ထားဝယ်တန်ဆောင်တိုင် နှစ်ကျိပ်ရှစ်ဆူ ဘုရားလှည့်ပွဲကို ယခင်အတိုင်း ညဘက်တွင်လှည့်လည် ကျင်းပမည်ဟု ရပ်ကွက်ဂေါပကများနှင့် ဘုရားကြီးဂေါပကတို့ ယနေ့ (အောက်တိုဘာ ၁၆) ကျင်းပပြုလုပ်ခဲ့သည့် အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ကြောင်း အစည်းအဝေး တက်ခဲ့သည့် ဂေါပကများထံမှသိရသည်။
စက်တင်ဘာလက ပြုလုပ်ခဲ့သည့် ပထမအကြိမ်အစည်းအဝေးတွင် နေ့ဘက်တွင်လှည့်လည်မည်ဟု ဆုံးဖြတ်ခဲ့သော်လည်း ယနေ့အစည်းအဝေးတွင် အများသဘောဖြင့် ညဘက်ပြန်ကျင်းပရန် ဆုံးဖြတ်လိုက်ကြောင်း ၎င်းတို့က ဆိုသည်။
” ဘုရားထွက်မယ့်အချိန်ကိုတော့ ယခင် ည ၇ နာရီမှ ထွက်မယ့်အစား ည ၆ နာရီမှာ တစ်နာရီ စောထွက်မယ် ” ဟု အစည်းအဝေး တက်ခဲ့သည့် ထားဝယ်မြို့ပေါ်ရပ်ကွက်တစ်ခုမှ သက်ကြီးပိုင်း ဘုရားလူကြီးတစ်ဦးကပြောသည်။
ထားဝယ်တန်ဆောင်တိုင် နှစ်ကျိပ်ရှစ်ဆူ ဘုရားပွဲလှည့်ပွဲကို ကိုဗစ်ကာလကတည်းက ရပ်နားထားပြီး ၂၀၂၃ နှင့် ၂၀၂၄ ခုနှစ်တွင် နေ့ဘက်တွင်ပြောင်းလဲ၍ ကျင်းပခဲ့ကြောင်း မြို့ခံများထံမှသိရသည်။
ယခုနှစ်တွင် ဘုရားများ အပူဇော်ခံမည့်လမ်းကြောင်း အပြောင်းအလဲရှိသည်ဟု အစည်းအဝေး တက်ခဲ့သည့် မြို့ပေါ်ရပ်ကွက် တစ်ခုမှ လူငယ်ဂေါပကအဖွဲ့ဝင်တစ်ဦးကပြောသည်။
” လမ်းကြောင်း က အပြောင်းအလဲတစ်ခုဖြစ်မယ်။ အရင်နှစ်က ဘုရားခဏနားတဲ့ မားစောပို ဘုံကျောင်းလမ်းမပါတော့ဘူး။ ကမ်းနားလမ်းမှာ မီးအလှဆင်ထားတဲ့နေရာကနေ သဲပုံစေတီလမ်းအတိုင်း ပြန်လှည့်မယ်။ မားစောပို ကျောင်းလမ်း မပါတော့ဘူး။ ကမ်းနားမှာလည်း ဖျော်ဖြေရေးထည့်ဖို့ ဆွေးနွေးတာမျိုးရှိတယ်။ အဲဒါကတော့မသေချာသေးဘူး ” ဟု ၎င်းကပြောဆိုသည်။
အသေးစိတ်သိရှိနိုင်ရန် ဘုရားပွဲ ဦးဆောင်ကျင်းပသည့် ထားဝယ် ဘုရားကြီး ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ ၏ ရုံးဖုန်းအား ဆက်သွယ်သော်လည်း လက်ခံဖြေဆိုခြင်းမရှိချေ။
မြိတ်နှင့် ကော့သောင်းမြို့တို့တွင်လည်း နှစ်ကျိပ်ရှစ်ဆူ ဘုရားလှည့်ပွဲကို ၂၀၂၃ ခုနှစ်ကတည်းက ညဘက်တွင် ကျင်းပနေခြင်းဖြစ်သည်။
ယခုနှစ်ကျင်းပမည့် ထားဝယ်တန်ဆောင်တိုင်သည် ၁၁၃ ကြိမ်မြောက်ဖြစ်ပြီး မြို့ပေါ်ရပ်ကွက်အားလုံးနီးပါး တန်ဆောင်တိုင်ဘုရားပွဲအတွက် သီတင်းကျွတ် ပွဲတော်ပြီးကတည်းက ဘုရားများ ပင့်ဆောင်နေကြပြီဖြစ်ကြောင်း မြို့ခံများထံမှသိရသည်။