ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ChatGPT တွင် ကြော်ငြာများ စမ်းသပ်ထည့်သွင်းတော့မည်

January 17, 2026

အဆမတန်မြင့်တက်နေသည့် ကုန်ကျစရိတ်များကို ကာမိစေရန်အတွက် ChatGPT တွင် မကြာမီ ကြော်ငြာများ စမ်းသပ်ထည့်သွင်းသွားတော့မည်ဖြစ်ကြောင်း OpenAI ကုမ္ပဏီက ဇန်နဝါရီလ ၁၆ ရက်နေ့က ကြေညာလိုက်သည်။

ကနဦးအနေဖြင့် အမေရိကန်နိုင်ငံရှိ ChatGPT အခမဲ့ဗားရှင်အသုံးပြုသူများနှင့် ဈေးသက်သာသည့် ဗားရှင်းအသုံးပြုသူများထံ၌ ကြော်ငြာများ စတင်ထည့်သွင်းမည်ဖြစ်ကြောင်း ကုမ္ပဏီဘက်က ဆိုသည်။

AI ဝန်ဆောင်မှုများကို လည်ပတ်ရာတွင် ကုန်ကျသည့် အလွန်အမင်းကြီးမားသော စရိတ်စကများကြောင့် OpenAI အနေဖြင့် ယခုကဲ့သို့ မလွှဲမရှောင်သာ ဆုံးဖြတ်ခဲ့ရခြင်း ဖြစ်နိုင်ကြောင်း AFP သတင်းတွင် ဖော်ပြသည်။

အသုံးပြုသူပေါင်း သန်းတစ်ထောင်နီးပါးရှိသည့်အနက် အခပေးဝန်ဆောင်မှုကို အသုံးပြုသူအရေအတွက်မှာ ရာခိုင်နှုန်း အနည်းငယ်သာရှိသဖြင့် ကုမ္ပဏီအနေဖြင့် ဝင်ငွေရရှိမည့် လမ်းကြောင်းသစ်များကို ရှာဖွေရန် ဖိအားများနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။

၂၀၂၂ ခုနှစ်တွင် ChatGPT ကို စတင်မိတ်ဆက်ခဲ့ပြီးနောက်ပိုင်း ရင်းနှီးမြှုပ်နှံမှု အဆင့်ဆင့်မှတစ်ဆင့် OpenAI ၏ ကုမ္ပဏီတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ဘီလီယံ ၅၀၀ အထိ ထိုးတက်ခဲ့သည်။

သို့သော် Open AI ကုမ္ပဏီအနေဖြင့် ChatGPT အတွက် ဝန်ဆောင်မှုများပေးနိုင်ရန် လိုအပ်သည့် အဆင့်မြင့် ကွန်ပျူတာစနစ်များအတွက် အသုံးစရိတ်များကို အဆမတန် သုံးစွဲနေရသည်။

ကြော်ငြာများ မိတ်ဆက်မည့် အစီအစဉ်ကြောင့် OpenAI ၏ စီးပွားရေးမော်ဒယ်သည် အခမဲ့ဝန်ဆောင်မှုများအပေါ် အခြေခံကာ ကြော်ငြာလုပ်ငန်းအကြီးစား တည်ထောင်ထားသည့် နည်းပညာကုမ္ပဏီကြီးများဖြစ်သည့် Google ၊ Meta တို့နှင့် ပိုမိုဆင်တူလာမည် ဖြစ်သည်။

Source: AFP