ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

တနင်္သာရီတိုင်း စစ်ဆင်ရေးများတွင် ပါဝင်ဖူးသည့် တပ်ဖွဲ့သုံးဖွဲ့ အပါ တော်လှန်ရေးတပ် ၁၉ ဖွဲ့က တပ်ပေါင်းစုဖွဲ့

December 16, 2025

ပုံစာ - တပ်တည်ထောင်ခြင်း ၃ နှစ်ပြည့် အခမ်းအနားတွင် တွေ့ရသော BPLA တပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ - BPLA

တနင်္သာရီတိုင်းအတွင်း စစ်ဆင်ရေးများတွင်ပါဝင်ဖူးသည့် မွန်ပြည်တော်လှန်ရေးတပ် (MSRF) ၊ ဗမာပြည်သူ့လွတ်မြောက် ရေး တပ်တော် (BPLA) နှင့် Force for Federal Democracy (FFD) တပ်ဖွဲ့တို့အပါအဝင် တော်လှန်ရေးတပ် ၁၉ ဖွဲ့ ပါဝင်သည့် တပ်ပေါင်းစုကို ဖွဲ့စည်းကြောင်း အဆိုပါတပ်ပေါင်းစုက ဒီဇင်ဘာလ ၁၅ရက်တွင်ကြေညာသည်။

နွေဦးတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစုဟုအမည်ပေးထားပြီး တပ်ပေါင်းစုတွင် မြောက်ပိုင်းညီနောင် သုံးဖွဲ့၏ မဟာမိတ်တပ်များ၊ ကျောင်းသားတပ်များ၊ မကွေးနှင့် စစ်ကိုင်းဒေသအခြေစိုက်တပ်ဖွဲ့များ၊ ယော၊ ချင်း၊ ကရင်နီ၊ မွန်၊ ပအိုဝ်း၊ ဓနု စသောတပ်များပါဝင်သည်ကို တွေ့ရသည်။

တပ်ပေါင်းစု စုဖွဲ့နိုင်ရေးအတွက် ယခုနှစ် မေလတွင် တပ်ဖွဲ့ ခုနစ်ဖွဲ့ဖြင့် စတင်ညှိနှိုင်းခဲ့ပြီး နိုဝင်ဘာလ ပထမအပတ်တွင် တပ်ဖွဲ့ ၁၄ ခုအထိ စည်းရုံးဆွေးနွေးနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ယင်းနောက် တပ်ပေါင်းစု ဖြစ်မြောက်ရေးညီလာခံတစ်ရပ်ကို လွတ်မြောက်နယ်မြေတစ်ခုတွင် နိုဝင်ဘာလ ၂၁ ရက်မှစ၍ သုံးရက်တာ ပြုလုပ်ခဲ့ပြီး တပ်ဖွဲ့ ၁၉ ဖွဲ့ဖြင့် တပ်ပေါင်းစုကို ဖွဲ့စည်းခဲ့ကြောင်း ဆိုသည်။

အခြားသော နွေဦးတော်လှန်ရေးအင်အားစုများကိုလည်း ထပ်မံဖိတ်ခေါ်သွားမည်ဖြစ်ကြောင်း တပ်ပေါင်းစု၏ ကြေညာချက်တွင် ဖော်ပြထားသည်။

တပ်ပေါင်းစုသည် တော်လှန်ရေး၏ လွှမ်းခြုံကွပ်ကဲမှု အားနည်းချက်များကို ပြင်ဆင်ကာ ခိုင်မာကျယ်ပြန့်သည့် တပ်ပေါင်းစုအသွင်ဖြင့် ရပ်တည်၍ ရှင်းလင်း၍ ထိရောက်အားကောင်းသော ကွပ်ကဲမှုယန္တရားတစ်ရပ် ပေါ်ပေါက်လာရန် လုပ်ဆောင်မည်ဖြစ်ကြောင်း ဆိုသည်။

တပ်ပေါင်းစုတွင် 96 Soldiers၊ ဗမာ့တပ်တော် (BA)၊ ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး (BLDF)၊ BPLA ၊ ချင်းညီနောင် (CB) ၊ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLF) ၊ FFD ၊ Generation Z Army၊ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ၊ ကလေးဒေသတော်လှန်ရေးတပ် (KRF) ၊ မကွေးပြည်သူ့ ကာကွယ်ရေးတပ်မတော် (MAGWAY PDF)၊ MSRF၊ အမျိုးသားလွတ်မြောက်ရေးတပ်တော် (NLA)၊ ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIA) ၊ ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (PNDF-KK/ PPDF-KD) ၊ စစ်ကိုင်း ပြည်သူ့ကာကွယ်ရေး တပ်မတော် (SAGAING PDF) ၊ ကျောင်းသားလက်ရုံးတပ်တော် (SAF) ၊ ယောတပ်တော် (YA) ၊ယောကာကွယ်ရေးတပ် (YDF) တို့ ပါဝင်သည်။

MSRF တပ်ဖွဲ့သည် မွန်နှင့် တနင်္သာရီ နယ်စပ်တွင် စစ်ရေးလှုပ်ရှားလေ့ရှိပြီး ယခုနှစ် ဧပြီလကဖွဲ့စည်းလိုက်သည့် မွန်၊ ကရင်၊ ထားဝယ် တော်လှန်ရေးမဟာမိတ်တွင် ပါဝင်သည့် တပ်ဖွဲ့တစ်ခု ဖြစ်သည်။

ယင်းအပြင် တပ်ပေါင်းစုဝင် BPLA နှင့် FFD တပ်ဖွဲ့တို့သည်လည်း တနင်္သာရီတိုင်း၌ ယခုနှစ်အတွင်း ဖြစ်ခဲ့သော ထီးခီးစခန်းသိမ်းတိုက်ပွဲနှင့် မောတောင်မြို့သိမ်းတိုက်ပွဲများတွင် နည်းပညာ အကူအညီ၊ လက်နက်အင်အား၊ လူအင်အားဖြင့် ပါဝင်ခဲ့သည့် တပ်ဖွဲ့များဖြစ်ကြသည်။

တနင်္သာရီတိုင်းအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့များ တပ်ပေါင်းစုတွင် ပါဝင်ခြင်း မရှိသေးပေ။

ထားဝယ်ဒေသတွင်လည်း ထားဝယ်တော်လှန်ရေးတပ်များ ပေါင်းစည်း၍ တစ်ခုတည်းသော ထားဝယ်တပ်အဖြစ် စနစ်တကျတည်ဆောက်ရန် ပြင်ဆင်မှုများပြုလုပ်နေကြောင်း ထားဝယ်အမျိုးသားအဆင့်နိုင်ငံရေးပူးပေါင်းကော်မတီ (TNUPC) က ထုတ်ပြန်ထားသည်။