BREAKING
October 18, 2025

ဇာဒီရွာကို စစ်ကြောင်းထိုးသဖြင့် ဒေသခံများထွက်ပြေး၊ ထားဝယ်အထူးစီးပွားရေးဇုန်ဒေသကို စစ်အင်အားထပ်တိုး

October 16, 2025

ပုံစာ - ရေဖြူမြို့နယ်အတွင်းရှိ ကျေးရွာတစ်ခုမှ စစ်ဘေးရှောင်များ(ပုံဟောင်း)

ရေဖြူမြို့နယ်၊ ဇာဒီကျေးရွာအုပ်စုကို စစ်အာဏာရှင်တပ်က အောက်တိုဘာလ ဒုတိယအပတ်ကစ၍ စစ်ကြောင်းထိုးနေပြီး ဒေသခံများထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

အောက်တိုဘာလ ၁၁ ရက် ဝန်းကျင်မှစတင်ကာ ကလိန်အောင်တပ်နယ်ရှိ ခလရ ၂၇၃ နှင့် ခမရ ၄၀၉ တို့က စစ်အာဏာရှင် တပ်သားသည် ဖောင်းတောရွာဘက်မှ ဇာဒီကျေးရွာအုပ်စုဘက်သို့ စစ်ကြောင်း ထိုးလာကြောင်း ဒေသခံများက ဆိုသည်။

ယင်းအပြင် မောရဝတီရေတပ်က စစ်အာဏာရှင်တပ်သားများလည်း ကျောက်ထရံရွာဘက်မှ ဇာဒီကျေးရွာအုပ်စုဘက်သို့ လှေဖြင့် စစ်ကူလာကြောင်းဒေသခံများက ပြောဆိုသည်။

စစ်ကြောင်းနှစ်ခုပေါင်း အင်အားတစ်ရာဝန်းကျင်ရှိပြီး အောက်တိုဘာလ ၁၅ရက်တွင် ထွက်ဝ-ဘဝါ လမ်းအတိုင်း ခြေလျင်စစ်ကြောင်း နေထိုးနေကြောင်း လမ်းပိုင်းရှိ ကျေးရွာများမှ ဒေသခံများမှထံ သိရသည်။

အင်အား ၅၀ ခန့်မှာ ဇာဒီရွာအနီး ကျောက်ထရံရွာတွင် ဆက်ရှိနေပြီး ကျန်ထက်ဝက်ခန့်မှာ ထားဝယ်အထူးစီးပွားရေးဇုန်ရှိ စစ်အာဏာရှင်တပ်ဖွဲ့တွင် သွားရောက်ပူးပေါင်းထားကြောင်း ၎င်းတို့က ပြောသည်။

စစ်ကြောင်း ဝင်လာသည့် ရက်များအတွင်း နှစ်ဖက်ထိတွေ့တိုက်ပွဲ မရှိသော်လည်း ဇာဒီရွာအတွင်း လမ်းပိုင်းတစ်နေရာကို ထပ်မံ ဖျက်ဆီးသွားကြောင်းစုံစမ်းသိရှိရသည်။

စစ်ကြောင်းဝင်ရောက်စဥ် လမ်းပိုင်းရှိ ကျေးရွာများတွင် ရွာအတွင်း ကျန်နေသူအချို့ ခေါ်ယူစစ်ဆေးခံရခြင်းရှိသော်လည်း ဖမ်းဆီးခံရသူ မရှိကြောင်း ဇာဒီကျေးရွာအုပ်စုမှ ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။

“သူတို့(စစ်အာဏာရှင်တပ်) ကတော့ ရွာမှာ ကျန်နေတဲ့သူတွေ မပြေးနဲ့ ပြောတာပဲ။ ဒါပေမဲ့လည်း ကြောက်လို့ပြေးကြတယ်။ ထွက်ဝရွာမှာဆို ကထိန်ပွဲ တစ်ခုပျက်သွားတယ်။ သူတို့ကတော့ အခုဘာမှ မလုပ်ပေမယ့် အရင်က သတ်ဖြတ်ခဲ့တာ တွေကြောင့် လူတွေက ကြောက်နေကြတုန်းပဲ” ဟု ၎င်းကပြောဆိုသည်။

စစ်ကြောင်းဝင်သဖြင့် ဇာဒီကျေးရွာထဲရှိ ခေါင်ပြန်၊ ဒိုက်တကော်၊ ထွက်ဝ ကျေးရွာများက ဒေသခံများ ထွက်ပြေးတိမ်းရှောင် နေရကြောင်း ဒေသခံများထံမှ သိရသည်။

၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ကံပေါက် ရေကန်တောင်တိုက်ပွဲပြီးနောက် စစ်အာဏာရှင်တပ်၏ စစ်ကြောင်း ထိုးမှုကြောင့် ဇာဒီကျေးရွာက ဒေသခံများ ရွာလုံးကျွတ် နေရပ်စွန့်ခွာနေရပြီး တစ်နှစ်ကျော်ကြာသည်အထိ အနည်းစုသာ နေရပ် ပြန်နေရဲ ကြသည်။ လက်ရှိတွင် အဆိုပါ အနည်းစုမှာလည်း ထွက်ပြေးနေကြရကြောင်း ဒေသခံများက ဆိုသည်။

ထွက်ပြေးတိမ်းရှောင်ရသည့် ရွာသားများသည် ယခုရက်သတ္တပတ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုနှင့်လည်းကြုံနေရပြီး အမိုးအကာအခက်အခဲ ရှိနေကြောင်း တိမ်းရှောင်နေရသည့် ဒေသခံအချို့က ပြောဆိုသည်။

စစ်အာဏာရှင်တပ်သည် ပြီးခဲ့သည့် ရက်သတ္တပတ်ကတည်းက အထူးစီးပွားရေးဇုန်ဒေသကိုလည်း စစ်ကြောင်းထိုးပြီး စစ်အင်အားတိုးချဲ့နေသည်။ အောက်တိုဘာလ ပထမ ၁၀ ရက်အတွင်း ထားဝယ်စီးပွားရေးဇုန်ဒေသကို အင်အား သုံးရာကျော်အထိ တိုးချဲ့ထားကြောင်း စုံစမ်းသိရသည်။

ဇာဒီရွာသည် ထားဝယ်အထူးစီးပွားရေးဇုန် တည်ရှိသည့် နဘုလယ်ဒေသနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းများတည်ရှိသည့် ကံပေါက်ဒေသကို ဆက်သွယ်ထားသည် မြို့နယ်ချင်းဆက်ကားလမ်းပေါ်တွင် တည်ရှိသည့် ကျေးရွာဖြစ်သည်။