တနင်္သာရီမြို့နယ်၊ ဘန်းလမွတ်ကျေးရွာတွင် ဥယျာဉ်ခြံကို စစ်အာဏာရှင်တပ်က ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ကြောင်း ဒေသခံများထံမှ သိရသည်။
ဒီဇင်ဘာလ ၁၄ရက် ညနေ ၄နာရီဝန်းကျင်တွင် ရမ်းဖိုရွာရှိ စစ်အာဏာရှင်တပ်သားများက ဘန်းလမွတ်ကျေးရွာ ဒေသအခေါ် ကျွဲသုံးပေါင်တောင်ပေါ် ရှိ ဥယျာဥ်ခြံကို ဒရုန်းဖြင့် ဗုံးသီးချခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
ဗုံးချတိုက်ခိုက်မှုကြောင့် ဥယျာဉ်ခြံရှိ တဲတစ်ဆောင် မီးလောင်ပျက်စီးပြီး ကွမ်းသီးခြောက်များ၊ မြက်ရိတ်စက်၊ စားနပ်ရိက္ခာ များနှင့် ဥယျာဥ်ခြံတွင် အသုံးပြုသည့် ပစ္စည်းကိရိယာများ ဆုံးရှုံးကြောင်း တဲပိုင်ရှင်နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။
“ဒရုန်းလာချချိန် တဲထဲလူမရှိတော့ လူက ထိခိုက်မှု မရှိဘူး။ ခြံဝန်းကျင်မှာက လူတွေရှိပေမယ့် ဗုံးသီးထပ်လာမည် စိုးသဖြင့် (မီး) ဝင်ငြိမ်းသတ်လို့ မရလိုက်ဘူး” ဟု ၎င်းက ပြောဆိုသည်။
စစ်အာဏာရှင်တပ်သည် ရမ်းဖိုရွာ၊ ဘန်းလမွတ်ရွာနှင့် ညောင်ပင်ကုန်းရွာ အနီးဝန်းကျင်ရှိ ဥယျာဥ်ခြံများကို ဒရုန်းဖြင့် မကြာခဏ ဗုံးချသဖြင့် ကွမ်းသီးခူးပါက ဒရုန်း အခြေအနေကို စောင့်ကြည့်၍ ဆွတ်ခူးနေရကြောင်း ဒေသခံများက ပြောသည်။
ဒီဇင်ဘာလ ၉ရက် မွန်းလွဲပိုင်းကလည်း ဇဝဲကျေးရွာအခြေစိုက် ၅၅၆ ခြေမြန်တပ်ရင်းက ဘန်းလမွတ်ကျေးရွာအနီး ရမ်းဖိုရွာ ဥယျာဥ်ခြံကို ဒရုန်းဖြင့် ဗုံးချသဖြင့် ခြံထဲရှိ တဲ အနီးဝန်းကျင်တွင် မီးလောင်ခဲ့သေးကြောင်း ဒေသခံများထံမှ သိရသည်။







