ထားဝယ်မြို့ပေါ်တွင် ဖမ်းဆီးခံရသည့် လူငယ်အမျိုးသားများအနက် ၅၀ ကျော်ကို စစ်မှုထမ်းသင်တန်းတက်ခိုင်းရန် မြိတ်မြို့သို့ စစ်သင်္ဘောဖြင့် ပို့ဆောင်လိုက်ပြီဖြစ်ကြောင်း ကာယကံရှင်မိသားစုဝင်များနှင့် မြို့ခံများထံမှ သိရသည်။
ထားဝယ်မြို့ပေါ် ရပ်ကွက်အသီးသီးတွင် ဇန်နဝါရီလ ၈ရက်ညမှစ၍ လူငယ်အမျိုးသားများ ပုံစံအမျိုးမျိုးဖြင့် ဖမ်းဆီး ခံရခြင်းဖြစ်ပြီး စစ်မှုထမ်းသင်တန်း အပတ်စဥ် ၂၁ တက်ရောက်ရန် ပို့ဆောင်လိုက်ခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။
ထားဝယ်မြို့အခြေစိုက် စစ်အာဏာရှင် တပ်ရင်းအသီးသီးတွင် စုဆောင်းခံရသူများကို သရက်ချောင်းမြို့၊ ဆင်ဖြူပြင် ဆိပ်ကမ်းမှတစ်ဆင့် စစ်သင်္ဘောတစ်စီးဖြင့် ဇန်နဝါရီလ ၁၅ ရက်ညတွင် ပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်း စုံစမ်း သိရသည်။
ယင်းသို မပို့ဆောင်မီ မိသားစုနှင့် လုံးဝတွေ့ခွင့်မပေးခဲ့ဘဲ ထားဝယ်မြို့ သပြေချောင်းတပ်နယ်ရှိ စစ်တပ်ဆေးရုံတွင် ဆေးစစ်ခဲ့ရကြောင်း စစ်မှုထမ်းစုဆောင်းခံရသူတစ်ဦး၏ မိသားစုဝင်တစ်ဦးက ဆိုသည်။
“၉ရက်နေ့ ညကတည်းက ခေါ်သွားပြီး လိုက်ဆက်သွယ်တာ လုံးဝ ပေးမတွေ့ဘူး။ ၁၅ ရက်နေ့ညနေပိုင်းလောက်မှာမှ လူတစ်ယောက်က စာတစ်စောင်လာပေးတယ်။ စာက အိမ်ကသား ရေးထားတာပဲ။ သူစစ်မှုထမ်းလိုက်ရတော့မယ်လို့ ရေးထားတယ်။ ညရောက်တော့ သူစိမ်းဖုန်းနဲ့ ထပ်ဆက်လာတယ် သင်္ဘောပေါ်ရောက်သွားပြီလို့ပြောတယ်။ အားလုံး ၅၀ ကျော်ပါတယ်” ဟု ၎င်းက ပြောဆိုသည်။
ဇန်နဝါရီလ ၈ ရက်နေ့မှစတင်ကာ စစ်အာဏာရှင်တပ်၊ ပျူစောထီးနှင့် စစ်ကော်မရှင်လက်အောက်ခံ ရပ်ကျေးတာဝန်ခံများက နေ့ရောညပါ နေအိမ်၌ ဝင်ဆွဲခြင်း၊ စားသောက်ဆိုင်၌ ဝင်ဆွဲခြင်း၊ လမ်းသွားလမ်းလာဂိတ်များ၌ ဖမ်းဆီးခြင်းစသဖြင့် ပုံစံမျိုးစုံဖြင့် စစ်မှုထမ်းစုဆောင်းခဲ့ကြောင်း မြို့ခံများက ဆိုသည်။
စုဆောင်းခံရသူများအနက် ငွေကြေးဖြင့်လိုက်လံညှိနှိုင်းခဲ့ကြပြီး ပြန်လည်လွတ်မြောက်ခဲ့သူများလည်း ရှိပြီး လက်တလော ညှိနှိုင်းစျေးမှာ ကျပ်သိန်းတစ်ရာအထက်ရှိကြောင်း ကိုယ်တိုင်ကြုံခဲ့ရသည့် ကာယကံရှင်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
စစ်ကော်မရှင် ပြန်ကြားရေးဌာနကလည်း စစ်အာဏာရှင်တပ်၏ ကမ်းရိုးတန်းတိုင်းမှူးက စစ်မှုထမ်း အပတ်စဥ် ၂၁ အတွက် စုဆောင်းခံရသူများကို မြိတ်နယ်မြေခံ စစ်အာဏာရှင်တပ်တစ်ခု၌ ဇန်နဝါရီလ ၁၆ ရက်က တွေ့ဆုံခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။
စစ်အာဏာရှင်တပ်သည် ထားဝယ်မြို့တွင် ၂၀၂၅ ခုနှစ် သြဂုတ်လမှစ၍ နေအိမ်များအတွင်းအထိ ဝင်ဆွဲကာ အတင်းအဓမ္မစစ်သားစုဆောင်းခြင်းကို ယနေ့အထိပြုလုပ်နေကြောင်း မြို့ခံများထံမှ သိရသည်။
တစ်ဖက်တွင်လည်း စစ်အုပ်စုနှင့် နီးစပ်သူများက ညမထွက်ရ အမိန့်များကို ရက်အကန့်အသတ်ဖြင့် ရုပ်သိမ်းကာ ထားဝယ် မြို့တွင် ပွဲလမ်းသဘင်များ ကျင်းပနေပြီး ယင်းပွဲလမ်းသဘင်များ၌ စစ်မှုထမ်းစုဆောင်းခံရသူများလည်းရှိကြောင်း မြို့ခံများက ပြောဆိုကြသည်။







