပုလောမြို့နယ် သုံးခုစလုံးပေါင်းတွင် ကျေးရွာအုပ်စု၊ ရပ်ကွက် စုစုပေါင်း ၁၂၉ ခုရှိသည့်အနက် ကျေးရွာအုပ်စု၊ ရပ်ကွက်ပေါင်း ၉၈ ခုတွင် ရွေးကောက်ပွဲ မလုပ်နိုင်သည်ကိုတွေ့ရသည်။
ကျေးရွာ၊ ရပ်ကွက် ၃၁ ခုတွင်သာရွေးကောက်ပွဲလုပ်နိုင်သည့် အခြေအနေဖြစ်သည်။ တစ်နည်းအားဖြင့် သုံးမြို့နယ်ပေါင်း ကျေးရွာအုပ်စု၊ ရပ်ကွက်စုစုပေါင်း၏ ၂၄ ရာခိုင်းနှုန်း ဝန်းကျင်တွင်သာ ရွေးကောက်ပွဲလုပ်နိုင်ပြီး ကျန် ၇၅ ရာနှုန်းကျော်တွင် ကျင်းပနိုင်ခြင်းမရှိသည်ကို တွေ့ရသည်။
လောင်းလုံးမြို့နယ်
လောင်းလုံးမြို့နယ်သည် တနင်္သာရီတိုင်းမြို့တော် ထားဝယ်မြို့၏ အနောက်ဘက် ထားဝယ်မြစ်တစ်ဖက်ကမ်းတွင် ရှိသည်။
လက်ရှိတွင် လောင်းလုံးမြို့နယ်အတွင်း စစ်အာဏာရှင်တပ်က အခိုင်အမာ တပ်စွဲထားသည့် နေရာ ခြောက်ခုခန့်သာရှိပြီး ကျန်သည့်ဒေသများကို တော်လှန်ရေးတပ်များက စိုးမိုးထားသည်။
လောင်းလုံးမြို့ဧရိယာ၊ တောရှည်ရွာအနီးရှိ ခလရ ၁၀၄ တပ်ရင်း၊ ကမြောကင်းတံတား စစ်ဆေးရေးဂိတ်၊ မောင်းမကန်ရဲစခန်းနှင့် ကျောက်နီမော်ကျေးရွာရှိ တာဝါတိုင်စခန်းတို့ ဖြစ်သည်။
မြခါးပတ်ရွာအနီးရှိ တောင်ပေါ်တွင် စစ်အာဏာရှင်တပ်၏ လေကြောင်းရန် ကာကွယ်ရေးတပ်စခန်းရှိသော်လည်း အဆိုပါတပ်စခန်းရှိ စစ်အာဏာရှင်တပ်သားများနှင့် တော်လှန်ရေးတပ်များအကြား ပစ်ခတ်တိုက်ခိုက်မှု တစ်ကြိမ်တစ်ခါမျှ မဖြစ်ဖူးပေ။
လောင်းလုံးမြို့နယ်တွင် ရပ်ကွက် ၄ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၄၁ ခု(ကျေးရွာ၁၁၀ ရွာ) ရှိသည်။ ယင်းတို့အနက် ကျေးရွာအုပ်စု ၃၈ အုပ်စုတွင် ရွေးကောက်ပွဲကျင်းပနိုင်မည်မဟုတ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားသည်။
ရွေးကောက်ပွဲလုပ်နိုင်သည်မှာ လောင်းလုံးမြို့ပေါ် ၄ ရပ်ကွက်၊ မောင်းမကန်ကျေးရွာအုပ်စု၊ ကမြောကင်းကျေးရွာ အုပ်စု၊ စခန်းကြီးကျေးရွာအုပ်စု ၃ ခုသာရှိသည်။
ပြီးခဲ့သည့် လပိုင်းက လောင်းလုံးမြို့ပေါ်သို့ စစ်အာဏာရှင်တပ်သားအင်အားရာချီ ဖြည့်တင်းထားပြီး အနီးအနားကျေးရွာများဖြစ်သည့် ညင်းမော်၊ ပြင်းထိန်၊ စစ်ပြဲ စသည့်ကျေးရွာတစ်ဝိုက်ကို မကြာခဏ စစ်ကြောင်းထိုးနေသည်။
သို့သော် DDMSC ကဦးဆောင်ပြီး လောင်းလုံးမြို့ပေါ်တွင် ရွေးကောက်ပွဲဆန့်ကျင်ရေး လှုပ်ရှားမှုများ မကြာခဏ ပြုလုပ်နေသလို တော်လှန်ရေးတပ်များကလည်း မြို့ပေါ်အထိ ဝင်ရောက်တိုက်ခိုက်မှုများရှိသည်။
မြို့နယ်အတွင်း အရွယ်ရောက်ပြီးသည့် အသက် ၁၈ နှစ်အထက်လူဦးရေ တစ်သိန်းခြောက်ထောင်ကျော်ရှိသည်။
၎င်းတို့အနက် မြို့ပေါ်နေလူဦးရေက ခြောက်ထောင်နှစ်ရာကျော်သာရှိပြီး လူဦးရေတစ်သိန်းနီးပါးက ကျေးရွာများတွင် နေထိုင်ကြောင်း ဖော်ပြထားသည်။
လက်ရှိတွင် လူငယ်အားလုံးနီးပါးနှင့် လောင်းလုံးမြို့ခံအများစုက မြို့ကို စွန့်ခွာတိမ်းရှောင်သွားကြပြီ ဖြစ်သည်။
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာအတွက် လောင်းလုံးမြို့နယ်မှဝင်ပြိုင်မည့် ကြံ့ခိုင်ရေးကိုယ်စားလှယ်လောင်း တစ်ဦးသာရှိသည့်အတွက် ရွေးကောက်ပွဲမလုပ်ခင်ကပင် ပြိုင်ဘက်မရှိ အလိုအလျောက် အနိုင်ရနေသည်။
ယင်းအခြေအနေများကြောင့် လောင်းလုံးမြို့နယ်တွင် ကျင်းပမည့် ရွေးကောက်ပွဲဆိုသည်မှာ ဟန်ပြသက်သက်သာရှိပြီး သေနတ်ထောက်မဲထည့်ခိုင်းမည့် အဆင့်တွင်သာ ရှိနေသည်။
သရက်ချောင်းမြို့နယ်
သရက်ချောင်းမြို့နယ်သည် တနင်္သာရီတိုင်းအတွင်း စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးတပ်များအကြား စစ်ရေးပဋိပက္ခ အပြင်းထန်ဆုံးမြို့နယ်များအနက် တစ်ခုပါဝင်သည်။
ထားဝယ်မြို့နယ်နှင့် ပုလောမြို့နယ်ကြားရှိ သရက်ချောင်းမြို့နယ်အတွင်း ထားဝယ်-မြိတ် ပြည်ထောင်စု လမ်းတစ်လျှောက်တွင် စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးတပ်များ၏ စစ်ဆေးရေးဂိတ်လည်း ဆယ်ချီရှိသည်။
စစ်အာဏာရှင်၏ တပ်စခန်းများအနေဖြင့် သရက်ချောင်းမြို့ပေါ်ရှိ တပ်စခန်းအချို့နှင့် မြို့အနီးဝန်းကျင်တွင် အမှတ် ၈ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်လက်အောက်ခံ ခမရ ၄၀၃၊ ၄၀၄၊ ၄၀၅ တပ်ရင်း သုံးခုရှိသည်။
သရက်ချောင်းမြို့နယ်တွင်လည်း စစ်အုပ်စုက မြို့ပေါ်ဧရိယာနှင့် ထားဝယ်-မြိတ် ကားလမ်းပေါ်ရှိ စစ်ဆေးရေးဂိတ်အချို့၏ အနီးတစ်ဝိုက်ကိုသာ အပြည့်အဝထိန်းချုပ်ထားနိုင်သည့် အခြေအနေရှိသည်။
၂၀၂၃ ခုနှစ်စာရင်းအရ သရက်ချောင်းမြို့နယ်တွင် မြို့ပေါ် ရပ်ကွက် ၅ ခု၊ ကျေးရွာအုပ်စု ၃၉ စုနှင့် ကျေးရွာပေါင်း ၉၈ ရွာရှိသည်။
ယင်းတို့အနက် ကျေးရွာအုပ်စု ၃၅ အုပ်စုတွင် ရွေးကောက်ပွဲကျင်းပနိုင်မည်မဟုတ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည်။
ရွေးကောက်ပွဲလုပ်နိုင်သည်မှာ သရက်ချောင်းမြို့ပေါ် ၅ ရပ်ကွက်နှင့် အိမ်ရှေ့ပြင်ကျေးရွာအုပ်စု၊ ကဇိတံတားဦးကျေးရွာ၊ ပန်းပြင်၊ တီတွတ်ပြင်ရွာ စသည့် ကျေးရွာအုပ်စု ၄ အုပ်စုတွင်သာ ကျင်းပနိုင်မည်ဖြစ်သည်။
မြို့ပေါ်တွင် မဲပေးရန်အသက်ပြည့်မီသည့် အသက် ၁၈ နှစ်ပြည့်ပြီးသူ ကိုးထောင်စွန်းစွန်းရှိပြီး ကိုးသောင်းနီးပါးက ကျေးရွာများတွင်နေထိုင်ကြောင်း သိရသည်။
ထို့ကြောင့် သရက်ချောင်းမြို့နယ်အတွင်း သရက်ချောင်းမြို့ပေါ်ဧရိယာနှင့် ဆက်စပ်နေသည့် ကျေးရွာအချို့တွင်သာ စစ်အုပ်စုက ရွေးကောက်ပွဲလုပ်နိုင်သည့် အခြေအနေဖြစ်သည်။
“အရင်ကတော့ ရန်တောင်(ရွာ)နဲ့ ရှင်မုတ္ထီးဘက်မှာလည်း လာလုပ်မယ်ကြားသေးတယ်”ဟု သင်းကျွန်းရွာခံတစ်ဦးက ပြောသည်။
သို့သော် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလကစပြီး သင်းကျွန်း၊ရန်တောင်စသည့် ကျေးရွာဘက်သို့ စစ်အာဏာရှင်တပ်သား ရာချီရောက်လာပြီး တပ်စွဲထားခဲ့သည်။
“အခြားရွာတွေဘက်ကိုလည်း နည်းနည်းစီ သွားနေတာ။ အထဲက လူတွေ(တော်လှန်ရေးတပ်) ထွက်မလာအောင် လာကာထားတာပဲဖြစ်မယ်။ရွေးကောက်ပွဲပြီးမှပဲ သူတို့ ပြန်လောက်တယ်” ဟု အထက်ပါ သင်းကျွန်းရွာခံက ပြောသည်။
သရက်ချောင်းမြို့နယ်အတွင်း နယ်မြေအများအပြား စိုးမိုးထိန်းချုပ်ထားနိုင်သည့် KNU-NUG(တပ်မဟာ ၄ ပူးပေါင်းညှိနှိုင်းရေးအဖွဲ့)ကလည်း စစ်အုပ်စုကျင်းပမည့် ရွေးကောက်ပွဲကို လုံးဝလက်မခံဘဲ ဆန့်ကျင်သွားမည်ဖြစ်ကြောင်း ယမန်နှစ် ဒီဇင်ဘာ ၂၃ ရက်တွင် ထုတ်ပြန်ထားသည်။
သရက်ချောင်းမြို့နယ်အပါအဝင် တနင်္သာရီတိုင်းအတွင်း စစ်အုပ်စုက ဒေသအနည်းအကျဥ်းတွင်သာ ရွေးကောက်ပွဲပြုလုပ်နိုင်ချေရှိကြောင်း KNU တပ်မဟာ(၄) မြိတ်-ထားဝယ်ခရိုင်အတွင်းရေးမှူး ပဒိုအယ်နားက ပြောသည်။
“ကျွန်တော်တို့ KNU ထိန်းချုပ်နယ်မြေမှာ သူတို့မကျင်းပနိုင်ဘူး၊ NUG PDF လှုပ်ရှားတဲ့ နယ်မြေတွေမှာလည်း သူတို့မကျင်းပနိုင်ဘူး၊(အဲဒီနယ်မြေတွေမှာ) သူတို့လှုပ်ရှားမှု ဘာမှမရှိဘူး။ မဲဆွယ်စည်းရုံးတာတွေလည်း မရှိဘူး” ဟု ၎င်းက ဆိုသည်။
သရက်ချောင်းမြို့နယ်အတွင်း ရွေးကောက်ပွဲ ဝင်ရောက်ယှဥ်ပြိုင်သည့် နိုင်ငံရေးပါတီ ၃ ခုနှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း တစ်ဦးသာရှိသည်။
မဲအများဆုံးရသူအနိုင်ယူစနစ်ဖြင့် တိုင်းဒေသကြီးလွှတ်တော်အတွက် သရက်ချောင်းမြို့နယ် မဲဆန္ဒမှ ဝင်ရောက်ယှဥ်ပြိုင်သူလည်း ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်တစ်ဦးသာရှိသဖြင့် ရွေးကောက်ပွဲမလုပ်ခင်ကပင် ပြိုင်ဘက်မရှိ အနိုင်ရပြီးဖြစ်သည်။
ယင်းကြောင့် သရက်ချောင်းတွင်လည်း ရွေးကောက်ပွဲဆိုသည်ထက် မဲပုံးထောင်ပြပြီး လိုချင်သည့် ရလဒ်ကို ကြေညာသွားမည့် အခြေအနေတွင်သာ ရှိနေသည်။
ပုလောမြို့နယ်
ပုလောမြို့နယ်အတွင်း မြို့နယ်ရုံးစိုက်ရာ ပုလောမြို့အပြင် ပလောက်မြို့နှင့် ပလမြို့လည်း ပါဝင်သည်။
စစ်အုပ်စုက ပုလောမြို့နယ်တွင်လည်း အခြားမြို့နယ်များနည်းတူ မြို့ပေါ်ဧရိယာများကိုသာ ထိန်းချုပ်ထားနိုင်သည်။
သို့ရာတွင် မြို့ပေါ်ရှိ စစ်အာဏာရှင်တပ်စခန်းများကိုလည်း တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်မှုများ မကြာခဏလုပ်ဆောင်နေသည်။
၂၀၂၃ ခုနှစ်စာရင်းအရ ပုလောမြို့နယ်အတွင်း မြို့ပေါ်ရပ်ကွက် ၁၃ ခု ၊ ကျေးရွာအုပ်စု ၂၇ စုနှင့် ကျေးရွာပေါင်း ၁၆၃ ရွာ ရှိသည်။
ယင်းတို့အနက် ပလမြို့ပေါ် ရပ်ကွက် ၄ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၂၁ အုပ်စုတွင် ရွေးကောက်ပွဲကျင်းပနိုင်မည် မဟုတ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည်။
အသက် ၁၈ နှစ်ပြည့်ပြီး မဲပေးနိုင်သူအရေအတွက်မှာ ပုလောမြို့ပေါ်တွင် လူဦးရေ တစ်သောင်းခြောက်ထောင်နီးပါး (၁၅၅၈၀ ဦး) နှင့် ပလောက်မြို့တွင် လေးထောင်နီးပါးရှိသည်။
ကျန်သည့် အသက် ၁၈ နှစ်ပြည့်ပြီးသူ ရှစ်သောင်းနီးပါးက ကျေးလက်ဒေသတွင် နေထိုင်ကြကြောင်း ဖော်ပြသည်။
စစ်အာဏာရှင်တပ်က အပြည့်အဝနီးပါးထိန်းချုပ်နိုင်သည့် နယ်မြေ အနည်းငယ်သာရှိသည့်အတွက် ပုလောမြို့နယ်ကို ရွေးကောက်ပွဲ အပိုင်း ၃ တွင် ထည့်သွင်းကျင်းပခြင်းဖြစ်နိုင်ကြောင်း ပုလောမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ) တာဝန်ခံက သုံးသပ်သည်။
“သူတို့ စိုးမိုးနယ်မြေက မြို့ပေါ်လောက်ပဲ။ ပုလောရယ်၊ ပလောက်ရယ်ပေါ့လေ။ ဒါတောင် ပုလောဆိုရင် သူတို့ထိန်းချုပ်နိုင်တာမဟုတ်ဘူး။ ကျွန်တော်တို့ တော်လှန်ရေးသမားတွေလည်း ဝင်လိုက်ထွက်လိုက် ဖမ်းလိုက်ဆီးလိုက်ပဲ”ဟု ၎င်းက ပြောသည်။
ဒီဇင်ဘာလအတွင်းမှာပင် လူငယ်များကို အဓမ္မစစ်မှုထမ်းခိုင်းရန် လုပ်ဆောင်နေသည်ဆိုသည့် ပုလောမြို့၊ အမှတ် (၁) ရပ်ကွက် အုပ်ချုပ်ရေးမှူးကို နေအိမ်အတွင်း ဝင်ရောက်ဖမ်းဆီးလာရာ လမ်းတွင်ထွက်ပြေးသဖြင့် ပစ်သတ်လိုက်ကြောင်း NUG လက်အောက်ခံ PDF မြိတ်ခရိုင် အမှတ် (၁) တပ်ရင်းက ထုတ်ပြန်ထားသည်။
ထို့အပြင် ဒီဇင်ဘာ ၆ ရက်ကလည်း ရွေးကောက်ပွဲအတွက် လှုပ်ရှားနေသူဆိုသည့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ(တစည) ရပ်ကျေး ဥက္ကဋ္ဌ ဦးကြည်သန်းကို ကျောက္ကာကျေးရွာရှိ နေအိမ်တွင် သွားရောက်ဖမ်းဆီးစဥ် လက်နက်လုယူ၍ ပြန်လည်ခုခံရန်ကြိုးပမ်းသဖြင့် ပစ်သတ်လိုက်ကြောင်း ထုတ်ပြန်ခဲ့သည်။
ပုလောမြို့နယ်အတွင်း စစ်အာဏာရှင်တပ်ရင်းများအနေဖြင့် ခလရ ၁၇၊ ၂၈၀၊ ၂၈၅၊ အမှတ် ၁၂ တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်းနှင့် အမှတ် ၃၀၆ အမြောက်တပ်တို့ အခြေစိုက်ပြီး အားလုံးနီးပါး က မြို့ပေါ်ဧရိယာနှင့် အနီးတဝိုက်တွင် တည်ရှိသည်။
ထို့အပြင် ပုလောမြို့နယ်အတွင်း စစ်ဆေးရေးဂိတ်များအပါအဝင် စစ်အာဏာရှင်တပ်က စခန်းချထားသည့်နေရာ ၁၆ ခုထက်မနည်းရှိပြီး အဆိုပါ တပ်စခန်းများကိုလည်း တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်လေ့ ရှိသည်။
“မြို့ပေါ်မှာတောင် သူတို့က လုံခြုံမှုမပေးနိုင်တော့ ပြည်သူတွေက တော်တော်ကို စိုးရိမ်နေကြတာ။ တော်လှန်ရေးတပ်တွေ တော်တော်များများကတော့ ပုလောမြို့ပေါ်သွားတိုက်မယ်ဆိုရင် စကမက မြို့ထဲကို လေယာဥ်နဲ့ ဗုံးကြဲလာမှာ ပြည်သူတွေသေမှာ။ ပြောရရင် ပြည်သူတွေဒုက္ခဆင်းရဲဖြစ်မှာ စိတ်ပူပြီးတော့ မတိုက်တာများတယ်” ဟု ပုလောမြို့နယ် ပအဖ တာဝန်ခံက ပြောသည်။
ယင်းအခြေအနေများကိုကြည့်လျှင် စစ်ကော်မရှင်က ပုလောမြို့နယ်အတွင်း ရွေးကောက်ပွဲကို လက်သိပ်ထိုး ကျင်းပသွားမည့် သဘောသာရှိနေသည်။
စစ်အုပ်စုထုတ်ပြန်လိုက်သည့် ရွေးကောက်ပွဲအပိုင်း ၃ ပါ တနင်္သာရီတိုင်းအတွင်းရှိ မြို့နယ် ၃ ခုစလုံးတွင် စစ်အာဏာရှင်တပ် မြို့ပေါ်ရပ်ကွက်များကိုသာ ထိန်းချုပ်ထားနိုင်ပြီး ကျေးလက်ဒေသအများအပြားကို လက်လွှတ်ထားရသည့် အနေအထားဖြစ်သည်။
ထိုကြောင့် ရွေးကောက်ပွဲအပိုင်း ၃ တွင်ပါဝင်နေသည့် မြို့နယ် ၃ ခု၏ မြို့နေလူထုအရေအတွက်က သုံးသောင်းခွဲနီးပါး သာရှိပြီး ကျန်သည့် မဲပေးနိုင်သည့်အသက်အရွယ်ရှိသူ နှစ်သိန်းခုနစ်သောင်းဝန်းကျင်က စစ်အာဏာရှင်တပ် မစိုးမိုးနိုင်သည့် ကျေးလက်ဒေသများတွင် နေထိုင်ကြသည်။
လက်ရှိတွင် စစ်အာဏာရှင်တပ်၏ ဖိနှိပ်မှုများ၊ စစ်ဆေးတင်းကျပ်မှုများကြောင့် မြို့နေလူထုအချို့ကလည်း အခြားမြို့ရွာများသို့ ပြောင်းရွှေ့သွားကြပြီဖြစ်သည့်အတွက် မြို့နေပြည်သူဦးရေက အထက်ပါ ပမာဏထက် လျော့နည်းနေမည်ဖြစ်သည်။
စစ်အုပ်စု၏ ရွေးကောက်ပွဲ အပိုင်း ၁ နှင့် ၂ တွင် ရွေးကောက်ပွဲမကျင်းပနိုင်သည့် နယ်မြေစာရင်းတွင် တနင်္သာရီတိုင်းက ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၈၃ ခုပါဝင်နေသည်။ ရွေးကောက်ပွဲအပိုင်း ၃ တွင်မူ ကျေးရွာအုပ်စု၊ ရပ်ကွက်ပေါင်း ၉၈ ခုတွင် ရွေးကောက်ပွဲ မလုပ်နိုင်ကြောင်းတွေ့ရသည်။
ယင်းကြောင့် ရွေးကောက်ပွဲ အပိုင်း ၃ ပါ မြို့နယ်များမှာ လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ ကျင်းပနိုင်ရေးဆိုသည်မှာ အိပ်မက်ထဲတွင်ပင် ထည့်မက်နိုင်သော အခြေအနေတွင် မရှိဘဲ ပုန်းလျှိုးကွယ်လျှိုး ကျင်းပရမည့် ရွေးကောက်ပွဲများသာ ဖြစ်လာဖွယ်ရှိကြောင်း တွေ့ရသည်။







