BREAKING
October 18, 2025

ပုစွန်ဖမ်းဆီးရရှိမှုနည်းလာ၍ ပုစွန်ခြောက်ဈေးတက်

October 16, 2025

ဓာတ်ပုံ - Dawei Watch

ပုစွန်ခြောက်ပြုလုပ်ရာတွင် အသုံးပြုသည့် ရေငန်ပုစွန် ဖမ်းဆီးရရှိမှုနည်းလာသည့်အတွက် ‌ပုစွန်ခြောက်ဈေး အနည်းငယ်တက်လာ‌ကြောင်း ကျွန်းစုမြို့နယ်နေ ပင်လယ်ရေလုပ်သားအချို့နှင့် ရေထွက်ပစ္စည်းရောင်းဝယ်‌ရေး ကုန်သည်အချို့ထံမှ သိရသည်။

ယခုနှစ်တွင် ပင်လယ်အတွင်း ပုစွန်ရှားပါးလာကာ ဖမ်းဆီးရရှိမှုနည်းလာခြင်းဖြစ်ကြောင်း ကျွန်းစုမြို့နယ်နေ ရေလုပ်သားအချို့ကဆိုသည်။

ယခင်နှစ်က ပုစွန်ဖမ်းလှေငယ်များဖြင့်ဖမ်းဆီးပါက ပျမ်းမျှအားဖြင့် ပါကင်ခြင်း ၃ ခြင်းခန့်ဖမ်းဆီးရရှိရာက လက်ရှိတွင် တစ်ခြင်းသာဖမ်းမိတော့ကြောင်း ကျွန်းစုမှ ‌ပင်လယ်ရေလုပ်သားတစ်ဦးက ပြောသည်။

“ရှားလာတယ်ဆိုတာက သူတို့မှာသားပေါက်တဲ့ကာလတွေရှိတယ်။အဲဒီလိုအချိန်တွေမှာ ဖမ်းရင် ဖမ်းဆီးရမိတာ နည်းတယ်။မုန်တိုင်းအရှိန်ကြောင့် မိုးသက်(ကြီး)ရွာတယ်။ လှိုင်းလေတွေကြောင့်လည်း ပါတယ်”ဟု ၎င်းက ဆိုသည်။

ထို့အပြင် မုန်တိုင်းအရှိန်ကြောင့် မိုးအဆက်မပြတ်ရွာသွန်းနေသည့်အတွက် ပုစွန်‌ကိုနေလှန်းချိန်တွင်လည်း အခက်အခဲကြုံရကြောင်း အထက်ပါရေလုပ်သားကဆိုသည်။

၂၀၂၅ ခုနှစ်အစောပိုင်းက ‌ပုစွန်ခြောက်အမျိုးအစားအပေါ် မူတည်ကာ တစ်ပိဿာလျှင် ကျပ်ငါးသောင်းမှ ကျပ်တစ်သိန်း ကြားရှိရာက လက်ရှိတွင် ပုစွန်ခြောက်ရှယ်ကြီးသန့် တစ်ပိဿာလျှင် ကျပ်တစ်သိန်းနှစ်သောင်းဝန်းကျင် ပေါက်ဈေးရှိနေကြောင်း ပုစွန်ခြောက်ဈေးကွက်အတွင်းမှ သိရသည်။

ကျွန်းစုဒေသထွက် ပုစွန်ခြောက်မှာ အကြီးဆိုဒ်၊ အလတ်ဆိုဒ်၊ လက်ဖက်စားဆိုဒ် ဟူ၍အမျိုးအစားသုံးမျိုးရှိပြီး ဆိုဒ်အပေါ်မူတည်ကာ ဈေးနှုန်းကွာခြားလေ့ရှိသည်။

“ပုစွန်ခြောက်ဈေးက နည်းနည်းတက်နေတယ်။ထပ်တက်ဖို့လည်းရှိတယ်။ကျွန်မတို့ ဝယ်ရောင်းနေတဲ့ ပင်လယ် (ကျွန်းစုမြို့နယ်ရှိကျေးရွာအချို့)ဘက်တွေကအခုချိန်မှာ ပုစွန်တအားရှားနေတယ်ပြောတယ်။ ကျွန်မဆီမှာလည်း နယ်ဝေးအော်ဒါတောင်မလောက်ဘူး။ ရောက်တာနဲ့ကုန်ဖြစ်နေတယ်”ဟု မြိတ်မြို့ရှိ ရေထွက်ပစ္စည်းလက်လီ၊လက်ကား ရောင်းဝယ်နေသည့် အမျိုးသမီးတစ်ဦးက ပြောသည်။

ယခုနှစ် ဇွန်လဝန်းကျင်က တနင်္သာရီတိုင်းအတွင်း စစ်ရေးအခြေအနေနှင့် စစ်အာဏာရှင်တပ်၏ ပိတ်ဆို့ကန့်သတ် ချက်များကြောင့် လမ်းပန်းဆက်သွယ်ရေး အခက်အခဲဖြစ်ကာ မြိတ်ကျွန်းစုဒေသထွက် ပုစွန်ခြောက်အပါအဝင် ရေထွက်ပစ္စည်းများ ရောင်းအားကျပြီး ဈေးကျနေခဲ့သည်။

ပုစွန်ခြောက်လုပ်ရာတွင် ပင်လယ်ရေအငန်ဓာတ်ဖြင့်သာ ပုစွန်‌ကိုပြုတ်ပြီး အခြောက်ခံသဖြင့် ကျွန်းစုမြို့နယ်က ထွက်သည့် ပုစွန်ခြောက်မှာ အငန်ဓာတ်နည်းကြောင်း ပုစွန်ခြောက်လုပ်နေသည့် ရေလုပ်သားများထံမှ သိရသည်။