ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ဘဝါရွာ ဘုန်းကြီးကျောင်း မီးလောင်၊ ရှေးဟောင်း နှစ်ထပ်သစ်ကျောင်းကြီးပျက်စီး

December 16, 2025

ရေဖြူမြို့နယ်၊ ဘဝါကျေးရွာတွင် ဒီဇင်ဘာလ ၁၅ ရက်နေ့ မွန်းလွဲပိုင်းက ဘဝါဘုန်းကြီးကျောင်း မီးလောင်ခဲ့ပြီး ရှေးဟောင်းနှစ်ထပ်သစ်ကျောင်းဆောင်ကြီး မီးလောင်ပျက်စီးသွားကြောင်း သိရသည်။

ပျက်စီးနေသည့် ကျောင်းအစိတ်အပိုင်းများကို ပြုပြင်နေခြင်းဖြစ်ပြီး သစ်သားချောင်းများ ရွေပေါ်ထိုးရန် မီးစက်နှိုးထားစဉ် ဝါယာကြိုးရှော့ဖြစ်ကာ မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးကပြောသည်။

“ကျောင်းမှာက ၂၄ နာရီမီးမဟုတ်ဘူး။ ကိုယ်မီးစက်နဲ့ကိုယ် (မီးလောင်သွားတဲ့)ကျောင်းက မူလစတည်ထောင်ကတည်းက ကျောင်းကြီး ရှေးကျောင်းကြီးပါ သစ်သား နှစ်ထပ်ကျောင်းပေါ့ ကျောင်းဆောင်တစ်ဆောင်လုံး မီးလောင်ပျက်စီးသွားတယ်”ဟု ယင်းဒေသခံကပြောသည်။

ငွေသား ကျပ်သိန်း ၈၀ နီးပါး၊ ရွှေတစ်ဆယ်သားခန့်နှင့်အတူ ဆိုင်ကယ်သုံးစီးလည်း မီးလောင်သွားခဲ့ကြောင်း သိရသည်။

“ပစ္စည်းတွေကတော့ စစ်ကြောင်းက ခဏခဏဝင်နေတော့ ရွာသားတွေအပ်ထားတဲ့ ပစ္စည်းတွေလည်းပါတယ်။ ရွှေကတော့ မီးလောင်ပြင်ထဲကပြန်ရတယ်”ဟု အထက်ပါဒေသခံက ပြောသည်။

အဆိုပါဘုန်းကြီးကျောင်းသည် မွန်းလွဲ ၁ နာရီခွဲအချိန်ခန့်မှစ၍ မီးစတင်လောင်ကျွမ်းခဲ့ရာ ရွာသူရွာသားများ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့သော်လည်း ညနေ ၄ နာရီကျော်မှသာ ငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာလ ၁၅ ရက်နေ့ကလည်း လောင်းလုံးမြို့နယ်၊ ကဘူကျေးရွာတွင် ဆီဘောင်ဆာကားပေါ်မှ လောင်စာဆီများကို ခြောက်ဘီးတပ် ဒိုင်နာကားပေါ်ရှိ ဆီ‌ပေပါများသို့ ဆီဖြည့်ရာမှ ကားမီးလောင်းမှု ဖြစ်ပေါ်ခဲ့သည်။