BREAKING
October 18, 2025

အမေရိကန်အကူအညီ ဖြတ်တောက်ပြီးနောက်ဝယ်

October 16, 2025

မိုဟာမက်တာဟာဟာ ၂ နှစ်သားအရွယ် သူ့သားလေးရဲ့ အသက်မဲ့ခန္ဓာကိုယ်ကို ပွေ့ဖက်လို့ ရှိုက်ကြီးတငင် ငိုကြွေးနေခဲ့ပါတယ်။ မြန်မာနိုင်ငံက သူတို့ နေထိုင်ရာ စစ်ဘေးရှောင်စခန်းမှာ ဧပြီလစလို့ သူ့မိသားစုအတွက် စားနပ်ရိက္ခာရောက်မလာတော့ပါဘူး။ အဲဒီနောက်ပိုင်းမှာတော့ အရင်က တက်ကြွရွှင်လန်းခဲ့တဲ့ သားငယ်လေးဟာ ဝမ်းလျှောလို့ ၊ အစားအစာကို တဆာဆာ တောင်းခံလို့ တဖြည်းဖြည်းအားနည်းချည့်နဲ့လာခဲ့တာကို သူ ဘာမှမတတ်နိုင်ဘဲ ကြည့်နေခဲ့ရတာပါ။

တာဟာရဲ့ သားငယ်လေး သေဆုံးပြီးနောက် နှစ်ပတ်တိတိအကြာ မေလ ၂၁ ရက်နေ့မှာတော့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို ဟာ ကွန်ဂရက်လွှတ်တော်ရှေ့မှာ ထိုင်ပြီး ကြေညာခဲ့ပါတယ်။ အမေရိကန်အစိုးရရဲ့ နိုင်ငံခြားအထောက်အပံ့ပေးရေး အစီအစဉ်တွေကို ဖြတ်တောက်လိုက်တာကြောင့် “ဘယ်သူမှ မသေဆုံးရသေးဘူး”လို့ ကြေညာခဲ့တာ ဖြစ်ပါတယ်။

“ကျွန်တော် တာဝန်ယူနေတဲ့အတောအတွင်း ဘယ်ကလေးသူငယ်မှ သေဆုံးတာ မရှိဘူး”လို့ အခိုင်အမာ ပြောခဲ့ပါတယ်။

ဒါဟာ “လိမ်ညာမှုတစ်ခုပဲ” လို့ တာဟာက ပြောပါတယ်။

“အထောက်အပံ့ရန်ပုံငွေ ဖြတ်တောက်လိုက်တာကြောင့် ကျွန်တော့်သားကို ဆုံးရှုံးလိုက်ရတာပါ” လို့ သူက ပြောပါတယ်။

“ပြီးတော့ ကျွန်တော်တစ်ယောက်တည်း မဟုတ်ပါဘူး။ တခြားစခန်းတွေက ကလေးငယ် တော်တော်များများဟာလည်းပဲ ငတ်မွတ်ခေါင်းပါးမှု၊ အာဟာရချို့တဲ့မှုနဲ့ ဆေးကုသမှု မရရှိတာတွေကြောင့် ကူရာကယ်ရာမဲ့ သေဆုံးခဲ့ကြရပါတယ်” လို့ သူက ဖြည့်စွက်ပြောခဲ့ပါတယ်။

တာဟာရဲ့ ဝမ်းနည်းပူဆွေးမှုဟာ ပဋိပက္ခ ဒဏ်ခံစားနေရတဲ့ မြန်မာနိုင်ငံတဝှမ်းက မိသားစုတွေရဲ့ ခံစားချက်နဲ့ ထပ်တူကျနေပါတယ်။ ကုလသမဂ္ဂရဲ့ ခန့်မှန်းချက်အရ မြန်မာလူဦးရေရဲ့ ၄၀ ရာခိုင်နှုန်းဟာ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ လိုအပ်နေပါတယ်။ အမေရိကန်ဟာ တချိန်တုန်းကတော့ မြန်မာနိုင်ငံအတွက် အကြီးမားဆုံး လူသားချင်းစာနာထောက်ထားမှု အလှူရှင်ဖြစ်ခဲ့ဖူးပါတယ်။ သမ္မတဒေါ်နယ်ထရမ့်က အမေရိကန်အစိုးရရဲ့ နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ(USAID) ကို ဖျက်သိမ်းလိုက်တာကြောင့် ကမ္ဘာပေါ်က ထိခိုက်အလွယ်ဆုံးသူတွေအပေါ် ဆင်းရဲဒုက္ခ ကျရောက်လာခဲ့ပါတယ်။ အခုချိန်မှာတော့ အဲဒီ ဆင်းရဲဒုက္ခတွေရဲ့ အာရှဒေသက ဗဟိုချက်မကတော့ မြန်မာနိုင်ငံ ဖြစ်ပါတယ်။

ဒီလိုနောက်ဆက်တွဲဆိုးကျိုးရဲ့ အဆိုးဆုံးဒဏ်ကို တာဟာရဲ့ သားငယ်ဖြစ်သူ မိုဟာမက်ဟာရှင်မ်နီးတူ မြန်မာကလေးတွေက အဓိကခံစားနေကြရပါတယ်။

အမေရိကန်အစိုးရရဲ့ အထောက်အပံ့ရန်ပုံငွေဖြတ်တောက်မှုတွေကြောင့် ၂၀၃၀ ပြည့်နှစ်အရောက်မှာ အသက် ၅ နှစ်အောက် ကလေးငယ် ၄.၅ သန်းကျော် အပါအဝင် လူပေါင်း ၁၄ သန်းကျော် သေဆုံးနိုင်တယ်လို့ ဇွန်လထုတ် The Lancet ဆေးပညာဂျာနယ်မှာ ဖော်ပြခဲ့တဲ့ လေ့လာမှုတစ်ခုက ဆိုပါတယ်။

တာဟာဟာ မြန်မာစစ်တပ်ရဲ့ လုပ်ရပ်ကြောင့် ရခိုင်ပြည်နယ်အတွင်းက ညစ်ပတ်ဆိုးဝါးတဲ့ အကျဉ်းထောင်သဖွယ် စခန်းတွေထဲမှာ ရှင်သန်နေရတဲ့ လူပေါင်း ၁၄၅,၀၀၀ ထဲက တစ်ဦးဖြစ်ပါတယ်။ တာဟာနည်းတူ အဲဒီလူတွေ အများစုဟာ ၂၀၁၇ ခုနှစ်တုန်းက မြန်မာစစ်တပ်ရဲ့ တိုက်ခိုက်မှုတွေကို ခံစားခဲ့ရတဲ့ အဖိနှိပ်ခံ ရိုဟင်ဂျာလူနည်းစုဝင်တွေ ဖြစ်ပါတယ်။ ဆိုခဲ့ပါ မြန်မာစစ်တပ်ရဲ့ တိုက်ခိုက်မှုတွေကို လူမျိုးတုံးသတ်ဖြတ်မှုအဖြစ် အမေရိကန်အစိုးရက သတ်မှတ်ကြေညာထားပါတယ်။

စားနပ်ရိက္ခာအထောက်အပံ့တွေ လုံးဝပျောက်ကွက်သွားခဲ့ပြီးနောက်မှာ တာဟာရဲ့ မိသားစုဟာ တစ်နေ့မှာ သုံးနပ်စားရာကနေ တစ်နပ်သာ စားရပါတော့တယ်။ တာဟာ ၊ သူ့ဇနီးနဲ့ ကလေးငါးယောက်စလုံးဟာ အင်မတန် အားနည်းချည့်နဲလာခဲ့ပြီး လမ်းတောင်မလျှောက်နိုင်တဲ့ နေ့တွေ ရှိခဲ့ပါတယ်။

သားဖြစ်သူ မိုဟာမက်ဟာရှင်မ်လေးဟာလည်း တဖြည်းဖြည်း အားနည်းချည့်နဲ့လာခဲ့ပါတယ်။

ဘောလုံးကန်ရတာ ကြိုက်တဲ့ သားငယ်လေး ၊ “မာမာ” နဲ့ “ဘာဘာ” လို့ အော်ခေါ်နေတတ်တဲ့ သားငယ်လေး ၊ ရွှင်လန်းတဲ့ အသံလေးတွေနဲ့ တစ်ချိန်က သူတို့ရဲ့ တဲအိမ်လေးကို ပြည့်လျှမ်းစေခဲ့တဲ့ သားငယ်လေး ၊ ဉာဏ်ကောင်းပြီး ခင်တွယ်တတ်တဲ့ သားငယ်လေးဟာ လှုပ်ရှားဖို့တောင် မတတ်နိုင်တော့ပါဘူး။

သားလေးရဲ့ ရှိုက်သံတွေကြောင့် စိတ်သောကရောက်နေရတဲ့ တာဟာဟာ အကူအညီရဖို့ ကြိုးစားခဲ့ပါတယ်။

စခန်းထဲကနေ ထွက်ပြီး အစာရေစာရှာဖွေတာကို စစ်သားတွေက တားမြစ်ထားတာအပြင် ဆရာဝန်ပြဖို့ ပိုက်ဆံလည်းမရှိတာကြောင့် တာဟာအဖို့ သားလေးအတွက် လုပ်နိုင်တာ ဘာတစ်ခုမှ မရှိခဲ့ပါဘူး။

မေလ ၇ ရက်နေ့မှာတော့ သူတို့ရဲ့ သားလေး နောက်ဆုံးထွက်သက်ကို ရှူရှိုက်သွားခဲ့တာကို တာဟာနဲ့ သူ့ဇနီးတို့က ကြည့်နေခဲ့ရပါတော့တယ်။

သားလေးဟာရှင်မ်သေဆုံးပြီးတဲ့နောက် မိသားစုကို လာတွေ့ပြီး သင်္ဂြိုဟ်တဲ့အခါမှာလည်း ပါဝင်ခဲ့တဲ့ အိမ်နီးချင်း မိုဟာမက်ဖိုးယက်စ်ကလည်း ဒီအသေးအစိတ်အချက်အလက်တွေကို Associated Press သတင်းဌာနကို အတည်ပြုပြောဆိုခဲ့ပါတယ်။

သားဖြစ်သူကို ဆုံးရှုံးရတာနဲ့ ပတ်သက်လို့ ဘယ်သူ့မှာ တာဝန်ရှိလဲလို့ မေးတဲ့အခါမှာတော့ “အမေရိကန်ပြည်ထောင်စုပါပဲ” လို့ တာဟာက ပြတ်ပြတ်သားသား ဖြေခဲ့ပါတယ်။

“ကျွန်တော်တို့ဟာ ဒီစခန်းတွေထဲမှာ ရိက္ခာခွဲတမ်းအပေါ်မှာပဲ မှီခိုပြီး အသက်ဆက်နေရတာပါ” လို့ သူက ဆိုတယ်။

“ရိက္ခာခွဲတမ်းမရှိဘူးဆိုရင် ကျွန်တော်တို့မှာ ဘာမှမရှိဘူး— အစားအစာလည်း မရှိဘူး၊ ဆေးဝါးလည်း မရှိဘူး၊ အသက်ရှင်ဖို့ အခွင့်အရေးလည်း မရှိတော့ဘူး”

အဝီစိငရဲ

မြန်မာနိုင်ငံတဝှမ်းနဲ့ နယ်စပ်တစ်လျှောက်က ဒုက္ခသည်စခန်းတွေမှာ အကူအညီအထောက်အပံ့တွေ ဖြတ်တောက်လိုက်တာကြောင့် ကလေးငယ်တွေဟာ အစားအစာအတွက် ငိုယိုနေကြရတယ်။

တခြားနိုင်ငံတွေအနေနဲ့လည်း အထောက်အပံ့ပေးတာ ပိုလုပ်သင့်တယ်လို့ အမေရိကန်က ပြောပါတယ်။

ဒါပေမဲ့ အဲဒီနိုင်ငံတချို့ကလည်း လူသားချင်းစာနာမှုအကူအညီတွေကို သူတို့ကာကွယ်ရေးအတွက် ရန်ပုံငွေ လိုအပ်နေလို့ဆိုပြီး ဖြတ်တောက်ထားကြတာတွေ ရှိပါတယ်။

မြန်မာပြည်သူတွေဟာ နှစ်နဲ့ချီကြာလာတဲ့ စစ်ပွဲတွေကြောင့် အားအင်ချည့်နဲ့နေကြပြီ။ ဒါကြောင့် ပြည်သူတွေမှာ ပိုပြီး အထိအခိုက်လွယ်လာခဲ့ပါပြီ။

ကျန်းမာရေးစောင့်ရှောက်မှု ဝန်ဆောင်မှုတွေဟာ အကြီးအကျယ် ချွတ်ခြုံကျ သွားပြီး တချို့နေရာတွေမှာဆိုရင်တော့ လုံးဝပျောက်ကွယ်သွားခဲ့ပါပြီ။

မကျန်းမာသူတွေနဲ့ ငတ်မွတ်သူတွေဟာ တဖြည်းဖြည်း ပိန်ချုံး သွားကြပါတယ်။

လူတွေဟာ တောနက်ထဲမှာ နေ့စဉ် နာရီပေါင်းများစွာ စားနပ်ရိက္ခာ လိုက်လံရှာဖွေနေကြရတဲ့ ဘဝရောက်လာတယ်။

အကြမ်းဖက်မှုတွေနဲ့ ခိုးမှုတွေ အလွန်အမင်း မြင့်တက်လာသလို၊ လူငယ်တွေဟာ ဆာလောင်မှုဝေဒနာကို မေ့ပျောက်ဖို့အတွက် ကော်ရှူနေကြတယ်။

ဒီဆောင်းပါးဟာ ဒုက္ခသည် ၂၁ ဦး၊ မြန်မာနိုင်ငံရဲ့ စစ်ဘေးရှောင်စခန်းတွေထဲမှာ ပိတ်မိနေသူ ၅ ဦး၊ အထောက်အပံ့ပေးရေး ဝန်ထမ်း၊ ဆေးဝန်ထမ်းနဲ့ သုတေသီ စုစုပေါင်း ၄၀ တို့နဲ့ တွေ့ဆုံမေးမြန်းမှုတွေအပေါ် အခြေခံထားပါတယ်။

မြန်မာနိုင်ငံမှာ အစိုးရအာဏာဖီဆန်သူတွေကို ခိုလှုံခွင့်ပေးခဲ့တဲ့ safe house အိမ်တွေဟာလည်း ပိတ်ပစ်လိုက်ရတာကြောင့် လူတွေဟာ အကြင်နာတရားမရှိတဲ့ မြန်မာစစ်အာဏာရှင်တပ်လက်ထဲမှာ “ကျားသနားမှ နွားချမ်းသာရမယ့် ဘဝ”ရောက်ခဲ့ရပါတယ်။ မြန်မာစစ်အာဏာရှင်တပ်ဟာ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် အရပ်သား ၇,၃၀၀ ကျော်ကို သတ်ဖြတ်ခဲ့ပါတယ်။ ညှဉ်းပန်းနှိပ်စက်မှုတွေ ရင့်မှည့်နေတဲ့ ဖမ်းဆီးထိန်းသိမ်းရေးစခန်းတွေမှာ လူ ၃၀,၀၀၀ နီးပါးကို ထောင်ချခဲ့ပါတယ်။

“မြန်မာနိုင်ငံအတွက်တော့ ကျွန်တော်တို့ဟာ အဝီစိငရဲကို ရောက်နေခဲ့ပြီးသားပါပဲ” လို့ ဗစ်တာက ပြောပါတယ်။ သူဟာ မြန်မာစစ်အာဏာရှင်အစိုးရကိုဆန့်ကျင်သူ ရာပေါင်းများစွာကို ကူညီခဲ့တဲ့ Freedom House အကူအညီပေးရေးအဖွဲ့ရဲ့ အရေးပေါ်အစီအစဉ်ကို ဦးဆောင်ခဲ့သူပါ။

အမေရိကန်ရဲ့ အထောက်အပံ့ဖြတ်တောက်မှုတွေနောက်ပိုင်းမှာ အရပ်သား ၁၀၀ ခန့်က ဗစ်တာကို စိုးရိမ်တကြီး တောင်းပန်တဲ့ စာတွေ ပို့ခဲ့ပါတယ်။

ဗစ်တာ မပေးနိုင်တော့တဲ့ အကူအညီတွေအတွက် ဗစ်တာဆီကနေ အကူအညီတောင်းခံဖို့ စိုးရိမ်တကြီး တောင်းပန်တဲ့ စာတွေ ပို့ခဲ့ကြတာပါ။

“သူတို့ကို ဘာပြောရမယ်မှန်း မသိဘူး” လို့ နာမည်တစ်လုံးတည်းကိုသာ သုံးစွဲတဲ့ ဗစ်တာက ပြောတယ်။

အမေရိကန်အစိုးရဟာ သူ့ဘတ်ဂျက်ရဲ့ ၁ ရာခိုင်နှုန်းလောက်ကိုသာ နိုင်ငံခြားအထောက်အပံ့ပေးရေးကိစ္စတွေအတွက် သုံးစွဲတာပါ။ ဒါပေမဲ့ တချိန်က ကမ္ဘာ့ထိပ်တန်းလူသားချင်းစာနာမှုအလှူရှင်ဖြစ်ခဲ့တဲ့ အမေရိကန်အစိုးရ နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ(USAID) ကို ငွေကြေးဖြုန်းတီးမှုအဖြစ် သမ္မတထရမ့်က ကြေညာပြီး ဖျက်သိမ်းပစ်ခဲ့ပါတယ်။

ဒီလိုမျိုး ရန်ပုံငွေအထောက်အပံ့ ဖြတ်တောက်မှုဒဏ်ကြောင့် အထိနာခဲ့ရတဲ့ ကုလသမဂ္ဂရဲ့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP)ဟာ မြန်မာတစ်နိုင်ငံလုံးက လူ ၁ သန်းကို အကူအညီပေးနေတာကို ဧပြီလမှာ ရပ်ဆိုင်းလိုက်ရပါတယ်။

ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP)ရဲ့ အဆိုအရ ရခိုင်ပြည်နယ် အလယ်ပိုင်းမှာ အခြေခံစားနပ်ရိက္ခာ လိုအပ်ချက်ကို မဖြည့်ဆည်းနိုင်တဲ့ မိသားစုဦးရေဟာ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလက ၃၃ ရာခိုင်နှုန်း ရှိခဲ့ရာကနေ ၅၇ ရာခိုင်နှုန်း အထိ မြင့်တက်လာခဲ့တယ်။

မြန်မာစစ်တပ်ဟာ ရခိုင်ပြည်နယ်ထဲက ဒေသအချို့ကို အကူအညီအထောက်အပံ့တွေ မရောက်အောင် ပိတ်ဆို့ထားတယ်လို့ ကြာမြင့်စွာကတည်းက စွပ်စွဲခံနေခဲ့ရတာ ဖြစ်ပါတယ်။

ဒါ့ကြောင့် ဒီရန်ပုံငွေ ဖြတ်တောက်မှုတွေဟာ နဂိုရှိရင်းစွဲဆိုးရွားတဲ့ အခြေအနေကို ပိုပြီး ဆိုးဝါးပြင်းထန်စေတယ် လို့ Burmese Rohingya Organisation UK ရဲ့ ဥက္ကဋ္ဌဖြစ်သူ ဦးထွန်းခင်က ဆိုပါတယ်။

“ဒီလိုမျိုး အမေရိကန်ရဲ့ လူသားချင်းစာနာမှုအကူအညီ ဖြတ်တောက်မှုတွေဟာ ရိုဟင်ဂျာတွေအဖို့ အစားအစာပြတ်လပ်သေဆုံးစေဖို့ စစ်တပ်ရဲ့ လူမျိုးတုံးသတ်ဖြတ်မှု မူဝါဒကို အကူအညီပေးတာပဲ” လို့ ဦးထွန်းခင်က ပြောပါတယ်။

ဒီလိုမျိုး အကူအညီအထောက်အပံ့ဖြတ်တောက်မှုဟာ မြန်မာပြည်ရဲ့ အမှောင်မိုက်ဆုံးအချိန်မှာ ရောက်လာခဲ့တာပါ။

လူပေါင်း ၃၈၀၀ ကျော်ကို သေဆုံးစေခဲ့တဲ့ အင်အားပြင်းငလျင်ကြီး မတ်လမှာ လှုပ်ခတ်ခဲ့ပြီးနောက်ပိုင်းမှာ အကူအညီအထောက်အပံ့ပေးရေး အလုပ်သမားသုံးဦးကို အမေရိကန်အစိုးရက မြန်မာနိုင်ငံကို စေလွှတ်ခဲ့ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံက ဘေးဒဏ်သင့်ဇုန်ထဲမှာ သူတို့ သုံးယောက်စလုံး ရှိနေစဉ်မှာပဲ သူတို့ကို အလုပ်ထုတ်တော့မယ့် အကြောင်းကြားစာတွေကို ထရမ့်အစိုးရဆီကနေ လက်ခံရရှိခဲ့ပါတယ်။

ဒါပေမဲ့လည်း အမေရိကန်ပြည်ထောင်စုဟာ “ဘားမားပြည်သူတွေနဲ့ ဆက်လက်ရပ်တည်နေပါတယ်” ဆိုပြီး မြန်မာနိုင်ငံကို ရည်ညွှန်းတဲ့ “ဘားမား” ဆိုတဲ့ နာမည်ကို အသုံးပြုပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

ကျန်ရှိတဲ့ အမေရိကန်အစိုးရနိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ(USAID) ရဲ့ အစီအစဉ်အချို့ကို လက်ခံထားတဲ့ ဝန်ကြီးဌာနရဲ့ ကြေညာချက်မှာ “အမေရိကန်ပြည်ထောင်စုအနေနဲ့ ကမ္ဘာတစ်ဝန်းမှာ အသက်ကယ်အကူအညီတွေကို ဆက်ပေးနေပါတယ်၊ တချိန်တည်းမှာပဲ တတ်နိုင်တဲ့ နိုင်ငံတွေကလည်း ပိုမိုထည့်ဝင်ထောက်ပံ့ပေးကြဖို့‌ မျှော်လင့်ပါတယ်” လို့ ဆိုထားပါတယ်။

ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP) ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူးဖြစ်သူ မိုက်ကယ် ဒန်ဖို့ဒ်ဟာ ဧပြီလမှာ ရခိုင်ကို သွားရောက်ခဲ့ပါတယ်။ အဲဒီမှာ မိခင်တချို့ဟာ သူတို့ကလေးတွေကို ကျွေးဖို့အတွက် မတတ်နိုင်တော့ပါဘူး။

“ဒီပြည်သူတွေအတွက် မျှော်လင့်ချက် ကင်းမဲ့နေတဲ့ အခြေအနေနဲ့ စိတ်ပျက်အားငယ်မှုဟာ သိသာထင်ရှားနေပါတယ်” လို့ မိုက်ကယ် ဒန်ဖို့ဒ်က ပြောပါတယ်။

“မျက်ရည်တွေနဲ့ အဘိုးအိုတစ်ဦးက ‘WFP က ကျွေးမွေးဖို့ မတတ်နိုင်တော့ဘူး၊ အာဏာပိုင်တွေကလည်း မကူညီဘူးဆိုရင် ကျွန်တော်တို့ကို ဗုံးနဲ့သာ ကြဲချပေးပါတော့။ ဒီလိုပုံစံနဲ့ ကျွန်တော်တို့ ဆက်မနေနိုင်တော့ဘူး’ လို့ ကျွန်တော့်ကို ပြောခဲ့တယ်” ဆိုပြီး သူက ပြန်ပြောပြပါတယ်။

တချို့လူတွေအတွက်တော့ အကူအညီအထောက်အပံ့ ဖြတ်တောက်လိုက်မှုကြောင့် ဖြစ်ပေါ်လာတဲ့ နာကျင်မှုဟာ အင်မတန်ဆိုးဝါးပြင်းထန်လွန်းတာကြောင့် သေခြင်းတရားကသာ သူတို့အတွက် တစ်ခုတည်းသော အဖြေလို့ ထင်ချင်စရာ ဖြစ်လာခဲ့ပါတယ်။

သားနှစ်ယောက်ဖခင် အသက် ၄၀ ရှိ မိုဟာမက် အီလီယပ်စ်ဟာ သူ့မိသားစု ငတ်မွတ်နေတာကို မြင်ရတာ စိတ်ဆင်းရဲလွန်းတဲ့အတွက် သူ့ကိုယ်သူ သတ်သေခဲ့တယ်လို့ သူ့သားဖြစ်သူ မိုဟာမက်အာမင်က ပြောပါတယ်။

သူတို့အတွက် စားနပ်ရိက္ခာတွေ ရောက်မလာတော့ဘဲ ပျောက်ကွယ်သွားပြီးတဲ့နောက် အာမင်ရဲ့ မိသားစုဟာ တစ်နေ့မှာ ဆန်နဲ့ ဟင်းသီးဟင်းရွက်အရွက်တွေနဲ့ တစ်နပ်ပဲ စားသောက်ပြီး ရှင်သန်နေခဲ့ရပါတယ်။

“ကျွန်တော့်အဖေဟာ စိတ်ဂယောင်ချောက်ချားဖြစ်လာပြီး မျှော်လင့်ချက်လည်း ကုန်ဆုံးသွားခဲ့တယ်” လို့ အာမင်က ပြောပါတယ်။

“ဝမ်းနည်းမှုနဲ့ စိတ်ပျက်အားငယ်မှုတွေက အင်မတန်ပြင်းထန်လာခဲ့တယ်။ ဒါကြောင့်ပဲ

ဒီလို အဆုံးမရှိတဲ့ ငတ်မွတ်မှုနဲ့ ဆင်းရဲဒုက္ခထဲမှာ ဆက်ပြီး အသက်ရှင်နေတာထက် သေတာက ပိုကောင်းမယ်လို့ သူယုံကြည်သွားခဲ့တယ်”

ဇွန်လထဲက ရက်တစ်ရက်မှာ မိသားစုထမင်းလက်ဆုံစားကြချိန်မှာ အီလီယပ်စ်ဟာ စတင်ငိုကြွေးခဲ့ပါတယ်။

သူ့ရဲ့ထမင်းပန်းကန်ထဲမှာ သူ့ဘာသာ အဆိပ်တွေ ရောထည့်ထားတယ်ဆိုတာကိုတော့ သူ့မိသားစုက သဘောမပေါက်သေးပါဘူး။

အီလီယပ်စ်ဟာ နှုတ်ဆက်စကားတောင် ပြောမသွားခဲ့ပါဘူး။

ငတ်မွတ်၊ နာကျင်၊ ကြောက်ရွံ့

၁၂ နှစ်အရွယ် မိုဟာမာဟာ ရွှံ့ထဲမှာ ကုန်းကုန်းကွကွ ထိုင်နေခဲ့ပါတယ်။ မိုးရေတွေက သူ့ရဲ့ ပိန်ချုံးနေတဲ့ ခန္ဓာကိုယ်ကို ရိုက်ခတ်နေပါတယ်။ သူဟာ မြေကြီးထဲက တီကောင်တွေကို ဆွဲနုတ်ပြီး စုတ်ပဲ့နေတဲ့ ပလပ်စတစ်ခွက်ထဲကို ထည့်နေခဲ့တယ်။

အဲဒီတီကောင်တွေဟာ သူ့မိသားစုအတွက် သူ ဖမ်းပေးမယ့် ငါးတွေအတွက် ငါးမျှားချိတ်က ငါးစာပါပဲ။

သူတို့ရဲ့ ထိုင်းနိုင်ငံက ဒုက္ခသည်စခန်းမှာ မကြာသေးခင်အချိန်ကစလို့ အစားအစာ လုံလုံလောက်လောက် မရတော့ဘူးလို့ သူက ပြောပါတယ်။

ဒါကြောင့်ပဲ မိုးသည်းကြီးမည်းကြီး ရွာနေတာကို ဂရုမစိုက်နိုင်ဘဲ သူဟာ ဝါးမျှားတံကို ဆွဲယူပြီး ရင်ဘတ်အထိရှိတဲ့ ရေစီးသန်တဲ့ ရေပြင်ထဲကို ဖြတ်လာခဲ့ပါတယ်။

မြန်မာကလေးငယ် အများအပြားဟာ စစ်ပွဲရဲ့ ကြောက်မက်ဖွယ်ရာတွေကို ကျော်လွှားရှင်သန်ခဲ့ရပေမယ့် သူတို့ နားမလည်နိုင်တဲ့ နိုင်ငံရေးဆုံးဖြတ်ချက်တစ်ခုကြောင့် လက်ရှိအချိန်မှာ ငတ်မွတ်မှုနဲ့ နာကျင်မှုကို ခံစားနေရပါတယ်။

၂၀၂၃ ခုနှစ်မှာ စစ်သားတွေက သူတို့ရွာကို တိုက်ခိုက်ခဲ့ပြီးတဲ့နောက် မိုဟာမာဟာ သူ့မိဘ ၊ သူ့အစ်ကို ၊ သူ့ညီမငယ်နှစ်ယောက်နဲ့အတူ ထိုင်းနိုင်ငံကို ထွက်ပြေးလာခဲ့ပါတယ်။ ဗုံးခိုကျင်းထဲမှာ ကွေးကွေးလေး ပုန်းနေခဲ့ရတာ ၊ သေဘေးက လွတ်ဖို့ ထွက်ပြေးလာတဲ့ လူအုပ်ကြီးနဲ့ အတူပြေးခဲ့ရတာတို့ကို သူ ပြန်အမှတ်ရနေတုန်းပါပဲ။

မိုဟာမာရဲ့ မိဘတွေကတော့ အလုပ်ရှာဖို့အတွက် မြန်မာနိုင်ငံကို ပြန်သွားကြပါတယ်။ သူ့ညီမတွေလည်း နောက်ပိုင်းမှာ လိုက်သွားခဲ့ကြတယ်။ သူကတော့ လက်ရှိအချိန်မှာ သူ့အဘိုးအဘွားနဲ့ ဆယ်ကျော်သက်သူ့အစ်ကိုနဲ့အတူ အိပ်ခန်းတစ်ခန်းပါတဲ့ အိမ်လေးမှာ နေထိုင်နေပါတယ်။

နှစ်နာရီစာ ကြာပြီးတဲ့နောက်မှာ မိုဟာမာဟာ သူဖမ်းမိထားတဲ့ ငါးတွေကို မြှောက်ပြပါတယ်။

၃ စင်တီမီတာ (၁ လက်မ) အောက်သာ ရှိတဲ့ ငါးသေးသေးလေး ၁၀ ကောင်လောက် သူ ဖမ်းမိထားပါတယ်။

ဒါဟာ လူတစ်ယောက် လေးငါးလုပ်စာအတွက် စားလောက်ရုံပါပဲ။

ဒါတောင်မှ ကံကောင်းသေးတယ်လို့ ဆိုရမှာပါ။ တချို့ရက်တွေမှာဆို သူဖမ်းမိတာ ဒီပမာဏရဲ့ တစ်ဝက်ပဲ ရှိတယ်လို့ သူက ပြောပါတယ်။

အသက် ၁၁ နှစ်အရွယ် စိုးဟာ သူတစ်ယောက်တည်း ငါးရှာရင်း မြစ်ရေစီးကြောင်းထဲမှာ ရုန်းကန်နေရပါတယ်။

သူ့ရဲ့ ပိန်ပိန်လှီလှီ ခန္ဓာကိုယ်ဟာ ပန်းရောင်တီရှပ်ကြီးထဲမှာ မြုပ်နေပါတယ်။

အနီးအနားမှာတော့ ကလေးလေးတွေဟာ သူတို့ ခန္ဓာကိုယ်လောက် ကြီးမားတဲ့ သစ်လုံးတွေကို သူတို့မိသားစု ရောင်းချဖို့အတွက် ခိုလှုံရာတဲတွေဆီကို ဆွဲယူသယ်ယူနေကြပါတယ်။

“တချို့အချိန်တွေမှာတော့ အစားအစာ လုံလုံလောက်လောက် ရှိပါတယ်” လို့ စိုးက ပြောပါတယ်။

“ဒါပေမဲ့ များသောအားဖြင့်ကတော့ ကျွန်တော် ဗိုက်ဆာနေလေ့ရှိပါတယ်”

တချို့ရက်တွေမှာဆို သူဟာ မနက်စာနဲ့ နေ့လယ်စာကို မစားရဘဲနဲ့ ဗိုက်ထဲမှာ တဂွီဂွီ မြည်ပြီး ကျောင်းကို သွားရပါတယ်။

အနည်းဆုံးတော့ သူ့အတွက် ကျောင်းဆိုတာ ရွေးချယ်စရာတစ်ခုအဖြစ် ရှိနေသေးတယ်။

ရန်ပုံငွေ အထောက်အပံ့ ဖြတ်တောက်လိုက်ပြီးတဲ့နောက် သူ့မူလတန်းကျောင်းက ကျောင်းသား ၁၀ ဦး ကျောင်းထွက်သွားပြီ လို့ ဆရာမဆောင်းနှင်းဝေက ပြောပါတယ်။

သူတို့မိဘတွေက ကျောင်းစရိတ် မတတ်နိုင်တော့လို့အပြင် စားဝတ်နေရေးအတွက် သူတို့ရဲ့ အကူအညီကို လိုအပ်လို့ပါပဲ။

ကျန်ရှိတဲ့ ကျောင်းသားအများစုဟာ ငတ်မွတ်ခေါင်းပါးခြင်းနဲ့ ရုန်းကန်နေကြရတယ် လို့ ဆရာမက ပြောပါတယ်။ သင်ကြားရေး ပစ္စည်းတွေကလည်း နည်းပါးလာနေပါပြီ။ ယိုစိမ့်နေတဲ့ ကျောင်းခေါင်မိုးကို ပြင်ဖို့ အရင်က ရန်ပုံငွေရခဲ့ပေမယ့် အခု မရတော့ပါဘူး။ ဒါကြောင့် မိုးရွာတဲ့နေ့တွေဆို သူတို့ ကျောင်းလေးကို ပိတ်ထားရပါတယ်။

အသက် ၄၈ နှစ်အရွယ် မနောင်ပိတ်ရဲ့ ခိုလှုံရာအိမ်လေးမှာ ဆန်ပြတ်သွားတဲ့အချိန်တွေမှာ ထိတ်လန့်ခြင်းဟာ သူမရဲ့ ကလေးခြောက်ယောက်ကြားထဲ ဝင်ရောက်လာခဲ့ပါတယ်။

သူမကတော့ သူမရဲ့ ကိုယ်ပိုင်စိုးရိမ်ပူပန်မှုကို ဖုံးကွယ်ထားပြီး အစားအစာ ရှာပေးမယ်လို့ ကလေးတွေကို နှစ်သိမ့်ပါတယ်။

ဒါပေမဲ့ အစားအစာ လုံလုံလောက်လောက်ရဖို့ ဘယ်တော့မှ မဖြစ်နိုင်တော့ပေမယ့် အဲဒီလိုပဲ သူမက နှစ်သိမ့်ပါတယ်။

“ကလေးတွေ ထမင်းကို ငါးပိရည်နဲ့ ဟင်းရွက်ဖတ်ကြွင်းလေးတွေနဲ့ပဲ စားနေရတာ မြင်ရတော့ ရင်ကွဲရပါတယ်” လို့ ပင်ပန်းနွမ်းနယ်နေတဲ့ သူမက ပြောတယ်။

သူမဟာ တောထဲကနေ ရှာဖွေလာတဲ့ ဝါးမျှစ်ခြင်းတောင်းကို ဖွင့်ချလိုက်တယ်။ ဒီဝါးမျှစ်တွေ ရောင်းရင် တစ်ကီလိုကို ထိုင်းဘတ်ငွေ ၄ ဘတ် ရပါတယ်။ တစ်နေ့တာစားဖို့ ဆန်ဝယ်ဖို့ လုံလောက်ရုံ မျှစ်တွေ တူးနိုင်ဖို့အတွက် တောင်တွေပေါ် ရှစ်နာရီကြာအောင် တက်ရလေ့ရှိပါတယ်။

“တကယ်လို့ အမေရိကန်က အကူအညီတွေကို ပြန်မပေးတော့ဘူးဆိုရင် ကျွန်မကလေးတွေ အသက်ရှင်ရပ်တည်နိုင်ရေးအတွက် စိုးရိမ်ရတယ်” လို့ သူမက ပြောပါတယ်။

အာဘာဘာဟာ မြစ်ဘေးက သူ့ထိုင်နေကျနေရာမှာ ထိုင်ရင်း သူ့ပါးစပ်ကို ထိတ်ထိတ်ပျာပျာ လက်ညှိုးထိုးပြနေပါတယ်။

သူဗိုက်ဆာနေပြီဆိုတာ အချက်ပြတာပါ။

သူ့ဘေးမှာရှိတဲ့ အသက် ၆၀ အရွယ် မိခင်ဖြစ်သူ အာဘာဘာမိုးကတော့ သူမအတွက် တစ်နေ့တာ စားစရာကို သူ့သားကို ကျွေးထားပြီးပြီမို့ စိုးထိတ်မောပန်းစွာ ခေါင်းခါနေခဲ့ပါတယ်။

သူမတို့ ကြုံနေရတဲ့ အခြေအနေက ဘယ်လောက်အန္တရာယ်ကြီးတယ်ဆိုတာကို အသက် ၁၇ နှစ် ရှိပြီဖြစ်ပေမဲ့ အသိဉာဏ်က ကလေးငယ်တစ်ဦးနီးပါးသာသာ ရှိနေသေးတဲ့ သားဖြစ်သူကို ရှင်းပြဖို့နည်းလမ်း သူမမှာ မရှိပါဘူး။

အစာရှာဖို့တောင် အားမရှိတဲ့ တစ်ကိုယ်တည်းမိခင် တစ်ဦးအနေနဲ့ သူမမှာ သူမတို့ သားအမိနှစ်ယောက် အသက်ရှင်ရပ်တည်နိုင်ရေးကို အာမခံနိုင်မယ့် တကယ့်နည်းလမ်း မရှိပါဘူး။ အစုလိုက်အပြုံလိုက် ငတ်မွတ်သေဆုံးမှုကို ကာကွယ်ဖို့ ကြိုးပမ်းတဲ့အနေနဲ့ ထိုင်းနယ်စပ်စခန်းတွေမှာ နေထိုင်နေတဲ့ မြန်မာဒုက္ခသည် ၁၀၇,၀၀၀ ထဲကတချို့ကို အလုပ်လုပ်ခွင့်ပေးတဲ့ ထိုင်းအစိုးရရဲ့ မူဝါဒအပြောင်းအလဲကနေ အကျိုးခံစားရဖို့ဆိုတာကလည်း သူမအဖို့ အသက်ကြီးလွန်းနေပြီ။

သူမသားဟာ စကားမပြောတတ်ပါဘူး။ အဝတ်ဝတ်တာကအစ အိမ်သာအသုံးပြုတာအထိ သားဖြစ်သူက သူမရဲ့ အကူအညီကို လိုအပ်ပါတယ်။ ရန်ပုံငွေ ဖြတ်တောက်လိုက်ပြီးနောက်ပိုင်းမှာ သူတို့ရဲ့ အသက်ရှင်ရပ်တည်မှုဟာ မကြာခဏဆိုသလို ဆန်တစ်ဆုပ်စာလောက် လာပေးတတ်တဲ့ ခရစ်ယာန်ဘုရားကျောင်းက ပရဟိတဒါနအပေါ် မှီခိုနေခဲ့ရ တယ်။

သူမမှာ ဆီးချိုနဲ့ သွေးတိုးရောဂါတွေ ခံစားနေရပါတယ်။ သူမ ဗိုက်အဆာလောင်ဆုံးအချိန်မှာ ချွေးတွေထွက်ပြီး ခေါင်းမူးတာမျိုး ဖြစ်လာလေ့ရှိပါတယ်။

တချို့ရက်တွေမှာဆို သူမ ဘာမှ မစားရဘူး။

ဒုက္ခသည်စခန်းထဲမှာ လူတိုင်းဟာ ဒီလို အန္တရာယ်များတဲ့ အခြေအနေနဲ့ ကြုံနေရတယ်လို့သိထားခြင်းက

သူမရဲ့ အဆိုးဆုံးကြောက်ရွံ့မှုတွေကို တွန်းလှန်ပေးတဲ့ စိတ်သက်သာစရာတစ်ခု ဖြစ်နေပါတယ်။

“ကျွန်မတို့ ငတ်ပြီး သေရမယ်ဆိုရင် လူတိုင်း သေရမှာပဲ။ကျွန်မတစ်ယောက်တည်းမှ မဟုတ်တာ” လို့ သူမက ပြောပါတယ်။

‘ဒီနေရာမှာ ကျွန်တော်တို့အတွက် ဘာမှမရှိတော့ဘူး’

အဘိုးအိုဟာ စိုစွတ်နေတဲ့ တောနက်မြေပြင်ထဲကို သူ့ရဲ့ဓားကို ထိုးသွင်းလိုက်ပါတယ်။ ဝါးမျှစ်တစ်ခုကို ဓားနဲ့ တူးထုတ်လိုက်ပါတယ်။ ပိန်ချုံးနေတဲ့ သူ့ကျောပေါ် မှာ လွယ်ထားတဲ့ စုတ်ပြဲနေတဲ့အိတ်ထဲကို အဲဒီဝါးမျှစ်ကို ထည့်လိုက်ပါတယ်။

သူ့ဗိုက်ထဲမှာ ဘာအစာမှ မရှိပါဘူး။

သူ့အသက်ရှူသံက မမှန်တော့သလို၊ အားအင်တွေလည်း ကုန်ခမ်းနေပါပြီ။ ဒါပေမဲ့ သူ အခုနားလိုက်ရင် သူ့မိသားစု ငတ်သေသွားနိုင်ပါတယ်။

မာမွတ်ကာမာဟာ ထိုင်း-မြန်မာနယ်စပ်က တောနက်ထဲမှာ နှစ်နာရီကြာ အစာရှာဖွေနေခဲ့ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ ဇနီးသည် ၊ သားသမီး ၆ ယောက်နဲ့ ၆နှစ်အရွယ် မြေးလေးတို့အတွက် နှစ်နပ်စာ စားလောက်ရုံလေးကိုသာ သူ ရထားပါသေးတယ်။

မုတ်သုန်မိုးကြောင့် ရွှံ့တွေနဲ့ နီတွတ်နေတဲ့ မြစ်ရေထဲကို ခြောက်သွေ့နေတဲ့ သူ့ နှုတ်ခမ်းကို ဖိချပြီး မြစ်ရေကို အားပါးတရ သောက်ချလိုက်ပါတယ်။

“ကျွန်တော် ဆာလောင်နေတယ်” လို့ ကာမာက အမောတ‌ကော ပြောပါတယ်။

“ဒါကြောင့် ကျွန်တော် ဗိုက်ပြည့်ဖို့ ရေသောက်တယ်”

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ရန်ပုံငွေထောက်ပံ့မှုက ထိုင်းနယ်စပ်စခန်းတွေမှာ နေထိုင်ကြတဲ့ ကာမာနဲ့ တခြားမြန်မာဒုက္ခသည်တွေကို အစားအစာနဲ့ ဆေးဝါးတွေ နှစ်ပေါင်းများစွာ ပေးအပ်လာခဲ့ပါတယ်။ ဒီရန်ပုံငွေထောက်ပံ့မှုဟာ ထရမ့်အစိုးရလက်ထက်မှာ ပယ်ဖျက်ခံလိုက်ရတဲ့ ထောင်နဲ့ချီတဲ့ နိုင်ငံခြားအထောက်အပံ့ပေးရေး အစီအစဉ်တွေထဲက တစ်ခု ဖြစ်ပါတယ်။

ဒါပေမဲ့ ဇူလိုင်လ ၃၁ ရက်နေ့မှာ အဲဒီထောက်ပံ့ကြေး ရပ်ဆိုင်းလိုက်တာပါ။ ဒါကြောင့် ဒီဒေသရဲ့ အဓိက အကူအညီပေးရေးအဖွဲ့ဖြစ်တဲ့ နယ်စပ်ရေးရာအဖွဲ့အစည်း (The Border Consortium) ဟာ စခန်းမှာ နေထိုင်သူ ၈၅% အတွက် စားနပ်ရိက္ခာ အကူအညီပေးတာကို ရပ်ဆိုင်းပစ်ရဖို့ အခြေအနေ ရောက်လာခဲ့ပါတယ်။

ဒီအဖွဲ့အစည်းက အလှူငွေတွေအတွက် တောင်းခံခဲ့ပေမဲ့ အမေရိကန် ချန်ထားခဲ့တဲ့ အလှူငွေလိုအပ်ချက်ဟာကွက်ကြီးကို အခြားအလှူရှင်တွေက ဖြည့်ဆည်းပေးနိုင်ခဲ့ခြင်း မရှိပါဘူး။

ထောက်ပံ့ကြေးကို နှစ်ကုန်အထိ ယာယီ သက်တမ်းတိုးဖို့ သဘောတူညီချက်ကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက စက်တင်ဘာလ ၃၀ ရက်နေ့မှာ လက်မှတ်ထိုးခဲ့ပါတယ်။ ဒါကြောင့် ရိက္ခာတွေ ဒီနှစ်ကုန်အထိ ပြန်လည်ပေးအပ်ခွင့်ရခဲ့တယ်လို့ နယ်စပ်ရေးရာအဖွဲ့အစည်းရဲ့ အမှုဆောင်ညွှန်ကြားရေးမှူး လီယွန်ဒီရစ်မတန်က ပြောပါတယ်။ ဒါပေမဲ့ အဲဒီနောက်ပိုင်းမှာတော့ ရန်ပုံငွေ ကုန်ဆုံးခါနီး ဖြစ်လာခဲ့ပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း နောက်ထပ်ထပ်တိုးထောက်ပံ့ပေးမှာ မဟုတ်ကြောင်းကို ရှင်းရှင်းလင်းလင်း ပြောထားခဲ့ပါတယ်။

ကာမာဟာ အကူအညီ ဖြတ်တောက်မှုတွေကြောင့် သူ့ရဲ့ စားနပ်ရိက္ခာကိုသာ ဆုံးရှုံးခဲ့ရတာ မဟုတ်ပါဘူး။ ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်စခန်းတွေမှာ ကျန်းမာရေးဆေးခန်းတွေ ဖွင့်လှစ်ဖို့အတွက် လုပ်ဆောင်ခဲ့တဲ့ နိုင်ငံတကာကယ်ဆယ်ရေးကော်မတီ (International Rescue Committee) ကနေ သူ့ရဲ့အလုပ်ကိုပါ ဆုံးရှုံးခဲ့ရပါတယ်။

သူဟာ ကိုယ်အလေးချိန် ၁၆ ကီလိုဂရမ် (၃၅ ပေါင်) ကျော် ကျသွားခဲ့ပါတယ်။ အရင် ၅၄ ကီလိုဂရမ် (၁၁၉ ပေါင်) ရှိခဲ့တဲ့ သူ့ခန္ဓာကိုယ်ဟာ လက်ရှိမှာ အင်မတန်ပိန်ချုံးသွားခဲ့ပြီး ရင်းနှီးတဲ့ မိတ်ဆွေတွေကတောင် သူ့ကို မမှတ်မိနိုင်လောက်အောင် ဖြစ်သွားပါတယ်။

“ကျွန်တော်တို့ သေလုနီးပါး ဖြစ်နေကြပြီ” လို့ သူက ပြောပါတယ်။

“ဒီနေရာမှာ ကျွန်တော်တို့အတွက် ဘာမှမရှိတော့ပါဘူး။”

အသက် ၅၅ နှစ်အရွယ်ရှိတဲ့ ဒီအမျိုးသားဟာ မြေကြီးပေါ်မှာ ထိုင်ပြီး နဖူးက ချွေးတွေကို သုတ်နေပါတယ်။

ဒီမတိုင်ခင် ရက်အနည်းငယ်တုန်းက မိသားစုတစ်ရက်စာ ဆန်ဖိုး ဘတ် ၁၂၀ ရဖို့အတွက် ပြောင်းခင်းတစ်ခုမှာ အလုပ်လုပ်ရင်း မူးမေ့လဲကျခဲ့တယ်လို့ သူက ပြောပါတယ်။ ဒီစခန်းတွေထဲမှာ ခက်ခဲပင်ပန်းစွာ ရောက်နေကြတဲ့ တခြားသူတွေလိုပဲ ဒီဘဝကို ကာမာ ရွေးချယ်ခဲ့တာ မဟုတ်ပါဘူး။

သူ့ရွာကို မီးရှို့ဖျက်ဆီးပြီး သူ့အစ်ကိုကို ရိုက်သတ်ခဲ့တဲ့ စစ်သားတွေရဲ့ လုပ်ရပ်ကြောင့် ဒီဘဝထဲကို သူ တွန်းပို့ခံ ခဲ့ရတာပါ။

အဲဒီလို သွေးမြေကျမှုတွေကြောင့် သူ့မိသားစုဟာ ၂၀၀၆ ခုနှစ်မှာ ထိုင်းနိုင်ငံနယ်စပ်က ဝါးအမိုးအကာတွေဆီကို ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

ဒီနေရာက ဘဝဟာ ဘယ်တုန်းကမှ မလွယ်ကူခဲ့ဘူးလို့ သူက ပြောပါတယ်။

ဒါပေမဲ့လည်း အကူအညီတွေ ဖြတ်တောက်ခံရပြီးနောက်ပိုင်းမှာတော့ သည်းမခံနိုင်လောက်အောင် ပိုဆိုးလာပါတယ်။

“ဝမ်းနည်းမှုက အရမ်းနက်ရှိုင်းလွန်းလို့ ကျွန်တော် မျက်ရည်တောင် မကျနိုင်တော့ဘူး” လို့ သူက ခံစားချက်မဲ့စွာ ပြောပါတယ်။

“ဒီဒုက္ခသည်တွေနဲ့ မြန်မာပြည်သူတွေကို တစ်ကမ္ဘာလုံးက မေ့ထားလိုက်ကြပြီ”

စားနပ်ရိက္ခာမလုံလောက်မှုက စိတ်အားငယ်နေတဲ့ လူအများအပြားကို ခိုးမှုတွေ ကျူးလွန်စေတယ်လို့ သူက ဆိုပါတယ်။

ညဘက်တွေမှာဆိုရင် ရေစိမ့်နေတဲ့ အမိုးအကာရဲ့ ကွန်ကရစ်ကြမ်းပြင်ပေါ်မှာ အိပ်မပျော်ဘဲ လုယက်မှုအသံတွေ ကို နားစွင့်နေရတယ်။မကြာသေးမီက သူနဲ့ တခြားသူအချို့ဟာ တစ်ညတည်းမှာပဲ သူခိုး ၂၇ ယောက်ကို ဖမ်းဆီးပြီး ထိန်းသိမ်းရေးစခန်း ကို ပို့ခဲ့ပါတယ်။ ဖမ်းဆီးရမိတဲ့ သူခိုးတွေထဲမှာ သူ့သူငယ်ချင်း တစ်ယောက် ပါလာခဲ့ပါတယ်။

ကာမာက သူ့သူငယ်ချင်းကို စိတ်ပျက်အားငယ်စွာနဲ့ “ဘာလို့ ဒီလိုလုပ်ရတာလဲ” လို့ မေးခဲ့ပါတယ်။ “ငါတို့မှာ စားစရာ ဘာမှ မရှိတော့ဘူး” လို့ သူငယ်ချင်းက ပြန်ဖြေခဲ့ပါတယ်။

ကာမာကတော့ ခိုးဖို့ ငြင်းဆန်တယ်။ ဒါကြောင့် အင်မတန်နေမကောင်းဖြစ်ပြီး အစာရှာဖို့ မတတ်နိုင်တဲ့ ရက်တွေမှာဆိုရင် တခြားဒုက္ခသည်တွေကို အကူအညီ တောင်းခံရပါတယ်။

ဒါပေမဲ့ နေ့ရက်အများစုမှာတော့ မိသားစုအတွက် စားဖို့၊ ရောင်းဝယ်ဖလှယ်ဖို့ ဒါမှမဟုတ် ရောင်းချဖို့ တစ်စုံတစ်ရာကို ရှာဖွေနိုင်ဖို့ သူရဲ့ ပင်ပန်းနွမ်းနယ်နေတဲ့ ခန္ဓာကိုယ်ကို တွန်းအားပေးပြီး တောင်တွေတက်၊ မြစ်တွေကို ဖြတ်ကျော်နေရပါတယ်။

“ကျွန်တော့်ရင်ထဲမှာ လေးလံထိုင်းမှိုင်းမှုကြီး ရှိနေတယ်” လို့ သူက အသံတုန်ရီပြီး ပြောပါတယ်။

“ကလေးတွေက မုန့်ဖိုးတောင်းကြတယ်၊ ကျွန်တော် မပေးနိုင်တဲ့အခါမှာ အဲဒါက ကျွန်တော့်ကို သေလောက်အောင် ခံစားရစေတယ်”

သူ့ရင်ထဲမှာ လှောင်ပိတ်ထားတဲ့ မျက်ရည်တွေ နောက်ဆုံးတော့ ဒီအတွေးကို တွေးမိတော့မှပဲ ကျလာပါတော့တယ်။

သူ မျက်ရည်တွေကို သုတ်လိုက်ပါတယ်။

အခုချိန်မှာ သူ လုပ်နိုင်တာကတော့ အမေရိကန်ပြည်ထောင်စုက ပြည်သူတွေ မြန်မာပြည်သူတွေအပေါ် သနားကြင်နာမှုပြသဖို့ ပဲ မျှော်လင့်နေရုံပါပဲ။

သူ အခိုင်အမာ ပြောပါတယ်။

“ဒီအတိုင်း ဆက်ဖြစ်နေရင် ကျွန်တော်တို့အားလုံး သေကြရမှာ သေချာတယ်”

ဈာန်ဟိန်း

(Associated Press က ဖော်ပြသည့် Starving children screaming for food as US aid cuts unleash devastation and death across Myanmar ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်သည်)