BREAKING
October 18, 2025

ပလမြို့၊ တန်းရှင်းရွာကို စစ်အာဏာရှင်တပ် ဂျက်လေယာဉ်ဖြင့် ဗုံးကြဲ

October 16, 2025

ပုံစာ - စစ်အာဏာရှင်လေတပ်၏ တိုက်လေယာဉ်တစ်စီးအား တွေ့ရစဉ်။

စစ်အာဏာရှင်တပ်က ပလမြို့အနီးရှိ တန်းရှင်းရွာကို ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ပလ‌မြို့ခံများထံမှ သိရသည်။

ယနေ့( အောက်တိုဘာ ၁၆ရက်) မွန်းလွဲ ၂နာရီခွဲခန့်တွင် စစ်အာဏာရှင်တပ်က ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးနှစ်လုံးကြဲချတိုက်ခိုက်ခဲ့ပြီး စက်သေနတ်ဖြင့်လည်း ပစ်ခတ်ခဲ့ကြောင်း ‌မြို့ခံတစ်ဦးက ဆိုသည်။

“ရွာသားတွေတော့ ထိခိုက်မှုမရှိဘူး။ လေကြောင်းတိုက်ခိုက်မှုက မကြာမကြာလာလုပ်နေတယ်။ မပစ်တဲ့ရက်ဆိုလည်း အကြာကြီး လာဝဲပြီး ပျံနေတယ်”ဟု မြို့ခံက ပြောသည်။

လက်ရှိဗုံးကြဲတိုက်ခိုက်ရာတွင် တန်းရှင်းရွာရှိ ခြံအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့သည့်အတွက် လူနှင့် နေအိမ်အဆောက်အအုံများ ထိခိုက်မှုမရှိကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

ပလမြို့နှင့် ၃ မိုင်ခန့်ကွာဝေးသည့် တန်းရှင်းရွာနေ ဒေသခံအချို့မှာ မကြာခဏဖြစ်နေသည့် တိုက်ပွဲများကြောင့် စစ်ဘေးရှောင်နေကြပြီး အချို့ကလည်း ရွာအတွင်းတွင်ပင်နေထိုင်ကြကြောင်း မြို့ခံနောက်တစ်ဦးက ပြောသည်။

“ဗုံးကြဲတာ ‌ပေါင်(မည်သည့်ဗုံး)ဘယ်လောက်မှန်း မသိရသေးဘူး။ တိုက်ပွဲ ဖြစ်ပွားတာမရှိဘဲ လေကြောင်းက လာကြဲတယ်”ဟု အထက်ပါမြို့ခံက ဆိုသည်။

ပလမြို့အနီး မင်းပြင်ရွာရှိ နေအိမ်များကို စစ်အာဏာရှင်တပ်က ဝင်ရောက်နေထိုင်ပြီး မီးရှို့နေသည်မှာ လေးကြိမ်ရှိနေပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။