တရုတ်ဘက်က မည်သည့် ရုတ်တရက် တိုက်ခိုက်မှုမျိုးကိုမဆို ထိုင်ဝမ်စစ်တပ်က အလျင်အမြန် တုံ့ပြန်နိုင်စွမ်းရှိကြောင်း ထိုင်ဝမ်ကာကွယ်ရေးဌာနက လွှတ်တော်သို့ တင်ပြသည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။
အထက်အမိန့်ကို စောင့်ဆိုင်းစရာမလိုဘဲ တပ်ဖွဲ့ယူနစ်အားလုံးကို ဗဟိုချုပ်ကိုင်မှုလျှော့ချထားသည့် ကွပ်ကဲမှုပုံစံဖြင့် တရုတ်၏ ရုတ်တရက် တိုက်ခိုက်မှုကို အလျင်အမြန် တုံ့ပြန်သွားမည်ဖြစ်ကြောင်း ဆိုသည်။
ထိုင်ဝမ်ကျွန်းအနီး တရုတ်၏ ပုံမှန်စစ်ရေးလေ့ကျင့်မှုများသည် ထိုင်ဝမ်ကို ရုတ်တရက် တိုက်ခိုက်သည့်အဆင့်သို့ အချိန်မရွေး ကူးပြောင်းနိုင်ကြောင်း ထိုင်ဝမ်ဘက်က ထပ်တလဲလဲ သတိပေးထားသည်။
ယင်းမှာ ထိုင်ဝမ်နှင့် ထိုင်ဝမ်ကို ထောက်ခံသည့် အပြည်ပြည်ဆိုင်ရာနိုင်ငံများကို အငိုက်ဖမ်းရန် တရုတ်စစ်တပ်က ရည်ရွယ်ကြောင်း ထိုင်ဝမ်က ဆိုသည်။
တရုတ်စစ်တပ်သည် ထိုင်ဝမ်ကျွန်းပတ်လည်တွင် နေ့စဉ်နီးပါး စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်လျက် ရှိသည်။
ယင်းမှာ အမှန်တကယ် တိုက်ခိုက်မှုမလုပ်သော်လည်း ထိုင်ဝမ်တပ်ဖွဲ့များအနေဖြင့် ၎င်းတို့ကို အမြဲတစေ သတိထားစောင့်ကြည့်နေရကာ ပင်ပန်းနွမ်းနယ်သွားစေရန် တရုတ်စစ်တပ်က ရည်ရွယ်ကြောင်း ထိုင်ဝမ်က ဆိုသည်။
ထိုင်ဝမ်ကျွန်းအနီး တရုတ်က ပုံမှန်ပြုလုပ်နေသည့် စစ်ရေးလှုပ်ရှားမှုများသည် အကြိမ်ရေရော ပမာဏပါ တစ်နှစ်ထက်တစ်နှစ် တိုးပွားလာနေကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာန၏ အစီရင်ခံစာတွင် ဖော်ပြပါရှိသည်။
ထိုင်ဝမ်ကျွန်းအနီး စစ်ရေးလေ့ကျင့်မှု ပြုလုပ်နေရာမှ တရုတ်က တကယ့်စစ်ပွဲသို့ ပြောင်းလဲလိုက်လျှင် မည်သို့ တုံ့ပြန်ဆောင်ရွက်မည်ဆိုသည်နှင့်ပတ်သက်၍ ထိုင်ဝမ်စစ်တပ်တွင် ပုံမှန်လုပ်ငန်းလုပ်ထုံးလုပ်နည်း(SOP) တစ်ခု ချမှတ်ထားပြီး ဖြစ်ကြောင်း ထိုင်ဝမ်ကာကွယ်ရေး ဝန်ကြီးဌာနက ဆိုသည်။
ဒီမိုကရေစီစနစ်ဖြင့် အုပ်ချုပ်သည့် ထိုင်ဝမ်ကျွန်းကို တရုတ်က ၎င်းတို့ပိုင်နက်အဖြစ် ကြေညာထားပြီး စစ်ရေးအရ တိုက်ခိုက်သိမ်းပိုက်ခြင်းမပြုပါဟု ကတိပြုထားခြင်း မရှိပေ။
Source: Reuters







