ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

BBC ကို ထရမ့် တရားစွဲ၊ ဒေါ်လာ ၁၀ ဘီလီယံ လျော်ကြေးတောင်း

December 16, 2025

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် လန်ဒန်အခြေစိုက် BBC သတင်းဌာနကို အသရေဖျက်မှုဖြင့် ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် တရားစွဲဆိုလိုက်ကာ နစ်နာကြေး ဒေါ်လာ ၁၀ ဘီလီယံ ပေးရန် တောင်းဆိုလိုက်သည်။

ယင်းမှာ မမှန်ကန်၊ မမျှတဟု ၎င်း ယူဆထားသည့် မီဒီယာများအပေါ် ထရမ့်၏ တိုက်ခိုက်မှုက နိုင်ငံတကာအဆင့်အထိ ရောက်လာခြင်း ဖြစ်ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြသည်။

၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့တွင် ပြောကြားခဲ့သည့် ထရမ့်၏ မိန့်ခွန်းကို BBC သတင်းဌာနက Panorama အစီအစဉ်တွင် တည်းဖြတ်ထုတ်လွှင့်မှုနှင့် ပတ်သက်၍ ယင်းသို့ တရားစွဲဆိုခြင်း ဖြစ်သည်။

BBC ၏ အဆိုပါ မိန့်ခွန်းတည်းဖြတ်မှုတွင် ၎င်းအား ထောက်ခံသူများကို လွှတ်တော်အဆောက်အအုံ The Capitol သို့ ချီတက်ရန် ပြောကြားခဲ့သည့်အပိုင်းနှင့် “ရဲရဲတောက် တိုက်ပွဲဝင်ပါ” ဟူသော အပိုင်းများ ပါဝင်ခဲ့သော်လည်း ငြိမ်းချမ်းစွာ ဆန္ဒပြရန် တောင်းဆိုခဲ့သည့် အပိုင်းကိုမူ ချန်လှပ်ထားခဲ့သည်။

ယင်းမိန့်ခွန်းတည်းဖြတ်မှုကြောင့် ထရမ့်က ၎င်း၏ ဂုဏ်သိက္ခာကျဆင်းရသည်ဟု ဆိုကာ နစ်နာကြေး ဒေါ်လာ ၁၀ ဘီလီယံအထိ တောင်းဆိုလိုက်ခြင်း ဖြစ်သည်။

ထရမ့် တင်သွင်းထားသည့် တရားစွဲဆိုမှုတွင် BBC သည် ၎င်းအား အသရေဖျက်ရုံသာမက လှည့်ဖြားမှုနှင့် မမျှတသော ကုန်သွယ်မှု လုပ်ထုံးလုပ်နည်းများကို တားမြစ်ထားသည့် ဖလော်ရီဒါပြည်နယ် ဥပဒေကိုပါ ချိုးဖောက်ခဲ့သည်ဟု စွပ်စွဲထားသည်။

စွဲချက်နှစ်ခုလုံးအတွက် တစ်ခုလျှင် ဒေါ်လာ ၅ ဘီလီယံစီဖြင့် စုစုပေါင်း ဒေါ်လာ ၁၀ ဘီလီယံအထိ BBC ဘက်က လျော်ကြေးပေးရန် ထရမ့်ဘက်က တောင်းခံထားသည်။

မိန့်ခွန်းတည်းဖြတ်ရာတွင် အမှားအယွင်းရှိခဲ့ကြောင်း BBC က ဝန်ခံကာ ထရမ့်အား တောင်းပန်ထားပြီး ဖြစ်သည်။

အဆိုပါ တည်းဖြတ်မှုကြောင့်ထရမ့်က အကြမ်းဖက် လုပ်ဆောင်ရန် တိုက်ရိုက် လှုံ့ဆော်ခဲ့သည်ဟု မှားယွင်းသည့် အထင်အမြင် ဖြစ်ပေါ်စေခဲ့ကြောင်း BBC က ဝန်ခံထားသည်။

သို့သော် ထရမ့်အနေဖြင့် ၎င်းတို့အပေါ် တရားစွဲဆိုရန် ကြိုးပမ်းမည်ဆိုလျှင် ဥပဒေကြောင်းအရ အခြေအမြစ်မရှိဟု BBC က ဆိုသည်။

BBC သည် ဗြိတိန်နိုင်ငံရှိ ရုပ်မြင်သံကြား ကြည့်ရှုသူအားလုံး မဖြစ်မနေ ပေးဆောင်ရသည့် လိုင်စင်ကြေးမှတစ်ဆင့် ရန်ပုံငွေ ရရှိသည်။

ထိုရန်ပုံငွေမှ ထရမ့်အား လျော်ကြေးပေးအပ်ရမည်ဆိုပါက နိုင်ငံရေးအရ ရှုပ်ထွေးခက်ခဲမှုများ ရှိလာနိုင်ကြောင်း ဗြိတိန် ရှေ့နေများက ဆိုသည်။

Source: Reuters