BREAKING
November 16, 2025

ဖိနပ်တစ်ရံရဲ့ ပြောရေးဆိုခွင့်

November 16, 2025

ဟောသည့်ရင်ဘတ်ကြီးနဲ့ရင်းပြီး အနင်းခံထားရလည်း ကျောပေါ်ကခြေဖဝါးတွေ မနေမနား သွားသမျှ မထိမရှ မညစ်ပေရအောင် စွမ်းဆောင်နေရတာ ကျုပ်တာဝန်ပါ။

ဘာလာလာ ဒေါင်းရတယ်ဆိုတဲ့အလုပ်၊ သိပ်ဟုတ်တာပေါ့ဗျာ။ အဲဒါ ကျုပ်အလုပ်ပါပဲ။ ခင်ဗျားပဲစဥ်းစားကြည့်လေ။ ဖုန်ပေပေ သဲပေပေ ရေစိုစို ခြေ အလိုကျ အသုံးတော်ခံရ တဲ့အနေအထား။ ဒါပေမဲ့ ကျုပ် ကျေနပ်တယ်။ နိမ့်ကျတယ်ထင်ထင်၊နှိမ့်ချချင်လည်း ချ၊ ကျုပ်ဘဝပဲ။ ခင်ဗျားတို့ ဘယ်နားသွားသွား ကျုပ် လိုတာပဲမဟုတ်လား။ ဆင်းရဲသား လည်း ကျုပ်ကိုလိုတယ်။ သူဌေးလည်း ကျုပ်ကိုလိုအပ်တာပဲ။ ကလေးလည်းစီးတယ်။

စာရေးလည်းစီးတယ်။ ငပွေးလည်းစီးတယ်။ စစ်သားလည်းစီးတယ်။ အလစ်သမားလည်း စီးတယ်။အထည်ချုပ်သမလည်းစီးတယ်။ မလယ်ရှုပ်ငတလည်းစီးတယ်။အရူးလည်း စီးတယ်။ ငမူးလည်းစီးတယ်။ ကုလားမလည်းစီးတယ်။ သမ္မတလည်းစီးတယ်။ ကျုပ် အပို တွေလျှောက်ပြောနေတာမဟုတ်ပါဘူး။ ခင်ဗျားတို့ လူတန်းစားအလွှာစုံ၊ လူမျိုးစုံ ကျုပ်ကိုလိုအပ်တာ၊ ကျုပ်နဲ့မကင်းနိုင်ကြတာ ပေါ်လွင်စေချင်တာပါ။ ကျုပ်ကိုကျုပ်လည်း အဲသလောက် အရေးပါမှန်း မစဥ်းစားမိခဲ့ပါဘူးဗျာ။

အခုလိုအရေးပါ အရာရောက်တဲ့ကျုပ် မှာလည်း နည်းနည်းလောက်ဖြစ်ဖြစ် ပြောရေးဆိုခွင့်လေးတော့ ရှိသင့်တယ်လို့ခံစားမိပါတယ်။ ဟုတ်တယ်မဟုတ်လား လို့ မမေးတော့ပါဘူး။ ဟုတ် ကိုဟုတ်နေတာမို့ပါ။ အဲဒါက ကျုပ်တို့ရဲ့ အခွင့်အရေးပါ။ မသေမချင်း၊ ဘဝမဆုံးမချင်း၊ မပျက်သုဥ်းမချင်း ချ နင်းခံနေကြရတဲ့ ကျုပ်တို့ နင်းပြားဘဝများရဲ့ကိုယ်စား ပြောရေးဆိုခွင့် ကျုပ် လာပြောတာပါဗျာ။

ခင်ဗျားတို့မှာသာ အတန်းအစားအလွှာစုံရှိတာမဟုတ်ပါဘူးဗျ။ ကျုပ်တို့မှာ လည်း အလွှာစုံ၊အမျိုးအစားအစုံရှိပါတယ်။ တာယာဖိနပ်၊ ခုံဖိနပ်၊ သားရေ ကတ္တီပါ ကွင်းထိုး ရေချိုးခန်းစီး၊ ဧည့်ခန်းစီး၊ ဘုန်းကြီးစီး တွေရှိတယ်။ ကြိုးသိုင်းလည်းရှိတယ်ဗျာ။ ကင်းဘတ်ရှူး၊ ဝေါ့ကင်းရှူး၊လေဒီရှူးဗျာ။ ဘောကန်ဖိနပ်၊ အပြေးဖိနပ်၊ တောစီးဖိနပ်၊ ဘွတ်ဖိနပ်၊ဒေါက်ဖိနပ် စသဖြင့်ပေါ့။ နေရာဒေသသာကွဲချင်ကွဲမယ်၊ အသုံးပြုပုံမတူရင် သာရှိမယ်၊ ဖိနပ်က ဖိနပ်ပါပဲ။ ကျုပ်တို့ပါပဲ။ခင်ဗျားတို့က ကျုပ်တို့ကို နာမည်တပ်တယ်။

တံဆိပ်ကပ်တယ်။ အမျိုးအစားခွဲခြားတယ်။ တန်ဖိုးနှုန်းသတ်မှတ်တယ်။ ကျုပ် ကတော့ ဖြစ်တည်လာရတဲ့ဘဝတိုတိုအတွင်းမှာ ကိုယ့်ဝန်တာ ကိုယ်ကျေပွန်ဖို့ပဲ ခံယူလုပ်ဆောင်ပါတယ်။

ပြတ်သွားတဲ့အချိန်၊ ပျက်စီးသွားတဲ့အချိန် အဲဒီဖိနပ်ကလေး စီးလို့ကောင်းလိုက်တာ၊ တော်တော်အစီးခံတယ် နှမျောလိုက်တာ ဆိုတဲ့အသံမျိုး ကြားရရင် ကျေနပ်နေတာပဲလေ။

ခင်ဗျားတို့ကသာ ကျုပ်ကို အသုံးမလိုတော့ရင်၊ အသုံးမချနိုင်တော့ဘူးဆိုရင် ပစ်လိုက်ကြတာ။ တချို့များ သုံးလို့ရနေတဲ့အချိန်မှာတောင် အိမ်ပြန်လာကြလို့ အိမ်ထဲဝင်ရမယ့်အချိန် ကျုပ်ကို ဆင်ဝင်အောက်မှာ၊ တချို့ကခွေးကတတ်မှာ ပြီးစလွယ် ချွတ်ခဲ့ကြတာပဲမဟုတ်လား။ ညာဘက်က လှေကားအောက်ဆုံးအထစ်မှာ၊ဘယ်ဘက်က ထိပ်ဆုံးအထစ်ရဲ့အောက်ကို ပြုတ်ကျလို့။

ခင်ဗျား ဘယ်သွားသွား၊ ဘာ နင်းနင်း ကျုပ် ရင်ဘတ်နဲ့ ခင်းထားရတာပါ။ ဆူး လည်း အစူးခံရတာပဲ။ အီးပုံလည်း ကျုပ်က ခုန်ရှောင်လို့မှမရတာ။ ခင်ဗျား နင်းသမျှ ကျုပ် ရင်ဘတ် အနာခံ၊ အပေခံနေရတာပါ။

ဖိနပ် လို့သာ‌ပြောတာ။ တကယ်တော့ ဖိနပ်ဆိုတာ လမ်းလျှောက်တဲ့အခါ သက်တောင့်သက်သာရှိစေဖို့နဲ့ တခြားလုပ်ငန်းဆောင်တာတွေလုပ်ဆောင်ရာမှာဝတ်ဆင်ရတဲ့ အဝတ်အစားလို့တောင်ဆိုနိုင်ပါတယ် လို့ ဝီကီပီးဒီးယားကြီးကပြောထားသဗျ။

ခင်ဗျားတို့လူတွေကျုပ်ကို အမျိုးမျိုး တီထွင်၊ ဖက်ရှင်ဆန်ဆန်တွေလည်းလုပ်ကြတော့ ကျုပ်တို့လည်း တန်ဖိုးအနိမ့်အမြင့်တွေရှိလာပါပကော။ သာမန်ရိုးရိုးဖိနပ်ကတော့ဗျာ တစ်ရံကို မြန်မာငွေ ကျပ် ထောင်ဂဏန်း၊ သောင်းဂဏန်းပေါ့။ ဖက်ရှင်ထွင် ဒီဇိုင်းကာလာ ဘာညာ အနေအထားနဲ့ ဘရန်းဒက်ဆိုတဲ့ဖိနပ်ကျတော့ ဒေါ်လာ ရာ၊ထောင်ချီ သတ်မှတ်ကြပြန်ရော။

နာမည်ကြီး ရုပ်ရှင်တွေ၊ နာမည်ကြီး အားကစားသမားတွေ စီးခဲ့ကြတဲ့ဖိနပ်မျိုးကျပြန်တော့ ဒေါ်လာ သိန်း သန်းချီ သတဲ့ဗျာ။ ဝယ်နိုင် စီးနိုင်တယ်ဆိုပြီး ကြွားကြတာပါ။ ပြီးတော့ တကယ်စီးကြတာမဟုတ်ပါဘူး။ အလှပြ ဂုဏ်ဆာကြတာ။ အဲဒါမျိုးက ဖိနပ်ရဲ့တကယ့်မူရင်းဂုဏ်မဟုတ်ပါဘူး။ ကျုပ်တို့မှာလည်း အချင်းချင်း နှိမ်ကြတာ၊ ခွဲခြားဆက်ဆံတာ၊ မတည့်တာ၊ ဘဝင်ဟပ်နေကြတာ၊ သိမ်ငယ်ရတာ ရှိကြပါတယ်။ ခင်ဗျားတို့လိုပဲပေါ့။

ဧည့်ခန်းစီးဖိနပ်က အပြင်ထွက်စီးတဲ့ဖိနပ်ကို မကြည်ဖြူဘူး။ အိမ်ထဲဝင်လာရင် သူမကြိုက်ဘူး။ အိမ်သာခန်း စီးတဲ့ဖိနပ်လည်း ထမင်းစားခန်းကို လှမ်းခွင့်မရှိဘူး။ အဲသလိုပဲဗျာ။ တစ်ရံနဲ့တစ်ရံ မတည့်ကြတာလည်းရှိတယ်။ တစ်ရံက တစ်ရံကို ကြည့်မရတာ၊ မုန်းတီးနေတာမျိုးလည်းရှိသေးတယ်။ စစ်ဘွတ်ဖိနပ်က ဒေါက်ဖိနပ်ကို မနာလို အမုန်းပွားနေသလိုမျိုးပေါ့။ အဲသည့်အကြောင်းကို ဒီစာစုအဆုံးကျရင် ကဗျာတိုလေး ရေးပါဦးမယ်။

အခုတော့ ကျုပ်ရဲ့ပြောရေးဆိုခွင့်လေးတွေ ဆက်ပြောဦးမယ်ဗျာ။ ခင်ဗျားတို့လူတွေရှိနေကြတဲ့ နေရာဒေသမှန်သမျှ ကျုပ် အမျိုးတွေရှိတယ်။ သြဇီမှာရှိတယ်။ ယူအက်စ်မှာရှိတယ်။ ကနေဒါ ဂျာမနီ အနီးဆုံး စ လုံးနဲ့ ထိုင်းမှာလည်းရှိတယ်ဗျာ။ ကမ္ဘာပတ်နေကြတဲ့အမျိုးတွေတော့ ထားလိုက်တော့။ တချို့ကိုလည်း သေခန်းဖြတ်ထားတာပါ။

ကျုပ် အဓိကပြောမှာက ကျုပ်တို့ရွှေပြည်တော်ကြီးထဲကအမျိုးတွေအကြောင်းပါ။ မတရားမှုများစွာ ခါးစည်းတင်းခံ တွန်းလှန် ရုန်းကန်နေကြရရှာတဲ့ ဖိနပ်အရံတွေဟာ ဒဏ်ချက်ရာဗရပွနဲ့ အဓမ္မအပြုခံနေကြရတာ။

ကျုပ်တို့တိုင်းပြည်ကြီး လည်း အဲသည်လို အိုစာလာလိုက်တာ သည်ဘက် လေး ငါးနှစ်အတွင်း ဂျုံးဂျုံးကျနေပါပကောလား။ နင်းပြားဘဝ ကျုပ်တို့လို ဖိနပ်တစ်ရံစီမှာလည်း မနက်ဖြန်ဆိုတာ ရှိကြတယ်လေဗျာ။ တရှပ်ရှပ်ပဲမြည်မြည်၊ ဘလပ်ဘလပ်သံပဲထွက်ထွက်၊ တတောက်တောက်ပဲကြားကြား စီးနင်းသွားတဲ့ခြေလှမ်းအလိုအရ ထွက်ရတဲ့အသံပါပဲ။ ဖိနပ်တစ်ရံရဲ့ အသံဟာ ဖိနပ်ရဲ့ကာရန်ပါ။ နာခံတဲ့ဖိနပ်ရှိမယ်။ အာခံတဲ့ဖိနပ်ရှိမယ်။

မနက်ဖြန်တွေအတွက်ပဲ မဟုတ်လား။ တောကြိုတောင်ကြားမှာပဲနေနေ၊ မြေပေါ်မြေအောက်ပဲရောက်ရောက်၊ မြို့ ပြကိုမခွာနိုင်သေးတာပဲဖြစ်ဖြစ် ဖိနပ်တစ်ရံရဲ့ဖြစ်တည်မှုဆိုတာ သူ့သမိုင်းကိုသူ ညွှန်းဆိုနေတာပါ။ ကလပ်တွေ ဘားတွေ ရှိုးပွဲတွေမှာ ပျော်နေ အော်နေ လော်နေကြတာရှိတယ်။

ရပ်ကွက်ကြိုရပ်ကွက်ကြား စွန့်စားလှုပ်ရှားနေကြတာရှိတယ်။ တောထဲတောင်ထဲ ရဲရဲနီ နေကြတာရှိတယ်။ ပြတ်သွားတဲ့ ပျက်စီးသွားတဲ့ ဖိနပ်တစ်ရံဟာ တစ်ဘက်ပဲကျန်ကျန် သူ့အဖြစ်မှန်ကို အသံသွင်းထားသလို ပြန်ပြောပြနေတာ ခင်ဗျားတို့ နား ရှိရင်ကြားနိုင်ပါတယ်။

မြင်တတ်ရင် တွေ့ပါတယ်။ သွေးစသွေးနတွေ စွန်းပေနေတဲ့ တစ်ဘက်ပဲကျန်နေတဲ့ ဆင်ကြယ်ဖိနပ် သဲကြိုးအပြာရောင် ကလေးစီးဖိနပ်လေးဟာ အဲသည့်နေရာမှာ ဘာဖြစ်သွားတယ်ဆိုတာ မညာတမ်းပြောတယ်။ အဲသလို ဖိနပ်ပုံလေးတွေ သတင်းဓါတ်ပုံတွေမှာ မြင်နေရတာပဲ။ စိတ်မချမ်းမြေ့ဖွယ်ဆိုပေမဲ့ ဒါဟာ ဖိနပ်တစ်ရံက ပြောတဲ့သမိုင်းအမှန်ပါ။ ဖိနပ်က မညာတတ်ဘူးဗျ။

ညစ်ပတ်နေတဲ့ စစ်ဖိနပ် တို့၊ ဂျွတ်တက်နေတဲ့ ဘွတ်ဖိနပ်တို့ဆိုတာလည်း သူ့သမိုင်းကို သူဖွင့်ပြနေတာ၊ ဘာနဲ့မှ ဘယ်လိုမှ ဖုံးကွယ်လို့မရပါဘူး။ ကျုပ်ကတော့ဗျာ အခုလက်ရှိဖြစ်တည်နေတဲ့ဘဝမှာ ဖိနပ်တစ်ရံရဲ့ မနက်ဖြန်ကို လိပ်ပြာလုံချင်ပါတယ်။

အဲဒီအတွက် ဖိနပ်တစ်ရံရဲ့ ပြောရေးဆိုခွင့်ရှိတာကိုလည်း ခပ်ရဲရဲ‌ပြောချင်တာပါ။ ဖိနပ်ချင်းအတူတူ အသက်ပြင်းပြင်းရှုနေကြရတာရှိတယ်။ လက်အချင်းချင်းကူနေရတာရှိတယ်။ ရမက်ပြင်းပြင်း ပူနေကြတာရှိတယ်။ ဖိနပ်တစ်ရံနဲ့ပါတ်သတ်လို့ ကဗျာတိုလေးတစ်ပိုဒ်ရေးဦးမယ်။

ဖိနပ်တစ်ရံ
ခေါင်းမှာပန်ဖို့မှ မဟုတ်တာ
ဒါပေမဲ့ ဒေါက်ဖိနပ်တစ်ရံရဲ့
တတောက်တောက်အသံ
ရင်ကို မှန်တဲ့ကာရန်
ရင်မှာ စံတဲ့ကာရန်။
လက်ခံခံ လက်မခံခံ
ဖိနပ်တစ်ရံ မနက်ဖြန်အထိ
ဆက်ရန်ရှိတယ်။
အဲသည့် ဒေါက်ဖိနပ်တစ်ရံဟာ
နောက် မနက်ဖြန်တွေမှာ
အာကာသထဲက
လေလွင့်အမှိုက်စတွေကိုတောင်
စည်းကမ်းတကျစွန့်ပစ်နိုင်ရေး
တွေးဆ လုပ်ဆောင်နိုင်လိမ့်မယ်။
သည်က‌ဗျာကိုတော့ ခင်ဗျား ခေါင်းစဥ်တပ်ချင်တပ်ပေါ့။ ကျုပ်ကတော့ ဖိနပ်အရံတွေရဲ့ကိုယ်စား ဖိနပ်တစ်ရံရဲ့ ပြောရေးဆိုခွင့်ကိုလာပြောတာပဲဗျာ။

ကိုအားပို