BREAKING
October 18, 2025

ပါကစ္စတန်နှင့် အာဖဂန်နစ္စတန်တို့ ယာယီအပစ်ရပ်

October 16, 2025

ဓာတ်ပုံ - Reuters/Stringe

ပါကစ္စတန်နှင့် အာဖဂန်နစ္စတန်နိုင်ငံတို့အကြား ယာယီအပစ်အခတ်ရပ်စဲရန် အောက်တိုဘာလ ၁၅ ရက်က သဘောတူလိုက်ပြီဖြစ်သည်။

လေကြောင်းတိုက်ခိုက်မှုနှင့် မြေပြင်တိုက်ပွဲများကြောင့် အရပ်သား ၁၀ ဦးကျော် သေဆုံးပြီး ၁၀၀ ကျော်ထိခိုက်ဒဏ်ရာရခဲ့ပြီးနောက် ယာယီအပစ်အခတ်ရပ်စဲရေးအတွက် သဘောတူခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် သီတင်းပတ်အတွင်း လူဒါဇင်နှင့်ချီ သေဆုံးခဲ့ရပြီးနောက် ဗုဒ္ဓဟူးနေ့တွင်လည်း နှစ်နိုင်ငံ အငြင်းပွား နယ်စပ်တလျှောက်တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုများသည် ၂၀၂၁ ခုနှစ်က အာဖဂန်နစ္စတန်နိုင်ငံတွင် တာလီဘန်များ အာဏာရလာပြီးနောက်ပိုင်း အစ္စလာမ္မစ်နှစ်နိုင်ငံအကြား အဆိုးရွားဆုံး တိုက်ခိုက်မှုများ ဖြစ်ကြောင်း Reuters သတင်းဌာနက ဖော်ပြသည်။

ပါကစ္စကန်နိုင်ငံအတွင်း တိုက်ခိုက်မှုများကို အရှိန်မြှင့်လုပ်ဆောင်လာသည့် စစ်သွေးကြွများအား ထိန်းကွပ်ရန် အာဖဂန်နစ္စတန်ရှိ တာလီဘန်အစိုးရအား ပါကစ္စတန်အစိုးရက တောင်းဆိုခဲ့သည်။

အဆိုပါ စစ်သွေးကြွများသည် အာဖဂန်နစ္စတန်နိုင်ငံအတွင်း ခိုလှုံကာ စစ်ဆင်ရေးများ ဖော်ဆောင်နေသည်ဟုဆိုကာ ပါကစ္စတန်အစိုးရက ယင်းသို့ တောင်းဆိုခဲ့ခြင်းဖြစ်သည်။

ယင်းသို့ တောင်းဆိုခဲ့ပြီးနောက်ပိုင်းတွင် ယခင်က မဟာမိတ်များ ဖြစ်ကြသည့် အဆိုပါ နှစ်နိုင်ငံအကြား ပဋိပက္ခ ပေါ်ပေါက်လာခြင်း ဖြစ်သည်။

ပါကစ္စတန်ဘက်မှ ယင်းသို့ ပြောဆိုကာ တောင်းဆိုမှုကို တာလီဘန်များက ငြင်းဆန်ပြီး ပါကစ္စတန်စစ်တပ်သည် အာဖဂန်နစ္စတန်နှင့် ပတ်သက်၍ သတင်းအတုများ ဖြန့်နေသည်ဟု စွပ်စွဲခဲ့သည်။

ပါကစ္စတန်စစ်တပ်သည် နှစ်နိုင်ငံနယ်စပ်တင်းမာမှုများကို ဆွပေးနေကြောင်း ၊ အာဖဂန်နစ္စတန်၏ တည်ငြိမ်မှုနှင့် အချုပ်အခြာအာဏာကို ထိခိုက်စေရန် ISIS နှင့် ဆက်စပ်သည့် စစ်သွေးကြွများကို ပါကစ္စတန်နိုင်ငံအတွင်း ခိုလှုံခွင့်ပေးထားကြောင်း တာလီဘန်ဘက်က စွပ်စွဲသည်။

အဆိုပါ စွပ်စွဲချက်များကို ပါကစ္စတန်စစ်တပ်ဘက်မှ ငြင်းဆန်သည်။

နှစ်နိုင်ငံအကြား ၄၈ နာရီကြာ ယာယီအပစ်ရပ်သဘောတူညီချက်သည် ဗုဒ္ဓဟူးနေ့ ဂရင်းနစ်စံတော်ချိန် နေ့လယ် ၁ နာရီမှ စတင်၍ အသက်ဝင်မည်ဖြစ်ကြောင်း ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်က ဆိုသည်။

အဆိုပါ အပစ်အခတ်ရပ်စဲရေးကို တာလီဘန်ဘက်က တောင်းဆိုခဲ့ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖြည့်စွက်ဖော်ပြထားသည်။

သို့သော် အဆိုပါ အပစ်ရပ်သဘောတူညီချက်မှာ ပါကစ္စတန်ဘက်မှ တောင်းဆိုမှုကြောင့် ပေါ်ပေါက်လာခြင်းဖြစ်ကြောင်း တာလီဘန်မှလည်း ပြန်လည်ချေပထားသည်။

Source: Reuters