ထိုင်း-မြန်မာနယ်စပ်ရှိ မောတောင်မြို့ကို တော်လှန်ရေးတပ်များ သိမ်းပိုက်ပြီးနောက် စစ်အာဏာရှင်တပ်က Mi-17 ရဟတ်ယာဥ် ကိုးစင်းဖြင့် စစ်ကူလာသည့် စစ်အာဏာရှင်တပ်သားများအနက် ၄၀ ကျော် လက်နက်ချကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များ၊ ၎င်းတို့နှင့် နီးစပ်သူများထံမှ သိရသည်။
တနင်္သာရီမြို့နယ် သဲဖြူရွာကို ရဟတ်ယာဉ်နှင့် လေယာဉ်ဖြင့်လာရောက်ပို့ဆောင်ခဲ့သည့် စစ်အာဏာရှင်တပ်သား ၁၀၀ ကျော်အနက် ၄၀ကျော်သည် နိုဝင်ဘာလ ၁၆ရက် နံနက်တွင် တော်လှန်ရေးတပ်များထံ လက်နက်ချကြောင်း တော်လှန်ရေးတပ်များနှင့် နီးစပ်သူအချို့က ပြောသည်။
မောတောင်မြို့သိမ်းတိုက်ပွဲဖြစ်ပွားချိန်ကလည်း စစ်အာဏာရှင်ဘက်တော်သား လေးဆယ်ကျော် လက်နက်ချခဲ့သလို ဘက်ပြောင်းခိုလှုံလာသူလည်း ဆယ်ချီရှိကြောင်း တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။
တနင်္သာရီ-ဘုတ်ပြင်း ပြည်ထောင်စုလမ်းမှ မောတောင်မြို့သို့ သွားရာလမ်းပိုင်းရှိ သဲဖြူရွာဝန်းကျင်တွင် နိုဝင်ဘာလ ၁၅ ရက်က လေကြောင်းဖြင့် စစ်အင်အားဖြည့်ပြီးနောက် တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ပွားကြောင်း တော်လှန်ရေးတပ်များနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။
“(နိုဝင်ဘာ ၁၅ရက်) ညဘက်က ပေါက်ကွဲသံတွေ တော်တော်ကျယ်ကျယ် ကြားနေရတယ်။ ဒီနေ့ သဲဖြူရွာကို စစ်ကူ ရောက်နေတဲ့ စစ်သား ၁၀၀ ကျော်ထဲက ၄၀ ဝန်းကျင် တော်လှန်ရေးတပ်တွေထံ လက်နက်ချ အညံ့ခံတာ ကြားရတယ်။ တိုက်ပွဲက ပြင်းထန်နေတယ်” ဟု ၎င်းက ပြောဆိုသည်။
တိုက်ပွဲအတွင်း ပါဝင်တိုက်ခိုက်နေသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးကလည်း စစ်အာဏာရှင်တပ်က အင်အားဖြည့်တင်း ၍ သဲဖြူရွာဝန်းကျင်ကို စစ်ကြောင်းထိုးလာသဖြင့် တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်အာဏာရှင်တပ်က တပ်သားဆယ်နှင့်ချီ လက်နက်ချကြောင်း ပြောဆိုသည်။
“ဝင်လာ (လက်နက်ချ) တာမှန်တယ်။ အကုန်လုံးတော့ မဟုတ်ဘူး။ အချို့တစ်ဝက်ပဲ ဝင်လာတယ်။ အခုလက်ရှိ ၄၀ ဝန်းကျင် ရှိတယ်လို့ သိရတယ်” ဟု အထက်ပါတပ်ဖွဲ့ဝင်က ပြောသည်။
မောတောင်မြို့မှာ တနင်္သာရီ-ဘုတ်ပြင်းပြည်ထောင်စု လမ်းမှ ၄၇မိုင် အကွာတွင် တည်ရှိပြီး အရှေ့ဘက်သို့ လမ်းခွဲအတိုင်း ဝင်သွားရသည်။
အဆိုပါ လမ်းပိုင်းကို တော်လှန်ရေးတပ်များက ထိန်းချုပ်ထားရာ စစ်အာဏာရှင်တပ်က ပြန်လည်ထိန်းချုပ်ရန် ၂၀၂၄ ခုနှစ် ဒီဇင်ဘာနှောင်းပိုင်းမှ စကာ အင်အားရာနှင့်ချီသုံးပြီး စစ်ကြောင်းထိုးခဲ့သည်။
သို့ရာတွင် တော်လှန်ရေးတပ်များ၏ ခုခံမှုကြောင့် ပြည်ထောင်စုလမ်းမှ ၆မိုင်အကွာ သိန်ခွန်းရွာ ဝန်းကျင်မှာပင် ရပ်တန့်နေပြီး နေ့စဥ်နီးပါး တိုက်ပွဲပြင်း ထန်နေခဲ့သည်။
အဆိုပါလမ်းပိုင်းရှိ သဲဖြူရွာဝန်းကျင်တွင် ယနေ့နံနက်ကလည်း တိုက်ပွဲပြင်းထန်နေပြီး သိန်ခွန်းရွာမှ မောတောင်မြို့သို့ သွားရာလမ်းတစ်လျှောက်ရှိ ကျေးရွာ ၁၀ကျော်ကို စစ်အာဏာရှင်တပ်က ဗုံးကြဲတိုက်ခိုက်နေကြောင်း ဒေသခံများက ဆိုသည်။
Y 12 လေယာဉ်ဖြင့် နံနက် ၉ နာရီခန့်တွင် တစ်ကြိမ်၊ နံနက် ၁၁နာရီခန့်တွင် တစ်ကြိမ်နှင့် မွန်းလွဲ ၁နာရီခန့်တွင်တစ်ကြိမ် ဗုံးလာကြဲကြောင်း ဒေသခံများက ပြောသည်။
သဲဖြူရွာဝန်းကျင်ကို စစ်အာဏာရှင်တပ်က နိုဝင်ဘာလ ၁၅ရက်နှင့် ၁၆ရက်နေ့တွင် နေ့ရောညပါ နှစ်ရက်ဆက်တိုက် လေကြောင်းက ဗုံးကြဲတိုက်ခိုက်နေကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။
တိုက်ပွဲနှင့် လေကြောင်းတိုက်ခိုက်မှုအတွင်း ထိခိုက်မှုကို အသေးစိတ်မသိရသေးကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များက ဆိုသည်။
ထို့အပြင် နိုဝင်ဘာလ ၁၆ရက်နေ့ နံနက် ၁၁နာရီခန့်တွင် မြိတ်မြို့ဘက်မှလာသည့် စစ်အာဏာရှင်တပ်ကား ခုနစ် စီးသည် တနင်္သာရီမြို့ နယ် သိန်ခွန်းရွာဘက်သို့ စစ်ကူပို့ရန် မော်တုန်းရွာအခြေစိုက် ၃၀၆ အမြောက်တပ်ကို ရောက်လာကြောင်း ဒေသခံတစ်ဦးက ပြောသည်။
အဆိုပါ စစ်အာဏာရှင်တပ်ယာဥ်တန်းမလာမီ လေးမိုင်ရွာ၊ ကမ်းတိုရွာနှင့် ရမ်းဖိုရွာရှိ စစ်အာဏာရှင်တပ်သား ၁၃၀ ဝန်းကျင် သည် ဘန်းလမွတ်ကျေးရွာအုပ်စု ပြည်ထောင်စု လမ်းမကြီးတစ်လျှောက်တွင် လမ်းကင်းယူထားကြောင်း ဒေသခံများထံမှ သိရသည်။






