အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် ဖန်တနေးလ်(Fentanyl)အား လူအမြောက်အမြား သေကြေပျက်စီးစေသည့် လက်နက်(WMD)အဖြစ် ဒီဇင်ဘာလ ၁၅ ရက်နေ့က ကြေညာလိုက်သည်။
သမ္မတအမိန့်အာဏာကို လက်မှတ်ရေးထိုး၍ ၎င်းက ယင်းသို့ ကြေညာလိုက်ခြင်း ဖြစ်သည်။
ယင်းမှာ ဖန်တနေးလ်ကို တိုက်ဖျက်ရန်အတွက် အမေရိကန်အစိုးရ၏ လုပ်ပိုင်ခွင့်အာဏာကို သိသာကြီးမားစွာ တိုးမြှင့်လိုက်ခြင်း ဖြစ်ကြောင်း ရိုက်တာသတင်းတွင် ဖော်ပြသည်။
ဓာတုဗေဒနည်းဖြင့် ဖန်တီးထားကာ ဘိန်းနှင့် တူသော မူးယစ်ဆေးဝါးတစ်မျိုးဖြစ်သည့် ဖန်တနေးလ်ကြောင့် အမေရိကန်နိုင်ငံသား ထောင်ပေါင်းများစွာ နှစ်စဉ် သေဆုံးလျက် ရှိသည်။
အမေရိကန်အစိုးရက မူးယစ်ဆေးဝါးတစ်မျိုးကို လူအမြောက်အများ သေကြေပျက်စီးသည့် လက်နက်(WMD)အဖြစ် သတ်မှတ်ကြေညာခြင်းမျိုး ယခင်က မရှိခဲ့ဖူးပေ။
“တရားမဝင် ဖန်တနေးလ်က မူးယစ်ဆေးဝါးတစ်မျိုးဆိုတာထက် ဓာတုလက်နက်တစ်မျိုးနဲ့ ပိုနီးစပ်တယ်” ဟု သမ္မတထရမ့်၏ အမိန့်တွင် ပါရှိသည်။
သမ္မတထရမ့်၏ ကြေညာချက်က ဖန်တနေးလ်အား အများပြည်သူကျန်းမာရေး အကျပ်အတည်းတစ်ခုအဖြစ်သာမကဘဲ ဓာတုလက်နက်စစ်ပွဲနှင့် အဆင့်အတန်းတူသည့် အမျိုးသားလုံခြုံရေး ခြိမ်းခြောက်မှုတစ်ရပ်အဖြစ် သဘောထားရန် ရည်ရွယ်ကြောင်း ရိုက်တာသတင်းတွင် ဖော်ပြသည်။
ယင်းသတ်မှတ်ချက်ကြောင့် အမေရိကန်စစ်ဌာနချုပ်ပင်တဂွန်အနေဖြင့် မူးယစ်ဆေးဝါးနှိမ်နှိင်းရေး တရားဥပဒေစိုးမိုးရေးဆိုင်ရာ လုပ်ငန်းများတွင် အားဖြည့်ကူညီခွင့်ရလာစေသည်။
သမ္မတထရမ့်၏ ယင်းသတ်မှတ်ချက်ကြောင့် အမေရိကန်ထောက်လှမ်းရေးအေဂျင်စီများအနေဖြင့် လက်နက်ပြန့်ပွားမှုကို တန်ပြန်ဟန့်တားရာတွင် အသုံးပြုသည့် နည်းလမ်းများကို မူးယစ်ဆေးဝါးမှောင်ခိုကူးသူများကို ကိုင်တွယ်ရာတွင်ပါ အသုံးပြုလာနိုင်စေသည်။
ယင်းမှာ အမေရိကန်နိုင်ငံအတွင်းသို့ မူးယစ်ဆေးဝါးများ အတင်းအကျပ် ဖြန့်ဖြူးရန် ဆုံးဖြတ်ထားသည်ဟု သမ္မတထရမ့်က ရည်ညွှန်းပြောဆိုသည့် မူးယစ်ဂိုဏ်းများအား အမေရိကန်အစိုးရ၏ နှိမ်နှင်းမှုကို မြှင့်တင်လိုက်ခြင်း ဖြစ်သည်။
“ဖန်တနေးလ်ကို အစုလိုက်အပြုံလိုက် ဖျက်ဆီးရေးလက်နက်အဖြစ် ကျွန်တော်တို့ တရားဝင် သတ်မှတ်လိုက်ပါတယ်။ အဲဒါဟာ ဖန်တနေးလ်ရဲ့ သဘောသဘာဝလည်း ဖြစ်ပါတယ်” ဟု သမ္မတထရမ့်က ဆိုသည်။
မက္ကဆီကိုနှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် အမေရိကန် တောင်ပိုင်းနယ်စပ်ကို စောင့်ကြပ်ရေးတာဝန်ယူထားသည့် စစ်မှုထမ်းများကို ဂုဏ်ပြုသော အိမ်ဖြူတော် အခမ်းအနားတွင် သမ္မတထရမ့်က ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
ယခုနှစ်အတွင်း သမ္မတထရမ့်က မူးယစ်ဆေးဝါးဂိုဏ်းများကို နိုင်ငံခြားအကြမ်းဖက်အဖွဲ့အစည်းများအဖြစ် သတ်မှတ်ခဲ့ခြင်းက အဆိုပါ ဂိုဏ်းများအပေါ် အမေရိကန်က စစ်ရေးအရ အရေးယူမှုများ ပြုလုပ်ရန် လမ်းဖွင့်ပေးခဲ့ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြသည်။
ယခုနှစ် စက်တင်ဘာလ အစောပိုင်းမှစ၍ ထရမ့်အစိုးရက ကာရေဘီယန်ပင်လယ်နှင့် ပစိဖိတ်သမုဒ္ဒရာအတွင်း မူးယစ်ဆေးဝါးသယ်ယူသည်ဟု ၎င်းတို့ သံသယရှိသော သင်္ဘောများကို တိုက်ခိုက်မှု အကြိမ် ၂၀ ကျော် ပြုလုပ်ခဲ့ရာ လူ ၈၀ ကျော် သေဆုံးခဲ့သည်။
Source: Reuters







