အမေရိကန်နိုင်ငံကူးလက်မှတ်သည် ကမ္ဘာ့ဩဇာအကြီးဆုံး နိုင်ငံကူးလက်မှတ် ၁၀ ခုစာရင်းမှ နှစ် ၂၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် ကျဆင်းသွားခဲ့ပြီ ဖြစ်သည်။
ယင်းမှာ အမေရိကန်နိုင်ငံကူးလက်မှတ်၏ အင်အားဆက်လက်ကျဆင်းနေမှုကို ပြသနေကြောင်း စင်္ကာပူအခြေစိုက် CNA သတင်းဌာနက ဖော်ပြသည်။
ဗုဒ္ဓဟူးနေ့ (အောက်တိုဘာ ၁၄) တွင် နောက်ဆုံးထုတ်ပြန်ခဲ့သော ဟန်လေနိုင်ငံကူးလက်မှတ် အညွှန်းကိန်း(Henley Passport Index)အရ အမေရိကန်နိုင်ငံကူးလက်မှတ်သည် ကမ္ဘာ့အဆင့် ၁၂ နေရာတွင် မလေးရှားနှင့် ပူးတွဲရပ်တည်လျက်ရှိပြီး နိုင်ငံ ၂၂၇ ခုအနက် ၁၈၀ သို့ ဗီဇာမလိုဘဲ ဝင်ရောက်ခွင့်ရှိသည်။
ဗီဇာမလိုဘဲ နိုင်ငံ ၁၉၃ ခုသို့ သွားရောက်နိုင်သည့် စင်ကာပူနိုင်ငံကူးလက်မှတ်မှာ ကမ္ဘာ့ထိပ်ဆုံးနေရာကို ရယူထားသည်။
တောင်ကိုရီးယားနိုင်ငံကူးလက်မှတ်က ဗီဇာမလိုဘဲ သွားရောက်နိုင်သည့် နိုင်ငံ ၁၉၀ ခုဖြင့် ဒုတိယနေရာတွင် ရှိနေသည်။
ဟန်လေနိုင်ငံကူးလက်မှတ်အညွှန်းကိန်း (Henley Passport Inde) သည် နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံကူးလက်မှတ်ကို အဆင့်သတ်မှတ်ရာတွင် ၎င်းနိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူများအဖို့ ဗီဇာကြိုတင်မရယူဘဲ ဝင်ရောက်နိုင်သည့် နိုင်ငံတကာခရီးစဉ်အရေအတွက်အပေါ် အခြေခံ၍ အဆင့်သတ်မှတ်ခြင်းဖြစ်သည်။
ဟန်လေနိုင်ငံကူးလက်မှတ်အညွှန်းကိန်း (Henley Passport Inde) သည် အာတွန်ကက်ပီတယ် နိုင်ငံကူးလက်မှတ်အညွှန်းကိန်း (Arton Capital Passport Index) နည်းတူ ကိုးကားဖော်ပြခံရမှုအများဆုံး နိုင်ငံကူးလက်မှတ်ဩဇာအညွှန်းကိန်းများထဲမှ တစ်ခုဖြစ်သည်။
၂၀၁၄ ခုနှစ်တွင် အမေရိကန်နိုင်ငံကူးလက်မှတ်သည် ကမ္ဘာ့ထိပ်ဆုံးနေရာတွင် ရှိခဲ့သော်လည်း တစ်နှစ်ပြီးတစ်နှစ် ဩဇာဆက်တိုက်ကျဆင်းလာခဲ့ရာ ယခုနောက်ဆုံးရောက်ရှိနေသည့်အဆင့်သည် နှစ်ပေါင်း ၂၀ အတွင်း အနိမ့်ဆုံးသို့ ရောက်ရှိလာခြင်း ဖြစ်သည်။
အမေရိကန်နိုင်ငံကူးလက်မှတ်၏ ဩဇာကျဆင်းရခြင်းမှာ အပြန်အလှန်တုံ့ပြန်မှု မရှိခြင်းကြောင့်ဟု နေထိုင်ခွင့်နှင့် နိုင်ငံသားလျှောက်ထားခွင့်အစီအစဉ်များကို သီးသန့်ဆောင်ရွက်ပေးလျက်ရှိသည့် Henley and Partners ကုမ္ပဏီက Henley and Partners ကုမ္ပဏီက ဆိုသည်။
အမေရိကန်နိုင်ငံကူးလက်မှတ်အနေဖြင့် နိုင်ငံပေါင်း ၁၈၀ သို့ ဗီဇာမလိုဘဲ ဝင်ရောက်နိုင်သော်လည်း အခြားနိုင်ငံ ၄၆ နိုင်ငံကသာ အမေရိကန်နိုင်ငံသို့ ဗီဇာမလိုဘဲ ဝင်ရောက်နိုင်ခြင်းကြောင့် ဖြစ်သည်ဟု ယင်းကုမ္ပဏီက ဆိုသည်။
Source: CNA